Print

စိတ်ရောဂါလူနာနှင့်အတူနေခြင်း

  27-Feb-2017
Preview Image

စိတ်ရောဂါလူနာနှင့်အတူနေခြင်း
မိမိသွေးသားအရင်းအချာ တစ်ယောက်ယောက် စိတ်ရောဂါဖြစ်ကြောင်း သိရပြီ ဆိုပါစို့၊ လူ့သဘာဝအရ ပထမဆုံးခံစားမှုမှာ ရှက်ခြင်းပင်ဖြစ်၏။ သူ့မှဖြစ်ရလေခြင်း၊ မဖြစ်တန်ရာပါဘူး။ ဆရာဝန်များ မှားနေမလား စသည့်ငြင်းပယ်လိုသည့်စိတ် များ ပေါ်ပေါက်တတ်ပါသည်။ ထိုအခါ ဖုံးကွယ်လိုသည့် စိတ်ဆက်တိုက် ကပ်ပါလာတတ်ပါသည်။ 

တစ်ချိန်တည်းမှာပင် ဝမ်းနည်းမှု၊ စိတ်ညစ်ညူးမှုနှင့် မပျော်ရွှင်မှုများကို ခံစားနေရ ပါသည်။ ရောဂါအမျိုးအစားပေါ်လိုက်၍ ရောဂါလက္ခဏာ အနုအကြမ်းရှိသည်ဟု ဆိုနိုင်ပါ သည်။ နုနေလျှင် ယဉ်ယဉ်လေးဖြစ်နေလျှင် ဖုံးဖိထားရန်လွယ်သည်။ ကြမ်းရမ်းနေလျှင်မူ ခက်တော့၏။ ဖုံးလို့ဖိလို့ မလွယ်ပါဘူး။ သို့သော် ရိုးရာ၊ ပယောဂ၊ စုန်းပူး၊ နတ်ပူး ဆိုသည့် ဘက်သို့ ပြောင်းလွဲယူဆတတ်ကြ၏။ စိတ်ရောဂါဟု အထင်အမြင် မခံလိုကြသေးပါ။ မသိလို့ဖြစ်သည်လည်း ရှိ၏။ အနောက်တိုင်း ဆေးပညာနှင့် လက်လှမ်းမမီသောကြောင့် လည်း ဖြစ်နိုင်၏။ ဟိုဆရာ ဒီဆရာ စုံတကာစေ့အောင်ရောက်ပြီး အချိန်ကုန်ကြရ၏ ။ ငွေကုန်၏။ ကိုယ်ပင်ပန်း၍ စိတ်ဆင်းရဲမှုများစွာ ခံစားကြရ၏။ အလုပ်ပျက်၊ အကိုင်ပျက်၊ အအိပ်အစားပါ ပျက်ကြရသည်များလည်း ရှိ၏။

စိတ်ရောဂါဟု ဆရာဝန်များထံသို့ ရောက်လာချိန်တွင် မိသားစုများမှာ ခြေကုန် လက်ပန်းကျကာ နီးနေပါပြီ။ 

၁။ စိတ်ရောဂါဟု သံသယရှိလျှင် တတ်ကျွမ်းသည့်ပညာရှင်နှင့် အမြန်ဆုံး ဆက်သွယ် သင့်ပါသည်။

၂။ ရှက်ခြင်း၊ ငြင်းပယ်လိုခြင်းနှင့် စိတ်ထိခိုက်ခြင်းများ မဖြစ်စေရန် မိမိစိတ်တို သတိထားထိန်းသိမ်းသင့်ပါသည်။ ထိုစိတ်များကြောင့် လမ်းလွဲသွားတတ်ပါသည်။ လမ်းလွဲသွားလျှင် အချိန်ကုန် အကျိုးမဲ့ဖြစ်တတ်ပါသည်။ ဆရာဝန်နဲ့ ဆွေးနွေးပြီး ဆရာဝန်က စိတ်ရောဂါဟုဆိုလျှင် လက်ခံသင့်ပါသည်။

၃။ လူနာကို ဖြစ်သည့်နည်းဖြင့် ဆေးရုံ ဆေးခန်းသို့ ခေါ်ဆောင်သင့်ပါသည်။ လူနာက မည်သို့မျှခေါ်၍ မရခဲ့သော် မည်သို့လုပ်သင့်ကြောင်း တတ်ကျွမ်းသူ ဆရာဝန်ထံ အကြံဉာဏ်တောင်းသင့်ပါသည်။

၄။ ဆေးရုံတင်မှ ဖြစ်မည်ဟုဆိုသော် လူအင်အားသုံးရသည်များလည်း ရှိပါသည်။ ရိုက်နှက်ထိုးကြိတ်ခြင်း မပြုလုပ်ရပါ။ လူနာအား အနိုင်ကျင့် နှိပ်စက်ခြင်းမျိုး မဖြစ်စေသင့်ပါ။ 

၅။ တတ်ကျွမ်းသည့် ဆရာဝန်က ချိန်းဆိုသည့်အခါတိုင်း သွားရောက်တွေ့ဆုံ
ဆွေးနွေး မေးမြန်းသင့်ပါသည်။ ဆရာဝန်၏ ညွှန်ကြားချက်နှင့် အကြံပေးချက်ကို လိုက်နာရန် အရေးကြီးပါသည်။

၆။ မိမိ၏လူနာသည် နာတာရှည်ရောဂါဖြစ်နေလျှင် မိမိပါဝင်ရမည်မှာ သေချာသဖြင့် ဆရာဝန်နှင့်တိုင်ပင်ပြီး မိမိလုပ်ပေးရမည့် ကိစ္စများကို ရှင်းလင်းပြတ်သားစွာ သိရှိနားလည်ထားရပါမည်။

၇။ မိသားစု၊ ဆွေမျိုးနှင့် မိတ်သင်္ဂဟများထံမှ အကူအညီများ တောင်းခံရယူသင့်ပါသည်။ ဘာသာရေးနှင့် လူမှုရေးအသင်းအဖွဲ့များထံသို့လည်း ချဉ်းကပ်အကူအညီ တောင်းသင့် ပါသည်။ လူနာအား ရေရှည်စောင့်ရှောက်ရန်ဖြစ်ပါသည်။ 

၈။ မျှော်လင့်ချက်ထားသင့်ပါသည်။ အလွယ်တကူ စိတ်ပျက်အားလျော့သွားခြင်းမျိုး မဖြစ်သင့်ပါ။ ဘာမှလုပ်မပေးလျှင် ပိုဆိုးတတ်ပါသည်။

၉။ မိမိသွေးသားရင်းကို ပြုစုစောင့်ရှောက်နေရခြင်းသည် မင်္ဂလာတရားတော်နှင့် အညီ ပြုလုပ်နေခြင်းဖြစ်သဖြင့် ဝမ်းမြောက်ဂုဏ်ယူသင့်ပါသည်။

၁၀။ မိမိ၏ စေတနာ၊ မေတ္တာကြောင့် မိမိလူနာ သက်သာပျောက်ကင်းနိုင်သည်ဟု ယုံကြည်ထားသင့်ပါသည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာဟန်စိန်
နှလုံးစိတ်ဝမ်းငြိမ်းချမ်းစေဖို့ စာအုပ်မှကောက်နှုတ်ထားပါသည်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18