Print

စိတ်မချမ်းမြေ့ဖွယ်ဖြစ်ရပ်အလွန် စိတ်ဖိစီးမှုဆိုင်ရာ ရောဂါလက္ခဏာများ

  27-Feb-2017
Preview Image

စိတ်မချမ်းမြေ့ဖွယ်ဖြစ်ရပ်အလွန် စိတ်ဖိစီးမှုဆိုင်ရာ ရောဂါလက္ခဏာများ
စိတ်မချမ်းမြေ့ဖွယ်ဖြစ်ရပ်တွေဟာ ကြောက်ရွံ့မှု၊ အကူအညီကင်းမဲ့မှု ဒါမှမဟုတ် ထိတ်လန့်မှုတို့လို ပြင်းထန်တဲ့ တုံ့ပြန်မှုတွေကနေ ပေါ်ထွက်လာလေ့ ရှိပါတယ်။ သဘာဝဘေးအန္တရာယ်တွေ ကြုံတွေ့ရခြင်း၊ လက်နက်နဲ့ အခြိမ်းခြောက်ခံရခြင်း၊ ကိုယ်ကာယအားဖြင့် အစော်ကားခံရခြင်း၊ သေလုမြောပါး မတော်တဆဖြစ်မှု တစ်ခုခုမှာ ပါဝင်ပတ်သက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အစော်ကားခံရခြင်း၊ ကလေးဘဝ အစော်ကား အဖျက်စီးခံရခြင်း အစရှိသည့်ဖြစ်ရပ်တွေ အပါအဝင်ဖြစ်ပါတယ်။ စစ်ပွဲတွေ၊ အဖမ်းခံ ရတာတွေ၊ အနှိပ်စက်ခံရတာတွေလည်း ပါဝင်ပါတယ်။ 

အဲဒီလိုအမျိုးအစားဖြစ်ရပ်တွေကို သူများတကာတွေ ကြုံတွေ့လိုက်ရတာကို မျက်စိနှင့်မြင်လိုက်ရတာ၊ ဒါမှမဟုတ် ကိုယ်ချစ်တဲ့သူတွေက ပြန်ပြောပြလို့ သိခဲ့ရတာနဲ့တင် တချို့လူတွေအတွက် စိတ်မချမ်းမြေ့ဖွယ်ဖြစ်ရပ်အဖြစ် စိတ်စွဲသွားကြပါတယ်။ ကံမကောင်း အကြောင်းမလှစွာပဲ စိတ်မချမ်းမြေ့ဖွယ်ဖြစ်ရပ်ဆိုတာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဖြစ်ရပ် အမျိုးအစားဖြစ်ပါတယ်။ လူအတော်တော်များများ ကြုံဖူးကြ၊ ကြားဖူးကြ၊ မြင်ဖူးကြပါတယ်။

စိတ်မချမ်းမြေ့ဖွယ်ဖြစ်ရပ်ကို အများအားဖြင့် တုံ့ပြန်တတ်တဲ့ တုံ့ပြန်မှုတွေ
စိတ်မချမ်းမြေ့ဖွယ်ဖြစ်ရပ်ကို ကြုံဖူးကြသူတွေဟာ မတူညီတဲ့ စိတ်ခံစားမှုဆိုင်ရာ တုံ့ပြန်မှုမျိုးတွေ တုံ့ပြန်ကြပါတယ်။ သာမန် စိတ်မချမ်းမြေ့တဲ့ စိတ်ခံစားမှုအပျော့စား ပုံသဏ္ဍန်တွေအပါအဝင် ပုံသဏ္ဍာန်အမျိုးမျိုးနှင့် တုံ့ပြန်ကြပါတယ်။

 

ဖြစ်ရပ်ရဲ့ စိတ်မကောင်းစရာတွေကို မှတ်မိနေခြင်း
ကိုယ်က မမှတ်မိချင်ပေမယ့် ဖြစ်ရပ်ထဲက စိတ်မကောင်းစရာတွေကို မှတ်မိနေတတ် ပါတယ်။ ဖြစ်ရပ်ရဲ့ ပုံရိပ်တွေကို မှတ်မိနေတတ်ပါတယ်။ ဒါမှမဟုတ်အသံတွေ၊ အနံ့တွေကို မှတ်မိနေတတ်ပါတယ်။ လူအများစုကတော့ အချိန်ကြာလာရင် မေ့သွားကြပါတယ်။

 

ရုပ်ပိုင်းဆိုင်ရာလက္ခဏာတွေ
လူတစ်ယောက်ဟာ စိုးရိမ်သောကဖြစ်လာရင် သူ/သူမရဲ့ ခန္ဓာကိုယ်က ' တိုက်မလား၊ ပြေးမလား’ တုံ့ပြန်မှုကို လုပ်ပေးပါတယ်။ အဲဒီတုံ့ပြန်မှုမှာ အသက်ရှူမြန်ခြင်း ၊ ချွေးထွက်ခြင်း၊ တုန်လှုပ်ခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊ ကြွက်သားတွေ တောင့်တင်းလာခြင်း၊ ပျို့ချင်အန်ချင်ဖြစ်ခြင်း အစရှိတဲ့လက္ခဏာတွေ ပါဝင်ပါတယ်။

 

ရှောင်ကြဉ်ခြင်း
မိမိရဲ့ စိတ်မချမ်းမြေ့ဖွယ်ဖြစ်ရပ်ကို သတိရစေတဲ့လူတွေ၊ အခြေအနေတွေ၊ လှုပ်ရှားမှုတွေကို ရှောင်ကြဉ်လာပါတယ်။

 

စိတ်ဓာတ်ကျခြင်းနဲ့ ဝမ်းနည်းပူဆွေးခြင်း
စိတ်မချမ်းမြေ့ဖွယ် ဖြစ်ရပ်တစ်ခုကို ကြုံတွေ့ရခဲ့ပြီးနောက် စိတ်ဓာတ်ကျခြင်းနှင့် ဝမ်းနည်းပူဆွေးခြင်း ဖြစ်ကျန်ရစ်တတ်ပါတယ်။ အဲဒီဖြစ်ရပ်ကို ပြန်ပြောင်းပြောပြတဲ့အခါတိုင်း ဝမ်းနည်းပူဆွေးမှု ပြန်ဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်တာ သဘာဝကျပါတယ်။ ဝမ်းနည်ပူဆွေးမှုဖြစ်ခြင်းဟာ သဘာဝအရ ကုသပေးခြင်းလည်းဖြစ်ပါတယ်။ မိမိရဲ့တွေ့ကြုံခဲ့ရမှုတွေကို ထိန်းညှိပေးတဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။

 

အပြစ်ရှိတယ်လို့ ခံစားရခြင်း
စိတ်မချမ်းမြေ့ဖွယ်ဖြစ်ရပ်တစ်ခုကို ကြုံတွေ့ခဲ့ရပြီးနောက် တချို့လူတွေက အပြစ်ရှိတယ်လို့ ခံစားရတတ်ပါတယ်။ မိမိက အသက်ရှင်ကျန်ခဲ့ပြီး တခြားလူတွေ က သေဆုံးခဲ့ရတဲ့အခါ မိမိက သူတို့ကို မကယ်တင်နိုင်ခဲ့ခြင်းကို အပြစ်ရှိတယ်လို့ ခံစားသွားတာဖြစ်ပါတယ်။

 

ဒေါသဖြစ်ခြင်း
တချို့လူတွေကျတော့ စိတ်မချမ်းမြေ့ဖွယ် ဖြစ်ရပ်ကို ကြုံတွေ့ခဲ့ပြီးနောက် ဒေါသဖြစ် ကျန်ရစ်ပါတယ်။ အဲဒီဖြစ်ရပ်ရဲ့ တရားမမျှတမှုကို ဒေါသဖြစ်တာလည်း ရှိသလို တခြား လူတွေရဲ့ ပေါ့ဆမှုကြောင့် ဖြစ်ရတာမို့ ဒေါသဖြစ်တာလဲ ရှိပါတယ်။ မိမိကိုယ်တိုင် အဲဒီဖြစ်ရပ်ထဲ ကျရောက်သွားရခြင်းအပေါ် မကျေမနပ်ဖြစ်ပြီး ကိုယ့်ကိုယ် ကိုယ် ဒေါသဖြစ်နေတာမျိုးလဲ ရှိပါတယ်။

 

အိပ်မပျော်ခြင်း
စိတ်မချမ်းမြေ့ဖွယ်ဖြစ်ရပ်တစ်ခုကို ကြုံတွေ့ခဲ့ရပြီးနောက် ကောင်းကောင်းမအိပ် ရတာဖြစ်တတ်ပါတယ်။ အိပ်မက်ဆိုးတွေ မက်ပြီး လန့်နိုးလို့ အိပ်မပျော်တာမျိုးလည်း ရှိပါတယ်။ အဲဒီလိုဖြစ်တာမျိုးကတော့ စိတ်ဖိစီးမှုရေချိန်ကို မြင့်မားစေပါတယ်။ စိတ်ဖိစီး မှုုဖြစ်တဲ့အခါ ခန္ဓာကိုယ်ကနေ ‘ အဒရီနယ်လင်း’ အရည်တွေ ထုတ်လွှတ်ပေးလို့ အဲဒီဓာတ်က လူကိုလန်းဆန်းစေပြီး ပိုပြီးအိပ်မရဖြစ်တတ်ပါတယ်။ 

 

စိတ်အာရုံ မစုစည်းနိုင်ခြင်း၊ မှတ်ဉာဏ်အားနည်းဖြင်း
စိတ်မချမ်းမြေ့ဖွယ်ဖြစ်ရပ်တစ်ခုကို ကြုံတွေ့ခဲ့ရပြီးနောက် စိတ်တွေထွေပြားနေ တတ်ပါတယ်။ အာရုံစူးစိုက်မှု အားနည်းသွားတတ်ပါတယ်။ အဲဒီဖြစ်ရပ်ကိုပဲ ပြန်ပြန် သတိရနေတော့ စိတ်အာရုံထဲမှာ တခြားအရာတွေကို နေရာသိပ်မပေးနိုင်တော့တဲ့အတွက် အာရုံမစိုက်နိုင်တော့တာတွေ၊ မှတ်ဉာဏ်အားနည်းသွားတာတွေ ဖြစ်လာတာပါ။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
အောင်အေး (ရန်ကုန်တက္ကသိုလ်)
သင်နှင့်သင့်မိသားစု စိတ်ကျန်းမာရေး ကိုယ်တိုင်စောင့်ရှောက်ပါ စာအုပ်မှကောက်နှုတ်ထားပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18