Print

အသက်ကြီးသူများတွင်ဖြစ်တတ်သော မှတ်ဉာဏ်ချို့ယွင်းခြင်း

  27-Feb-2017
Preview Image

အသက်ကြီးသူများတွင်ဖြစ်တတ်သော မှတ်ဉာဏ်ချို့ယွင်းခြင်း
၁။ Dementia ဆိုတဲ့ရောဂါကြောင်းကိုရှင်းပြပေးပါ။

ဒီရောဂါဖြစ်နေပြီဆိုရင် အထူးသဖြင့် မှတ်ဉာဏ်ပိုင်းမှာမှ New Acquired Information တွေ ဖြစ်တဲ့လတ်တလော အဖြစ်အပျက်တွေ၊ အပြုအမှုတွေ၊ အကြောင်း အရာတွေကို ဦးနှောက်က မှတ်တမ်းတင် ထိန်းသိမ်းနိုင်စွမ်း ကျဆင်းသွားတာဖြစ်ပါတယ်။ 

အခုလေးတင် ကိုယ်ပြောလိုက်တဲ့ စကားတစ်ခွန်းကို မမှတ်မိတော့ဘဲ ထပ်တလဲလဲ ပြန်ပြန်ပြောနေတာ ထမင်းစားပြီးပေမယ့် မစားရသေးဘူးပဲ မမှတ်မိတော့ဘဲ ထပ်တလဲလဲ ပြန်မေးနေတာ ဒါမျိုးတွေကစပြီး သိသာလာပါတယ်။ ငယ်ငယ်ကအကြောင်း အရာတွေကိုတော့ မှတ်မိနေလေ့ရှိပါတယ်။ ဒါပေမဲ့ ကြာလာရင် အားလုံးကို သတိမရတော့ ပါဘူး။ ကိုယ့်ကိုယ်ကိုယ် မသိတော့တာ၊ မိသားစုဝင်တွေကို မမှတ်မိတော့တာ၊ ဒီလို မှတ်ဉာဏ်ပိုင်းလျော့ရဲ အားနည်းလာတာ၊ ဒီလိုအပြင် တစ်ကိုယ်ရည် ကျန်းမာရေး
စောင့်ရှောက်မှု သိသိသာသာ ချို့ယွင်းလာမယ်၊ ဆီးဝမ်းမထိန်းနိုင်တော့တာတွေ၊ တငိုငို တရယ်ရယ်ဖြစ်လာတာတွေ၊ ဒါတွေပါတွဲပြီး ပေးလာတတ်ပါတယ်။ ဆရာတို့လူမျိုးကတော့ ဒါမျိုးဖြစ်လာရင် သူငယ်ပြန်တယ်လို့ ခေါ်လေ့ရှိပါတယ်။

၂။ Dementia ဖြစ်ရတဲ့အကြောင်းရင်းတွေကို သိပါရစေဆရာ။

ဘာလို့ ဒီလို Dementia ဖြစ်ရလဲဆိုတဲ့ အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဦးနှောက်ထဲက သွေးကြောလေးတွေမှာ ပြဿနာ (Vascular Cause) ရှိလို့၊ ဦးနှောက် ဆဲလ်သေတွေ ပျက်စီးမှုမြန်ပြီး (Degenerative Cause) ခန္ဓာကိုယ်တစ်နေရာရာက ကင်ဆာဆဲလ်တွေ ဦးနှောက်ကို ပျံ့နှံ့ရောက်ရှိနေလို့၊ အာရုံကြောတွေကို ဖုံးအုပ်ထားတဲ့ မိုင်လင် (Myelin) လို့ခေါ်တဲ့ အပေါ်ယံအလွှာလေး ကျွတ်ထွက်သွားစေတဲ့ ရောဂါမျိုး၊ ဦးနှောက် ထိခိုက်ဒဏ်ရာ ရဖူးတာ၊ ဦးနှောက်ခွံနှင့် ဦးနှောက်အကြား ကာလရှည် ကြာစွာ သွေးခဲပိနေသော၊ အရက်အလွန်အကျွံသောက်သုံးတာ၊ ဗီတာမင်နှင့်သတ္တုဓာတ် ချို့တဲ့တာ (အထူးသဖြင့် B1, B12, Niacin)၊ HIV နဲ့ HIV နဲ့ Syphilis တို့လို ရောဂါတွေ ရှိနေတာ စသဖြင့် အကြောင်းတရားများစွာ ရှိပါတယ်။ အဲ့ဒီထဲကမှ အသက်ကြီးသူတွေမှာ အဖြစ်များတာက Vascular Cause နဲ့ Degenerative Cause တွေထဲကမှ အယ်လ်ဇိုင်းမားရောဂါ၊ (Alzheimer’s Disease) တို့ပဲဖြစ်ပါတယ်။ 

၃။ မိသားစုအတွင်းမှာ သက်ကြီးသတိမေ့ရောဂါ ခံစားနေရသူရှိရင် ဘာတွေလုပ်ပေးဖို့ လိုပါသလဲဆရာ။

မိသားစုထဲ ဒီလိုပြဿနာမျိုးဖြစ်လာရင် ဖုံးဖိမထားဘဲ လျင်မြန်စောစီးစွာ တတ်ကျွမ်းသူနဲ့ တိုင်ပင်ကုသဖို့ လိုပါတယ်။ ဒီ Dementia ရောဂါစုမှာ အချို့ဟာ ကုသရင်ပြန်ကောင်းနိုင်တဲ့ အခြေခံအကြောင်းတရားတွေ ရှိနေလို့ပါ။ Treatable Cause တွေကို မြန်မြန်ဆန်ဆန် ရှာဖွေကုသရပါမယ်။ လူနာအတော်များများကို သွေးစစ်ဆေးတာ (သိုင်းရွိုက်ဂလင်းရဲ့ လုပ်ငန်းဆောင်တာတွေ၊ ကျောက်ကပ်၊ အသည်းလုပ်ငန်းဆောင်တာတွေ၊ ဗီတာမင် B12 ၊ ကယ်လ်စီယမ် အစရှိသည်)၊ ရင်ဘတ်ဓာတ်မှန်ရိုက်တာ၊ ဦးနှောက်ကို ကွန်ပျူတာ ဓာတ်မှန် (CT) နဲ့ သံလိုက်ဓာတ်မှန်ရိုက်တာ (MRI)၊ ECG စတာတွေကို လုပ်ဆောင်ပေးလေ့ ရှိပါတယ်။

၄။ ကုမှုအပိုင်းကိုရှင်းပြပေးပါလားဆရာ။

ကုသမှုအပိုင်း အနေနဲ့တော့ Team Work Approach လို့ခေါ်တဲ့ဆိုင်ရာ ကျွမ်းကျင် ပညာရှင်တွေ၊ (မိသားစုဆရာဝန်တွေ၊ အထွေထွေအထူးကုသမားတော်၊ ဦးနှောက်နဲ့ အာရုံကြောအထူးကုသမားတော်၊ စိတ်ပညာရှင်၊ နောက် အစားအသောက်၊ အသွားအလာ၊ စကားပြောတာ၊ အဝတ်အစားဝတ်တာ စတဲ့ကိစ္စတွေကို သင့်တော်သလို စီမံပေးနိုင်မယ့် ကျွမ်းကျင်ပညာရှင်တွေ) နဲ့အတူ မိသားစုဝင်တွေကပါ ပူးပေါင်းပါဝင် ဆောင်ရွက် ရပါတယ်။ နောက် ဒီဝေဒနာရှင်ရှိတဲ့ မိသားစုတွေကို စိတ်ပိုင်းဆိုင်ရာအားပေးမှုတွေ၊ အကြံဉာဏ်ပေးနိုင်တဲ့အသင်းအဖွဲ့တွေ ဒါတွေလည်း ထားရှိဖို့လိုပါတယ်။

ဒီဝေဒနာခံစားနေရတဲ့ သူတွေဟာ လူသားတွေပဲ ဖြစ်ပါတယ်။ Dementia ဝေဒနာ ကို ခံစားနေရတဲ့ လူသားတွေပါ။ သူတို့ကို ပြုစုကုသပေးရတဲ့ မိသားစုအနေနဲ့ အလွန်ကြီးမားတဲ့ Socio-Economic Problems တွေကို ရင်ဆိုင်ရတဲ့အခါမှာ သူတို့ကို Neglect လုပ်မိတာမျိုး၊ ငြိုငြင်တာမျိုးတွေ ဖြစ်လာတတ်ပါတယ်။ တခြားမိသားစုဝင်တွေ အတွက် ကုသိုလ်နဲ့အကုသိုလ်ကို ပဝါပါးလေးနှင့်သာ ခြားထားပေးတဲ့ ရောဂါဝေဒနာ တစ်မျိုးဖြစ်ကြောင်း အသိပေးပါရစေ။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဇာခြည်လင်း (ဆေးဝါးတက္ကသိုလ်)

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18