Print

အဝလွန်ကြောက် စိတ်ရောဂါ Bulimia Nervosa

  25-Feb-2017
Preview Image

Bulimia Nervosa ဆိုတာ စိတ်ပိုင်းဆိုင်ရာ ဝေဒနာတမျိုးဖြစ်ပါတယ်... ဒီဝေဒနာ ခံစားနေရသူတွေဟာ သူတို့ရဲ့ ကိုယ်ခန္ဓာကို အရမ်းအလေးပေး ဂရုစိုက်တတ်ကြပြီး ကိုယ့်ကိုယ်ကို ဝနေတယ်လို့ ထင်မှတ်ကာ သူတို့ရဲ့ စိတ်ကူးအိပ်မက်ထဲက ပုံစံမျိုးရရှိဖို့ အစားအသောက်၊ အနေအထိုင်ပုံစံတွေကို လွန်လွန်ကဲကဲ ထိန်းချုပ်တတ်ပါတယ်... ဒါပေမယ့် ဒီလိုအစားအသောက်ကို ထိန်းချုပ်ရင်း တခါတရံမှာ စိတ်လွတ်ကိုယ်လွတ် ပြန်လည် စားသောက်တတ်တဲ့ အလေ့အကျင့် (Binge eating) ရှိပြန်ပါတယ်... ဒါဟာ Anorexia Narvosa ခေါ် အလားတူဝေဒနာရှင်တွေနဲ့ ကွာခြားတဲ့ အချက်ဖြစ်ပါတယ်... 

 

ဒီလို အလွန်အကဲ စိတ်လွတ်ပြီး စားသောက်အပြီးမှာတော့ "ငါ အများကြီး စားမိပြီ... ဝတော့ မှာပဲ..." ဆိုတဲ့ အတွေးမျိုးဝင်လာကာ နောင်တတွေရ၊ အပြစ်လုပ်မိသလို ခံစား၊ ဝလာမှာ စိုးရိမ် စသဖြင့် စိတ်ခံစားမှုများစွာ ဝင်လာပြီး သူပြုလုပ်ခဲ့တဲ့ အမှားလို့ ယူဆတဲ့အရာကို ပြုပြင်ဖို့ ကြိုးစားကြပါတော့တယ်... စားပြီးတဲ့ အစာတွေကို အန်ထုတ်ဖို့ ပါးစပ်ထဲကို လက်ထိုးမယ်၊ လေ့ကျင့်ခန်းတွေကို ပြင်းပြင်းထန်ထန် ပြုလုပ်မယ်၊ ဝမ်းနှုတ်ဆေးတွေ စားမယ် စသဖြင့် စိတ်ကူးရရာ ပြုလုပ်တတ်ပါတယ်... ဒီအဆင့်ကိုတော့ Purge လို့ခေါ်ပါတယ်... 

 

ကုသမှုသာ မပြုလုပ်ခဲ့ရင် ဝေဒနာရှင်တွေဟာ Binge နဲ့ Purge သံသရာလည်နေတတ်ပြီး ကာလရှည်ကြာလာတာနဲ့အမျှ နောက်ဆက်တွဲ ပြဿနာတွေ ဝင်လာတတ်ကြပါတယ်... မကြာခဏ အန်တဲ့အတွက် အစာအိမ်ထဲက အက်စစ်ဓါတ်တွေနဲ့ ထိတွေ့ရမှုကြောင့် သွားပိုးစားခြင်း၊ သွားဖုံးရောဂါရခြင်း၊ သွားကြွေလွှာများ ပျက်စီးခြင်း စတဲ့ဆိုးကျိုးတွေ ခံစားရတတ်ပါတယ်... ဒီထက်ဆိုးတာကတော့ အရိုးပွလာခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း၊ နှလုံးရောဂါဖြစ်ခြင်း စတဲ့ ရောဂါကြီးတွေပါ ဖြစ်ပေါ်လာတတ်ပြီး အသက်ဆုံးရှုံးနိုင်တဲ့အထိ ဒုက္ခပေးနိုင်တာပါပဲ...

 

အခြား အစားအသောက်ဆိုင်ရာ စိတ်ဝေဒနာတွေလိုပဲ ဒီရောဂါဟာ အလွန်ရှုပ်ထွေးတဲ့ ပြဿနာတွေနဲ့ပါ... ယူဆချက်တွေအရတော့ မိသားစု၊ အသိုင်းအဝိုင်းနဲ့ မိမိရဲ့ ကိုယ်ပိုင် အတွေးအမြင် တွေကြောင့် ဒီဝေဒနာ ဖြစ်ပွားရတယ်လို့ ဆိုကြပါတယ်... အောက်ဖော်ပြပါ အချက်တွေ သင့်မှာ ရှိနေရင် သင်ဟာ Bulimia ဝေဒနာကို ခံစားနေရတဲ့့ သူတစ်ယောက် ဖြစ်နိုင်ပါတယ်...

 

- မိသားစုထဲတွင် အဝလွန်ရောဂါ (သို့) အစားအသောက်ဆိုင်ရာ စိတ်ရောဂါ တစ်ခုခု ခံစားနေရသူများ ရှိခြင်း


- ကိုယ်ခန္ဓာ ပုံရိပ်အပေါ် မှီခိုရသော အလုပ်အကိုင် (သို့) အားကစားနည်းကို ပြုလုပ်နေရသူများ (ဥပမာ- မော်ဒယ်လ်၊ ကိုယ်ကာယ နည်းပြ၊ Ballet ကချေသည်)


- မိမိ၏ ရုပ်ပိုင်းဆိုင်ရာ ကိုယ်ခန္ဓာကို တွေ့မြင်နေကျ ရုပ်သံ မီဒီယာထဲမှ သူများကဲ့သို့ ပိန်ပိန်သွယ်သွယ် ဖြစ်သင့်သည်ဟု အတွေးဝင်ကာ ကိုယ့်ကိုယ်ကို အားမရသူများ


- ကိုယ်ခန္ဓာ ပုံစံကို ထိန်းသိမ်းရန် (သို့) ဝိတ်ကျစေရန် မကြာခဏ အစားအသောက်ထိန်းခြင်း၊ လေ့ကျင့်ခန်း ပြင်းထန်စွာ ပြုလုပ်ခြင်း တို့ကို ပြုလုပ်တတ်သူများ


- အကြောင်းအရာ၊ အလုပ်အကိုင် တခုခုကို ကောင်းပါတယ်... တော်လောက်ပါပြီဟု မကျေနပ်တတ်ဘဲ အရာရာ ပြည့်စုံသည်ထက် ပြည့်စုံအောင် ကြိုးစားတတ်သူ (Perfectionist)များ ၊ စိုးရိမ်စိတ် လွန်ကဲတတ်သူများ 


- ဘဝတွင် ကြီးကြီးမားမား စိတ်ဖိစီးမှုဒဏ် ခံစားရဖူးသူများ (ဥပမာ- မြို့ရွာပြောင်းရွှေ့ခြင်း၊ ကျောင်းပြောင်းခြင်း၊ ကွာရှင်းပြတ်စဲခြင်း၊ ချစ်သူရည်းစားနှင့် ပြတ်ခြင်း )

 

Bulimia ဝေဒနာ အဖြစ်အများဆုံးကတော့ ဆယ်ကျော်သက်အရွယ်တွေနဲ့ အမျိုးသမီးတွေဖြစ်ပါတယ်... ဆယ်ကျော်သက်အရွယ်မှာ စဖြစ်တတ်ပေမယ့် လူလတ်ပိုင်းအရွယ်လောက်ထိ ဝေဒနာ ဆက်ဖြစ်တတ်တဲ့ နာတာရှည် ဝေဒနာ တစ်ခုဖြစ်ပါတယ်... ဒါကြောင့် Bulimia ဝေဒနာရဲ့ လက္ခဏာတွေဖြစ်တဲ့ ပုံမှန်ထက် ပိုစားတတ်တဲ့ အလေ့အကျင့်ရှိခြင်း၊ စားပြီးရင် အန်ဖို့ ကြိုးစားတတ်ခြင်း၊ လေ့ကျင့်ခန်း အလွန်ပြင်းထန်စွာ ပြုလုပ်တတ်ခြင်း၊ ဝမ်းနှုတ်ဆေး၊ ဆီးဆေး စသည့် ကိုယ်အလေးချိန်ကျစေတတ်သော ဆေးများကို အသုံးပြုတတ်ခြင်း စတာတွေ ရှိနေခဲ့သူတွေဟာ ကုသမှုကို ခံယူဖို့ လိုအပ်ပါတယ်...

 

အထက်မှာ ဖော်ပြခဲ့သလိုပဲ Bulimia တွေဟာ Anorexia ဝေဒနာရှင်တွေနဲ့ စားသောက်ပုံ အလေ့အကျင့် ကွာခြားပါတယ်... ဒါကြောင့် Anorexia တွေက အစားအသောက် အလွန်နည်းတဲ့အတွက် ပိန်ချုံးနေတတ်ပြီး Bulimia တွေက ကိုယ်ခန္ဓာ ပုံမှန်ပဲ ဖြစ်နေတတ်ပါတယ်... ကိုယ်ခန္ဓာကလည်း ပုံမှန်၊ သူတို့ရဲ့ Binge နဲ့ Purge ဖြစ်တာတွေကိုလည်း လူမသိအောင် ပြုလုပ်နေထိုင်တတ်တာကြောင့် Bulimia ဝေဒနာရှင်တွေကို ရောဂါရှိမှန်း သိနိုင်ဖို့ မလွယ်ကူလှပါဘူး... သင့် ပတ်ဝန်းကျင်မှာ Bulimia ဝေဒနာ ခံစားနေရတဲ့သူ ဖြစ်နိုင်တယ်လို့ သံသယရှိခဲ့ရင် စောင့်ကြည့်နိုင်တဲ့ လက္ခဏာတွေကတော့-


- အစာ စားပြီးချိန်တွင် သန့်စင်ခန်းသို့ တန်းသွားတတ်ခြင်း
- လူအများကြားတွင် အစားမစားတတ်ခြင်း၊ အစားအစာ များကို ဖုံးကွယ် သိမ်းဆည်းထားတတ်ခြင်း
- လေ့ကျင့်ခန်း ပြင်းထန်စွာ ပြုလုပ်ခြင်း (သို့) အချိန်ကြာမြင့်စွာ ပြုလုပ်ခြင်း (နေမကောင်း ဖြစ်နေလျှင်ပင် လေ့ကျင့်ခန်း မလုပ်ဘဲ မနေခြင်း )
- Diet, Weight နှင့် ကိုယ်ခန္ဓာ လှပခြင်း ဆိုင်ရာများကို မကြာခဏ ပြောတတ်ခြင်း
- ဝမ်းနှုတ်ဆေး၊ ဆီးဆေး အစရှိသည်များကို သောက်သုံးတတ်ခြင်း
- လက်ဖမိုးတွင် သွားရာ ပုံစံ အမာရွတ်ရှိခြင်း၊ ပါးများ မေးရိုးများ ယောင်ယမ်းနေခြင်း (မကြာခဏ လက်ထိုးအန်ခြင်းကြောင့်) စတာတွေ ဖြစ်ပါတယ်...

 

Bulimia ဝေဒနာရှင်တွေကို ဆေးဝါးနဲ့ ကုသမှုပေးနိုင်ပါတယ်... နှစ်သိမ့်ဆွေးနွေးပေးခြင်းကလည်း ဒီဝေဒနာကို သက်သာစေနိုင်ပါတယ်... စောစောစီးစီး ရောဂါသိပြီး စောစောကုသလေ ရောဂါပျောက်ကင်းဖို့ လွယ်လေပါပဲ... 
ဒီဝေဒနာဟာ အခြား စိတ်ရောဂါတွေနဲ့လည်း တွဲပြီးတွေ့ရတတ်ပါတယ်... ဒီလိုအခါမျိုးမှာတော့ ကုသမှုက ပိုမိုရှုပ်ထွေးတတ်ပါတယ်... ဒါကြောင့် ရောဂါ ရှိတယ်လို့ သံသယရှိခဲ့ရင် မိမိဘာသာ ဖြေရှင်းဖို့ မကြိုးစားပါနဲ့... စိတ်ရောဂါ အထူးကု ဆရာဝန်တွေနဲ့ ပြသပြီး အကြံဉာဏ်ရယူကာ ကုသသင့်ပါတယ်... 

 

ခြုံငုံပြောရရင်တော့ Eating Disorder တစ်ခုဖြစ်တဲ့ Bulimia ဝေဒနာဟာ အသက်သေဆုံးစေနိုင်သည် အထိ ပြဿနာကြီးပေမယ့် ရောဂါကိုသိပြီး ကုသလိုက်ရင် သက်သာပျောက်ကင်းနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ ဝေဒနာ တစ်ခု ဖြစ်ပါတယ်... ဒါကြောင့် သင်ကိုယ်တိုင်ဖြစ်စေ၊ သင့် ပတ်ဝန်းကျင်က သင် အလေးထားရတဲ့ သူတစ်ဦးတစ်ယောက်မှာ ဒီလို ဝေဒနာခံစားနေခဲ့ရရင်ဖြစ်စေ စိတ်ဓါတ်မကျဖို့၊ ဆရာဝန်နဲ့ ပြသဖို့၊ မိမိရဲ့ ခံစားချက်တွေကို သိုဝှက်မထားဘဲ စိတ်သက်သာရာရအောင် ပြောပေးနိုင်တဲ့ သူတွေကို ဖွင့်ဟတိုင်ပင်ဖို့ အားပေးတိုက်တွန်းသင့်ပါတယ်...

 

ကြယ်မင်းတာယာ (22.12.15)
Healthcare.com.mm



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18