Print

မှတ်ဉာဏ်ချို့ယွင်းခြင်းသည် အစ

  25-Feb-2017
Preview Image

(Dimentia) ရောဂါသည် ခံစားရသူ၏ စိတ်ပိုင်းဆိုင်ရာ လုပ်ငန်းများကို တဖြည်းဖြည်း ပျက်ယွင်းသွား စေသော ရောဂါဖြစ်ပါသည်။ အစောဆုံးသိရသည့် ရောဂါလက္ခဏာမှာ မှတ်ဉာဏ်ချို့ယွင်းခြင်းပင်ဖြစ်သည်။ ထို့နောက် အသိဉာဏ်နှင့်ပတ်သက်သော ချို့ယွင်းချက်လက္ခဏာများကို တွေ့လာရပါသည်။ ပတ်ဝန်းကျင်နှင့် မိမိအကြောင်းကို သိခြင်း၊ စဉ်းစားတွေးခေါ်ခြင်း၊ နားလည်ခြင်း၊ ပြောဆိုခြင်း၊ အာရုံစိုက်နိုင်ခြင်း စသည့် စိတ်စွမ်းအင်များ တစ်စထက်တစ်စ ဆုတ်ယုတ်လာပါတော့သည်။ 

 

ဦးနှောက်၏ ထိခိုက်မှု အစိတ်အပိုင်းအလိုက် ရောဂါလက္ခဏာ ကွဲပြားခြားနားမှုလည်း ရှိတတ်ပါသည်။ အရာဝတ္ထုများကို မခေါ်ဝေါ်တတ်ခြင်း၊ ပြောလိုသည့် အကြောင်းအရာကို မပြောတတ်ခြင်းနှင့် ရင်းနှီးခင်မင်သူများကို မသိတော့ခြင်းသည် ဆိုးရွားသော လက္ခဏာဖြစ်ပါသည်။ ထို့အပြင် ကလေးတစ်ယောက်ကဲ့သို့ ပြုမူနေထိုင်ခြင်းတို့ကြောင့် သူငယ်ပြန်ရောဂါဟု အရပ်သုံးစကားတွင်နေခြင်း ဖြစ်သည်ဟု ယူဆရပါသည်။ အရှက်အကြောက် ကင်းမဲ့နေခြင်း၊ အကြောင်းမဲ့ ရန်လိုဒေါသထွက်နေခြင်းနှင့် သစ်ငုတ်ကြီးကဲ့သို့ ခံစားမှုကင်းမဲ့နေခြင်း စသည့်လက္ခဏာများကိုလည်း ကြုံကြရပါသည်။ 

 

ထို့ထက်ဆိုးသည်ကား လုံးဝစကားမပြောခြင်း၊ အစာမစားတတ်တော့ခြင်းနှင့် အပေါ့အပါးမှအစ မိမိတစ်ကိုယ်ရေသန့်ရှင်းရေး ကိစ္စများကို လုံးဝမလုပ်တတ်တော့ခြင်း စသည့်လက္ခဏာများသည် ပြုစုရသူများအတွက် လေးလံသော ဝန်ထုပ်ဝန်ပိုးကြီးကို ချီထမ်းထားရသည့်နှယ် ဖြစ်ပါသည်။ ခဏတဖြုတ်ဆိုလျှင် မထောင်းသာလှသော်လည်း လချီ နှစ်ချီ ပြုစုနေရတတ်သဖြင့် စိတ်ရောကိုယ်ပါ ပင်ပန်းရပါသည်။

 

ဤရောဂါသည် ကု၍မရသော ရောဂါတော့ မဟုတ်ပါ။ ဗီတာမင်ချို့တဲ့ခြင်း၊ ဟော်မုန်းနည်းခြင်း၊ ဆစ်ဖလစ်ရောဂါရှိခြင်း၊ ခွဲစိတ်နိုင်သော အဖုအကျိတ်ဖြစ်ခြင်းနှင့် လေဖြန်းခြင်းစသည့် အကြောင်းများကို အချိန်မီ ကုသပေးနိုင်ခဲ့လျှင် ပိုဆိုးမလာတော့ဘဲ သက်သာ ကောင်းမွန်နိုင်ပါသည်။ အခြားအကြောင်း များကြောင့် ဖြစ်ခဲ့လျှင်မူ နာတာရှည်တတ်ပါသည်။ တဖြည်းဖြည်း ပိုဆိုးလာတတ်ပါသည်။ 

 

ဤရောဂါဖြစ်ခြင်းအကြောင်းအချို့မှာ ကာကွယ်ကုသနိုင်သော အခြေအနေရှိကြောင်း တင်ပြခဲ့ပြီး ဖြစ်ပါသည်။ မဖြစ်ခင်က ကြိုတင်ကာကွယ်နိုင်လျှင် ကာကွယ်ရပါမည်။ ဖြစ်နေသည်ဟု သံသယရှိလျှင် အမြန်ဆုံး ရောဂါရှာဖွေကုသရပါမည်။ ဆီးချိုနှင့် နှလုံးရောဂါရှိနေလျှင် စောစောက ထိန်းသိမ်း ကုသထားနိုင်ပါသည်။ အသက် (၇၀) နှင့် (၈၀) ဝန်းကျင်မှာ ဖြစ်ခဲ့လျှင် အရွယ်ကစကားပြောလာပါသည်။ အရွယ်ကြောင့် ဦးနှောက်အရံအား (Cerebral Reserve) နည်းနေပြီ ဖြစ်သဖြင့် သေချာပေါက်ကောင်းမွန်မည်ဟု မပြောနိုင်တော့ပါ။ နာတာရှည်ဖြစ်ဖို့များသည်ဟု ယူဆရပါမည်။ 

 

Healthcare.com.mm

Ref:
ဒေါက်တာဟန်စိန်
(စိတ်ကျန်းမာရေးဆရာဝန်ကြီး)
စိတ်သန့်ရှင်းရေးနှင့် စိတ်ကျန်းမာရေးစာအုပ်မှ ကောက်နှုတ်ထားပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18