Print

စေတနာလား…ဆန္ဒလား

  25-Feb-2017
Preview Image

ကလေးတွေကို ပညာသင်ပေးတာ ကလေးအတွက်လား၊ မိဘအတွက်လား ဆိုတာ အရင်သိဖို့ပါ။ မိဘရဲ့ ငါ့သား၊ ငါ့သမီးက “ဘယ်လိုတော်” “အခုဘာကျောင်းတက်” “ဘာရာထူးကြီးနဲ့” ဆိုပြီး လူပုံအလယ်ကြွားချင်တဲ့ မိဘတွေရဲ့ဆန္ဒကို ကလေးကလိုက်ပြီး အကောင်အထည်ဖော်ရတဲ့ဘဝ မရောက်ပါစေနဲ့။ 

 

ပညာရေးကို အလေးထားအားပေးတဲ့ မိဘတွေ အတွက်အရေးကြီးဆုံးအချက်က ကိုယ့်သားသမီးကို ပညာသင်ပေးတာ “စေတနာ” လား၊ “ဆန္ဒ” လားဆိုတာ အရင်ခွဲခြားသိရှိနိုင်ဖို့ပါ။ စေတနာက သားသမီးတွေရဲ့ ဘဝတစ်လျှောက်လုံး အောင်မြင်ဖို့အတွက်ပါ။ ဆန္ဒက မိဘအတွက် ကိုယ့်ဆန္ဒအောင်မြင်ဖို့ သားသမီးကို အကောင်အထည်ဖော်ခိုင်းတာပါ။ သားသမီးအတွက်စေတနာဆိုရင် မိဘဆန္ဒ ဦးမဆောင်နဲ့၊ ဆန္ဒလွန်ကဲရင် သားသမီးကို “ပျိုးထောင်တာ” မမည်ပဲ “စေခိုင်းတာ” ဖြစ်သွားတတ်ပါတယ်။

 

အဲဒါနဲ့ အတူ ဖိအားပေးတတ်တယ်၊ လွန်ကဲတဲ့မိဘရဲ့ ဆန္ဒကြောင့် သားသမီးစိတ်ညစ်ညူးတယ်၊ ထိုင်းမှိုုင်းပြီး ဒါဏ်ပိစေတယ်၊ ပြီးတော့ ကလေးတွေမှာ မဖြစ်မှာ၊ မအောင်မြင်မှာဆိုတဲ့ကြောက်စိတ်ဝင်စေတယ်၊ သိမ်ငယ်စိတ်ပွားတယ်။ အထက်မှာပြောခဲ့တဲ့ ကျွန်တော့်မိတ်ဆွေရဲ့ ကလေးကို ညနေ(၃း၃၀) နာရီကျောင်းဆင်းမှ ည(၈းဝ၀) နာရီထိ ကျူရှင်ပို့ (၉၉)မှတ်ရတာကို (၁၀၀)မရကောင်းလား ဆိုတာတွေဟာ မိဘဆန္ဒပါ ဖိအားပေးမှု၊ စေခိုင်းမှုတွေပါ။ 

 

တကယ်ပဲမိဘရဲ့စေတနာဆိုရင် ကလေး သူ့အရွယ်နဲ့ညီမျှတဲ့ ဝန်ကိုပဲ ထမ်းစေရမှာ ဦးနှောက် ဖွဲ့ဖြိုးပျော်ရွင်ချိန်ပေးရမှာ တစ်သက်လုံး ထူးချွန်ဖို့ဖြည့်ဆည်းပေးရမှာ၊ အားပေးရမှာပါ။ အသက်ရှင်နေသမျှလေ့လာ သင်ကြားနေမှု ဘဝအောင်မြင်မည့်ပညာခေတ်ကြီးမှာ ကိုယ့်သားသမီးဟာ လေ့လာဆည်းပူးမှုကိုကြောက်ပြီး သင်ယူလိုစိတ်ကုန်ခမ်းသွားအောင် မိဘရဲ့ ဆန္ဒရဲ့ ဖိလိုက်တာမျိုးမဖြစ်စေသင့်ပါ။

 

စေတနာဆိုရင် သားသမီးကို ဖြည့်ဆည်းတယ်၊ အားပေးတယ်၊ လမ်းပြတယ်၊ ကလေးကို ပျော်ရွှင်ကြည်နှုး စေတယ်။ သင်ကြားသင်ယူမှုကို မြတ်နိုးခုံမင်စရာ ဖြစ်စေတယ်။ သားသမီးကို ဘယ်တော့မှမခိုင်းပါ။ မိမိကိုယ်ကို အရင်ခိုင်း ပါတယ်။ ဖြည့်တဲ့အရာကတော့ ကလေးရဲ့ သဘောသဘာဝနဲ့ “ကလေးနဲ့ ဆိုင်တဲ့ ပညာရေး သဘောတရားတွေ” ပါ။ အဲဒီ ဗဟုသုတတွေ မိဘမှာရှိမှ ကိုယ့်သားသမီးရဲ့ဘဝ အောင်မြင်ဖို့ နည်းမှန်မှန်နဲ့ လမ်းပြနိုင်မှာဖြစ်လို့ပါ။ ကလေးရဲ့ အားနည်းချက်တွေ တွေ့တိုင်း ဖိအားပေးခိုင်းစေမယ့်အစား အားပေးတယ်၊ လုပ်ဆောင်တတ်ရန် မိဘက နည်းလမ်းရှာပြီးလမ်းပြတယ်၊ အတူတကွ ပူးပေါင်းဆောင်ရွက်တယ်၊ ရိုးသားမှုကို ဂုဏ်ယူတတ်အောင်လည်း လေ့ကျင့်ပေး သင်ပေးတယ်၊ ကလေးရဲ့ဝန် နှင့်အားနဲ့ မျှတအောင်လည်းထမ်းစေတယ်။

 

ချုပ်ရလျှင်တော့ မိဘတွေ သားသမီးအပေါ်မှာ ထားတဲ့စေတနာကို အကောင်းဆုံး အကောင်အထည်ဖော်လိုရင် ကလေးစိတ်ပညာ နှင့် ကလေးပညာရေး အသိပညာကြွယ်ဝအောင် မိမိ ကိုယ်ကို အရင်ခိုင်းပါလို့ ဆိုချင်ပါတယ်။ ပြီးတော့မှ သားသမီးတွေကို ဖြည့်ဆည်းပေးပါ။ ကလေးတွေ အကြောင်းနားလည် တဲ့မိဘဖြစ်အောင် အရင်ကြိုးစားစေချင်ပါသည်။

 

Healthcare.com.mm
Ref;
ဒေါက်တာ မောင်သင်း


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18