Print

မလုံခြုံစိတ်ခံစားမှု

  27-Feb-2017
Preview Image

မလုံခြုံစိတ်ခံစားမှု
မိမိအား လိုလားသူမရှိ၊ ချစ်ခင်သူမရှိ၊ ဂရုစိုက် အရေးပေးမည့်သူ မရှိဟု ခံစားနေရခြင်းသည် မလုံခြုံစိတ်ထား ရှိနေခြင်းပင်ဖြစ်၏။ လောကကြီးတစ်ခုလုံးတွင် တစ်ကောင်ကြွက် တစ်မျက်နှာသာ ဖြစ်နေသည်ဟု စိတ်အတွင်းတွင် ခံစားရမှုလည်း ရှိတတ်သည်။ မိမိအိမ်၊ မိမိအသိုက်အဝန်း အကြားတွင် နေရသော်လည်း သူစိမ်းတရံ စာ ဖြစ်နေသည်ဟု ခံစားရမှုသည်လည်း မလုံခြုံသည့် စိတ်ထားပင်ဖြစ်၏။ ကမ္ဘာကြီး တစ်ခုလုံးသည်။ အန္တရာယ်တို့ဖြင့် အတိပြီး၍ တစ်ချိန်ချိန်တွင် သူသည် ဘေး ဒုက္ခ ရောက်တော့မည်ဟုလည်း ထိုစိတ်ထားရှိသူတို့က ထင်တတ်သည်။ မလုံခြုံသည့် စိတ်ထားရှိနေသူ၏ လက္ခဏာရပ်တို့မှာ အောက်ပါအတိုင်းဖြစ်ကြ၏။

 

၁။ စိတ်ပူပန်ခြင်း

မလိုလားအပ်သည့် ဖြစ်ရပ်တစ်ခု ပေါ်ပေါက်လာမည်ကို တားဆီးမှု ပြုနိုင်စွမ်းရှိမရှိ မသေချာသည့် စိတ်သဘောထားရှိနေခြင်း

၂။ စိတ်လေးတတ်ခြင်း

ဘေးအန္တရာယ်ကို ကြိုတင်မျှော်မှန်းပြီး ကျရောက်မည်ကိုစိတ်တွင် ထင်နေတတ်ခြင်း။

၃။ သင်္ကာမကင်းဖြစ်ခြင်း

သူ့ကိုယ်သူလည်းကောင်း၊ အခြားသူများကိုလည်းကောင်း မယုံကြည်တတ်သဖြင့် မိတ်ဆွေရရန် အခက်အခဲဖြစ်နေခြင်း။

၄။ စိတ်အလွန်တင်းကျပ်ခြင်း

ဂနာမငြိမ် ဖြစ်နေတတ်ခြင်း။

၅။ နာကျည်းလွယ်ခြင်း

သာမန် အဖြစ်အပျက်များကိုပင် ဒေါသတကြီး တုံ့ပြန်ခြင်း၊ ရှောင်ရှားခြင်း။

စိတ်မလုံခြုံသူ၏ သွင်ပြင်လက္ခဏာတို့မှာ ဂနာမငြိမ်ဖြစ်ခြင်း၊ စိတ်လေးတတ်ခြင်း၊ နာကျည်းလွယ်ခြင်းဖြစ်သည်။ သူတို့သည် အန္တရာယ်မကင်းသည့် အခြေအနေအား
ရှောင်ရှားခြင်းဖြင့် မိမိကိုယ်မိမိ ကာကွယ်တတ်လေ့ ရှိသည်။ တစ်ခါတစ်ရံ အခြားသူ တို့အား ရန်လိုမှု အကြမ်းဖက်လိုမှုတို့လည်း တုံ့ပြန်တတ်သည်။ 

စိတ်မလုံခြုံမှုကို ပြင်းထန်စွာ ခံစားနေရပါက ထိုသူတို့တွင် အပြုအမူအမျိုးမျိုး ဖြစ်ပေါ် လာတတ်သည်။ ရန်လိုမှု ဆိုးသွမ်းမှုမှ ရာဇဝတ်မှုသို့လည်းကောင်း၊ စိတ်လေးတတ်မှုမှ စိုးရိမ်မှုသို့ လည်းကောင်း၊ အကြောက်လွန်ခြင်းသို့လည်းကောင်း၊ စိတ်စွဲခြင်း၊ မလုပ် မနေနိုင်ဖြစ်ခြင်းသို့လည်းကောင်း ရောက်သွားတတ်ပါသည်။ 

ဤအပြုအမူတို့မှာ နျူးရိုးတစ် အပြုအမူတို့ ဖြစ်ကြသည်။ စိတ်တင်းကျပ်မှုမှ ကိုယ်စိတ်ဆက်စပ် ဝေဒနာများဖြစ်သည့် နာကျင်ကိုက်ခဲခြင်းလည်း ဖြစ်တတ်သည်။ တစ်ခါတစ်ရံ ယုံမှားလွန်ခြင်း မရှိသည့်အရာများကို မြင်ရခြင်း၊ ကြားရခြင်း၊ တွေ့ရခြင်း ဟူသည့် လှုံ့ဆော်မဲ့အာရုံသိခြင်း များလည်း ပေါ်ပေါက်လာနိုင်သည်။ ထိုမှတစ်ဆင့် စိတ္တဇရောဂါအဖြစ်သို့ ရောက်ရှိသွားနိုင်သည်။ နျူးရိုးဆစ်ဖြစ်လောက်အောင် (သို့) ကိုယ်စိတ်ဆက်စပ် ဝေဒနာရလောက်အောင် မပြင်းထန်ပါက သာမန် စိတ်မလုံခြုံမှု ခံစားနေရသူဟု ခေါ်ဆိုနိုင်ပါသည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ခင်မောင်သန်း (စိတ်ပညာ)
စိတ်ဖောက်ပြန်မှုနှင့် စံလွဲအပြုအမူများ စာအုပ်မှကောက်နှုတ်ထားပါသည်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18