Print

ဟစ်စတီးရီးယား ဝေဒနာ

  27-Feb-2017
Preview Image

ဟစ်စတီးရီးယား ဝေဒနာ
ရုပ်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှု မရှိဘဲ အကြောသေခြင်း၊ မျက်စိကွယ်ခြင်း၊ တဆတ်ဆတ် တုန်လှုပ်ခြင်း၊ မေ့လျော့ခြင်းတို့သည် နျူရိုးဆစ်ဝေဒနာများ ဖြစ်ကြရာ ယင်းတို့ကို ဟစ်စတီးရီးယား ဝေဒနာသည်ဟု ခေါ်ဝေါ်သတ်မှတ်ထားသည်။ ဤဝေဒနာများသည် မသိစိတ်၏ လှုံ့ဆော်မှုကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်၏။ လိုဘမပြည့်ဝမှုကြောင့် ဖြစ်ပေါ်လာသည့် စိတ်ပဋိပက္ခများကို ဖြေရှင်းရာမှလည်း ဖြစ်ပေါ်လာတတ်သည်။ စိတ်ပဋိပက္ခမှ ရုပ်ဝေဒနာသို့ လွှဲပြောင်းလာသည့်အတွက် စိတ်ချောက်ချား ပြောင်းလဲမှုဟုလည်း ခေါ်ဝေါ်ကြသည်။ 

ဟစ်စတီးရီးယား ရောဂါလက္ခဏာများသည် အလွန်ပင် များပြားလှပါသည်။ 
ကိုယ်ကြောင်းရင်းခံ မရှိဘဲလျက် ရောဂါလက္ခဏာ ပေါ်ပေါက်လာနိုင်သည်။ မျက်လုံးသူငယ်အိမ်၊ မျက်စိအာရုံကြော၊ ဦးနှောက် အစရှိသည်တို့တွင် ချွတ်ယွင်းမှုမရှိဘဲ မျက်စိကွယ်သူ ဖြစ်နေနိုင်သည်။ အာရုံကြောများ ခြေထောက်ကြွက်သားများ ကောင်းမွန်လျက် အောက်
ပိုင်းသေနေသူ ဖြစ်နိုင်သည်။ လက်တစ်ဖက် လှုပ်မရသူ ဖြစ်နိုင်သည်။ 

ဟစ်စတီးရီးယား ဝေဒနာကို အောက်ပါ လက္ခဏာရပ်များဖြင့် ကိုယ်ကြောင်းရင်းခံ
ဝေဒနာမှ ခွဲခြားနိုင်ပေမည်။ ဟစ်စတီးရီးယား ကိုယ်လက်အင်္ဂါ သေနေသူ၏ ရောဂါလက္ခဏာများသည် အိပ်ပျော်နေစဉ် ပျောက်ကွယ်နေလေ့ရှိသည်။ ရောဂါ ဖြစ်စေသည့် ဒေသ ပတ်ဝန်းကျင်မှ ထွက်ခွာလာခဲ့လျှင်လည်း ထိုရောဂါ ပျောက်ကင်းသွားနိုင်သည်။ ကြွက်သားချွတ်ယွင်းမှုကြောင့် သော်လည်းကောင်း၊ အာရုံကြောသွေးကြော ချွတ်ယွင်းမှုကြောင့် ဖြစ်ပေါ်လာသော ကိုယ်လက်သေမှုတွင် ထိုသို့ မတွေ့ရပေ။ နိုးနေစဉ်တွင်လည်းကောင်း၊ အိပ်ပျော်နေစဉ်တွင်လည်းကောင်း၊ ထိုရောဂါမှာ ရှိမြဲရှိလျက်ပင်ဖြစ်သည်။ မည်သည့် အရပ်ဒေသတွင် နေသည်ဖြစ်စေ ရောဂါမှာ ပျောက်သွားမည်မဟုတ်ပေ။

ကိုယ်ကြောင်းရင်းခံ ကိုယ်လက်အင်္ဂါသေမှုတွင် ရောဂါလက္ခဏာမှာ အမြဲတည်
ရှိနေသော်လည်း ဟစ်စတီးရီးယားတွင်မူ ဖြစ်လိုက်၊ ပျောက်လိုက် ရှိတတ်သည်။ တစ်ခါတစ်ရံ ကြာရှည်စွာ ဝေဒနာဖြစ်ပေါ်နေတတ်သည်။ ဟစ်စတီးရီးယား ဝေဒနာသည် လူနာအား အန္တရာယ် မပေးတတ်ပေ။ ကိုယ်ကြောင်းရင်းခံ ကိုယ်တစ်ခြမ်းသေသူများတွင် အာရုံခံစားမှု မရှိသဖြင့် လက်များ၊ ခြေထောက်များ ထိခိုက်မိခြင်း၊ မီးလောင်ခြင်းဖြစ်တတ်သော်လည်း
ဟစ်စတီးရီးယား ကိုယ်တစ်ခြမ်းသေသူတွင် ထိုကဲ့သို့ ထိခိုက်မှုများ မတွေ့ရပေ။ ကိုယ်ကြောင်းရင်းခံ ဝက်ရူးပြန်သူများမှာ ထိုသို့မဟုတ်ပေ။ ဒဏ်ရာ မရနိုင်သည့် နေရာ၊ အိပ်ရာစသည့် နေရာတို့တွင်သာ လဲကျတတ်သည်။ မြေကြီးပေါ်၊ ကျောက်ခဲပေါ် စသည့် ဒဏ်ရာရစေမည့် မာကျောသည့် ပစ္စည်းပေါ်သို့ လဲကျမည် မဟုတ်ပေ။

ဟစ်စတီးရီးယား၏ အဓိက လက္ခဏာအဖြစ် စိတ်ချောက်ချားပြောင်းလဲမှုကို တွေ့ရ
သည်။ စစ်မြေပြင်သို့ မသွားချင်သဖြင့် မျက်စိကွယ်ခြင်း၊ အိမ်မှ မခွဲခွာလိုသဖြင့် အောက်ပိုင်းသေခြင်း၊ အိမ်ထောင်မပြုလိုသဖြင့် ပန်းသေခြင်းတို့သည် စိတ်ချောက်ချား ပြောင်းလဲမှုများ ဖြစ်ကြ၏။ ဤကဲ့သို့ ပြောင်းလဲလာခြင်းဖြင့် စိတ်ဒုက္ခရောက်ဖွယ် အခြေအနေမှ ထိုသူအား ရောဂါက အကာအကွယ်ပေးပေသည်။ ထိုသူအနေနှင့် ဟန်ဆောင်နေခြင်း၊ လိမ်ညာနေခြင်းကား မဟုတ်ပေ။ မသိစိတ်၏ လုပ်ဆောင်မှုကြောင့် ရုပ်ပိုင်းဆိုင်ရာ ရောဂါလက္ခဏာများ ပေါ်ပေါက်လာခြင်းဖြစ်၏။ 

ဟစ်စတီးရီးယား ဝေဒနာမှာ အမျိုးစုံလှသည်။ အာရုံထိတွေ့မှု မသိခြင်း၊ 
အကြောသေခြင်း၊ ကိုယ်ခန္ဓာအပိုင်းပိုင်း သေခြင်း၊ မျက်စိကွယ်ခြင်း၊ အကြောသေခြင်း၊ ကိုယ်ခန္ဓာ အပိုင်းပိုင်းသေခြင်း၊ မျက်စိကွယ်ခြင်း၊ စကား မပြောနိုင်ခြင်း၊ သတိမေ့သွားခြင်း၊ ဝက်ရူးပြန်ခြင်း၊မေ့မြောခြင်း၊ အသက်ရှူ မရခြင်း အန်ခြင်း၊ ကြို့ထိုးခြင်း၊ ချေခြင်း၊ လည်ချောင်းတွင် တစ်ဆို့ဆို့နေခြင်း စသည်တို့ ဖြစ်ကြပေသည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ခင်မောင်သန်း (စိတ်ပညာ)
စိတ်ဖောက်ပြန်မှုနှင့် စံလွဲအပြုအမူများ စာအုပ်မှကောက်နုတ်ထားပါသည်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18