Print

စိတ်ကျရောဂါ အကြောင်း

  27-Feb-2017
Preview Image

စိတ်ကျရောဂါ အကြောင်း
စိတ်ကျရောဂါဟာ သာမန် စိတ်ကျမှုထက် ပိုပါတယ်။ စိုးရိမ်ရတဲ့ ရောဂါ ဘယ ဖြစ်ပါတယ်။ ကျွန်တော်တို့ အားလုံးဟာ ဝမ်းနည်းကြေကွဲမှု၊ စိတ်ထိခိုက်မှု ဒါမှမဟုတ် စိတ်အားငယ်နေမှုတွေကို အချိန်နဲ့အမျှ ခံစားတတ်ကြတာပါပဲ။ တချို့လူတွေကျတော့ အဲဒီခံစားမှုတွေဟာ ပြင်းပြင်းထန်ထန် ဖြစ်လာတယ်။ ဖြစ်တဲ့အချိန်ဟာ ရှည်ကြာလာတယ်။ 

အကြောင်းရင်းခံ မရှိဘဲ မကြာခဏ ခံစားလာရတယ်။ အဲဒီလို စိတ်ကျရောဂါ ဖြစ်နေသူတွေဟာ နေ့စဉ် နေထိုင်မှုဘဝ အတွင်းက လုပ်ငန်းဆောင်တာတွေကို ပုံမှန်လုပ်နိုင်စွမ်း မရှိတော့ပါဘူး။ တစ်ချိန်တုန်းက ပျော်မွေ့ခဲ့တဲ့ လှုပ်ရှားမှုတွေမှာတောင် ပါဝင်လှုပ်ရှားချင်စိတ် မရှိကြတော့ပါဘူး။ စိတ်ကျရောဂါဟာ အတွေ့ရ အများဆုံး စိတ်ကျန်းမာရေးပြဿ နာတွေထဲက ပြဿနာတစ်ခု ဖြစ်ပါတယ်။ 

လူတိုင်းလူတိုင်းမှာ ကံမကောင်းတဲ့နေ့ ဆိုတာ ရှိတတ်ပါတယ်။ အခုလည်း ရှိနေ မှာဖြစ်ပြီး နောင်လည်း ရှိနေအုံးမှာပါ။ ကျွန်တော်တို့ကို စိတ်ပျက်လက်ပျက် ဖြစ်အောင်၊ စိတ်ညစ်ညူးအောင် ဒါမှမဟုတ် ခေါင်းရှုပ်အောင် မလုပ်တဲ့ဘဝ အဖြစ်အပျက်မျိုးဆိုတာ မရသလောက်ပါ။ ပြဿနာက အဲဒီလို ခံစားမှုတွေဟာ အမြစ်တွယ်နေပြီး ရေရှည်ဖြစ် တည်လာရာကနေ စိတ်ကျရောဂါအဖြစ် တိုးတက်ပြောင်းလဲသွားတာ ဖြစ်ပါတယ်။ ဒါ့အပြင် စိတ်ကျရောဂါဟာ အခါအားလျော်စွာ ဖြစ်တတ်ပါသေးတယ်။ အရာအားလုံး သာသာ ယာယာ ဖြစ်နေတဲ့ အချိန်မှာတောင် ဘယ်ကနေ ပေါက်ချလာမှန်း မသိဘဲ စိတ်ကျရောဂါ ဖြစ်လာတာမျိုးလည်း ရှိတတ်ပါတယ်။

စိတ်ကျရောဂါ ဖြစ်နေသူ တစ်ဦးကို မိမိအနေနဲ့ ဘယ်လိုအကူအညီ ပေးနိုင်သလဲ။
စိတ်ကျရောဂါ ဖြစ်နေသူတွေကို အကူအညီ ပေးဖို့ဆိုတာ သိပ်တော့ မလွယ်လှပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေမှာ စိတ်ဝင်စားမှု အာရုံမရှိကြဘူး။ စွမ်းအားတွေ ပျောက်ဆုံးနေကြတယ်။ တက်ကြွမှုလည်း အားနည်းနေကြတယ်။ သူတို့ကို အကူအညီပေးရတာ စိတ်ကသိကအောက်ဖြစ်စရာ ကောင်းတဲ့အပြင် ဘယ်အချက်ကစလို့ ဘာလုပ်ပေးရမှန်း မသိဘဲ ဖြစ်နေတတ်လို့ပါပဲ။ 

တချို့ဆိုရင် စကားတောင် သိပ်မပြောကြတော့ဘူး။ ဒါကြောင့် သူတို့နဲ့ အပြန်အလှန် စကားပြောဖို့တောင် အခက်အခဲ တွေ့ရတတ်ပါတယ်။ စိတ်ကျရောဂါ စွဲကပ်နေသူတစ်ဦးကို အကူအညီ ပေးနိုင်ဖို့ရာ အရေးကြီးတဲ့ အကြံပြုချက်များမှာ -

• ဝေဒနာရှင်ကို ချဉ်းကပ်ဖို့ အကောင်းဆုံး နည်းလမ်းကို စဉ်းစားပါ။ သူ ဒါမှမဟုတ် သူမရဲ့ ပင်ကိုယ်အရည်အသွေးနှင့် ပင်ကိုစိတ်ရင်းအကြောင်း မိမိက နားလည်အောင် ကြိုးစားပါ။

• သူ ဒါမှမဟုတ် သူမရဲ့ အမူအကျင့်တွေ ပြောင်းလဲနေတာကို မိမိအနေနဲ့ သတိပြုမိတဲ့ အကြောင်း၊ ဆင်ဆင်ခြင်ခြင်နှင့် သတိပြုမိတဲ့အကြောင်း မိမိအနေနဲ့ လေးလေးနက်နက် ပတ်သက်မှု ရှိနေတာကို ပေါ်လွင်အောင်ရည်ညွှန်းပါ။

• စိတ်ဓာတ်ကျဆင်းမှုရောဂါ အကြောင်း ပွင့်ပွင့်လင်းလင်းပြောပြီး ဝေဒနာရှင်ကို ဆရာဝန် တစ်ယောက်နဲ့ သွားပြဖို့ အကြံပေးပါ။ စိတ်ကျန်းမာရေး ပါရဂူတစ်ဦးဦးကို ညွှန်ပေးပါ။

• ဆရာဝန်နဲ့ တွေ့ဆုံရာမှာ လိုအပ်ရင် မိမိက သင့်လျော်တဲ့ အကူအညီ ပေးရပါမယ်။ သူ ဒါမှမဟုတ် သူမနဲ့အတူ အဖော်လိုက်သွားပေးတာမျိုး လုပ်သင့်ရင် လုပ်ရပါလိမ့်မည်။ ဆရာဝန်နဲ့ တွေ့ပြီးတဲ့အခါမှာလည်း လိုအပ်တာတွေ ဆက်လက် အကူအညီပေးရပါလိမ့်မယ်။

• ဝေဒနာရှင်က မိမိရဲ့စကားကို နားမထောင်ဘူးဆိုရင် စဉ်းစားဖို့ လိုအပ်လာပါပြီ။ ဝေဒနာရှင်က ဘယ်သူ့ကိုဆိုရင် စိတ်ချလက်ချ ယုံယုံကြည်ကြည် ဖြစ်နိုင်သလဲ။ အဲဒီလူကို အကူအညီတောင်းပြီး ဝေဒနာရှင်က လိုလိုလားလားနဲ့ ဆေးအကုခံအောင် လုပ်ရပါလိမ့်မယ်။

• စိတ်ကျရောဂါနဲ့ ပတ်သက်တဲ့ သတင်း အချက်အလက်တွေကို ဝေဒနာရှင် သဘောပေါက်အောင် ဖန်တီးအသိပေးရပါမယ်။ ဒီစာအုပ်ကို ဖတ်ခိုင်းလို့လည်း ရပါတယ်။ ရောဂါသက်သာလာတဲ့ ဝေဒနာရှင်ဟာ စိတ်ကျရောဂါအကြောင်း နှံ့နှ့ံစပ်စပ် လေ့လာချင်လာပြီး အင်္ဂလိပ်စာလည်း တတ်၊ အင်တာနက်လည်း အသုံးပြုတတ်တယ်ဆိုရင် www.beyondble.org.auဝက်ဘ်ဆိုက်မှာ သွားလေ့လာဖို့ ညွှန်းပေးလိုက်ပါ။

• ဝေဒနာရှင်ရဲ့ တစ်ယောက်တည်း နေတတ်တဲ့အကျင့်ကို လျော့ပါးစေဖို့အတွက် နည်းလမ်းတွေ ရှာဖို့ ကြိုးစားပါ။

- မိမိအနေနဲ့ ဝေဒနာရှင်က လက်ခံတယ်၊ ကြိုဆိုတယ်ဆိုရင် မကြာခဏ လူချင်းတွေ့နိုင်အောင် ကြိုးစားပါ။ 

- ဝေဒနာရှင်ရဲ့ တခြား ရင်းနှီးတဲ့ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေကိုလည်း အဲဒီလိုလုပ်ပေးဖို့ တိုက်တွန်းပါ။

• ဝေဒနာရှင်ကို ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းတွေလုပ်ဖို့၊ အစားအစာကောင်းကောင်း စားဖို့၊ လူမှုရေး လှုပ်ရှားမှုတွေမှာ ပါဝင်ပတ်သက်ဖို့ တိုက်တွန်းပါ။ ဝေဒနာရှင်ကို အကူအညီ ပေးရာ မရောက်တဲ့ အချက်အလက်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

- “စိတ်ဓာတ်ကို ချက်ချင်းပြန်တင်လိုက်” ၊ “အတူတူ လုပ်ကြရအောင်”၊ “ပျော်ပျော်နေစမ်းပါ”၊ အစရှိတဲ့ စကားလုံးတွေနဲ့ စိတ်ကျရောဂါ ဝေဒနာရှင်တွေကို ဖိအားပေးခြင်း။

- ဝေဒနာရှင်တွေနဲ့ ဝေးဝေးနေခြင်း ဒါမှမဟုတ် ရှောင်ဖယ်နေခြင်း။

- အလုပ်များများ လုပ်နေဖို့ လိုတယ်၊ အပြင်ကို များများထွက်လည်ပေးဖို့ လိုတယ်လို့ ဝေဒနာရှင်တွေကို အကြံပေးခြင်း။

- ပါတီပွဲတွေ များများတက်ဖို့ လိုတယ်၊ မူးယစ်ဆေးတို့ အရက်တို့ကို စွဲလမ်းမနေဘဲ ချက်ချင်းဖြတ်ဖို့ လိုတယ်လို့ ဝေဒနာရှင်တွေကို ဖိအားပေးခြင်း။

- ပြဿနာကို တာဝန်ယူခြင်းအားဖြင့် ပြေလည်သွားလိမ့်မယ်လို့ အကြံပေးခြင်း

ဝေဒနာရှင်ဟာ ကိုယ့်ကိုယ်ကိုယ် အန္တရာယ်ပြုလာတာ ဒါမဟုတ် ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြိုးစားလာတာမျိုး လုပ်လာရင် စိုးရိမ်ရတဲ့ အနေအထား ဖြစ်ပါတယ်။ ဆုံးဖြတ်ချက်ရှိရှိနဲ့ နည်းလမ်းရှာပြီး စိတ်ကျန်းမာရေးဆေးရုံကို ပို့ဖို့ လိုပါတယ်။ ဒါမှမဟုတ်ရင် သင့်လျော်တဲ့ ဆရာဝန် တစ်ဦးဖြစ်စေ ကျန်းမာရေး ပါရဂူတစ်ဦးဖြစ်စေ ရှာဖွေအကူ အညီတောင်းပြီး ဝေဒနာရှင်ကို ပြသရပါမယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
အောင်အေး (ရန်ကုန်တက္ကသိုလ်)
သင်နှင့်သင့်မိသားစု စိတ်ကျန်းမာရေး ကိုယ်တိုင်စောင့်ရှောက်ပါ စာအုပ်မှကောက်နုတ်ထားပါသည်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18