Print

မိမိကိုယ်မိမိ အန္တရာယ်ပြုခြင်း

  25-Feb-2017
Preview Image

မိမိကိုယ်မိမိ အန္တရာယ်ပြုခြင်းနှစ်မျိုးရှိပါသည်။ မိမိကိုယ်မိမိ အနာတရဖြစ်အောင်လုပ်ခြင်း (Deliberate self harm) နှင့် မိမိကိုယ်မိမိ အဆုံးစီရင်ခြင်း (Suicide) ဟူ၍ဖြစ်ပါသည်။ ယင်းနှစ်မျိုးအနက် မိမိကိုယ်မိမိ အနာတရဖြစ်အောင်လုပ်ခြင်းကြောင့် အရေးပေါ်လူနာအဖြစ် ရောက်လာတတ်သည်က ပို၍များလာသည်။ မိမိကိုယ်မိမိ အဆုံးစီရင်ခြင်းကိစ္စ အတွက်ကား အသက်ဆုံးရှုံးပြီးမှ ရောက်လာခဲ့သော် ဘာမှမ
တတ်နိုင်တော့ပါ။ အသက်မဆုံးမီ လက်မတင်ကလေး အသိစောရောက်ခဲ့လျှင်မှု အရေးပေါ်အသက်ကယ်ရပါတော့တယ်။ 

 

လက်လွန်သွားနိုင်
မိမိကိုယ်မိမိ အနာတရဖြစ်အောင် ပြုခြင်းဖြင့် ဆေးရုံရှိ အရေးပေါ်လူနခန်းသို့ အရောက်များလာသည်ဟု ဆိုခဲ့ပါသည်။ မိမိကိုယ်မိမိ အနာတရဖြစ်စေသော နည်းလမ်းများစွာရှိပါသည်။ အများတွေ့ရတတ်သော နည်းလမ်းများမှာ အလွယ်တကူ ရရှိနိုင်သောဆေးအမျိုးမျိုးကို အများအပြား သောက်သုံးခြင်း၊ ကြွက်သတ်ဆေး၊ ကြမ်းပိုးသတ်ဆေး၊ စိုက်ပျိုးရေးသုံးဆေး စသည်တို့ကို သောက်ခြင်းအားဖြင့် မိမိကိုယ်မိမိ အဆိပ်အတောက်
ဖစ်စေခြင်း (Self-poisoning) နှင့် ချွန်ထက်သော ပစ္စည်းတစ်ခုခုဖြင့် သွေးထွက်အောင် လှီးခြင်း၊ ခြစ်ခြင်း ကဲ့သို့သော မိမိကိုယ်မိမိ ဒဏ်ရာရစေခြင်း၊ (Self-injury)စသည်တို့ဖြစ်ကြပါသည်။

 

ဤသို့ပြုမူတတ်သောသူများတွင် စိတ်ဖိစီးမှု ခံစားနေရခြင်း၊ မိသားစု (သို့) ချစ်ခင်ကျွမ်းဝင်သူနှင့် ဆက်ဆံရေး အဆင်မပြေဖြစ်နေခြင်း၊ မိမိအားသူတပါးက ဂရုစိုက်စေလိုခြင်းနှင့် မကျေနပ်သဖြင့် ဆန္ဒပြလိုခြင်း စသည်အကြောင်းများ ရှိနေတတ်ပါသည်။ ထိုသူတို့သည် ခဏတဖြုတ် စိတ်သက်သာစေသည့် ထွက်ပေါက်တစ်ခုအဖြစ် သူတို့ကိုသူတို့ ဒဏ်ရာရအောင် အထိုက်အလျောက် သတိမေ့သွားအောင် လုပ်ခြင်းသာဖြစ်၏။ ဘဝကို အဆုံးသတ်ချင်သော စိတ်ဆုံးဖြတ်ချက်ဖြင့် လုပ်ကြခြင်းမဟုတ်ဟု ဆိုရပါမည်။ သို့ရာတွင် အတိုင်းအဆမရှိ လုပ်မိလျှင် လက်လွန်သွားလျှင် အသက်ဆုံးရှုံးသွားတတ်ပါတယ်။

 

နောက်တစ်ကြိမ်လုပ်တတ်
မိမိကိုယ်မိမိ အန္တရာယ်ပြုသူအချို့သည် ဤအပြုအမှုကို နောက်တစ်ကြိမ် ထပ်ပြုလုပ်တတ်ကြပါသည်.။ ပထမတစ်ကြိမ် သေကြောင်းကြံဖူးသူ၏ ၁၀ ရာခိုင်နှုန်းသည် နောက်တစ်ကြိမ် ထပ်သေကြောင်းကြံတတ်ကြောင်း သိရပါသည်။ မိမိကိုယ်မိမိ သေကြောင်းကြံပြီး သေသွားသူအနက် လေးပုံတစ်ပုံခန့်သည် ယခင်က သေကြောင်းကြံဖူးကြသည်ကို တွေ့ရပါသည်။ ထို့အတူ မိမိကိုယ်မိမိ ဒဏ်ရာအနာတရဖြစ်အောင် လုပ်ခဲ့ဖူးသူတို့သည်လည်း နောက်တစ်ကြိမ် ထိုသို့လုပ်တတ်ကြပါသည်။

 

တစ်ခါတစ်ရံ ဒဏ်ရာအနာတရဖြစ်အောင် လုပ်သည့်အဆင့်ကိုကျော်ကာ မိမိကိုယ်မိမိအဆုံးစိရင်သို့ ရောက်သွားပြီး အသက်ဆုံးရှုံးသွားကြပါသည်။ ဤအဖြစ်မျိုးရောက်နိုင်၊ မရောက်နိုင် အကဲခတ်နိုင်သည့် အကြောင်းအချက်အလက် ရှိပါသည်။ အဓိကအချက်မှာ မိမိကိုယ်မိမိ အဆုံးစိရင်လိုသော ဆန္ဒပြင်းပြမှု (High suicidal intent) ရှိမရှိ သုံးသပ်ဖော်ထုတ်ရန် ဖြစ်ပါသည်။ ဆန္ဒပြင်းပြ လွန်းသူတို့သည် ကြိုတင် စီစဉ်ထားတတ်ကြသည်။ တစ်ပါးသူမသိအောင် လျှို့ဝှက်တတ်ကြသည်။

 

အကူအညီမရသည့် အချိန်အခါ၌သာ လုပ်တတ်ကြ၏။ ကြိုးဆွဲချခြင်း၊ သေနတ်ဖြင့်သတ်ပစ်ခြင်း၊ တိုက်အမြင့်ကြီးမှ ခုန်ချခြင်း စသည့်အန္တရာယ်
အကြီးဆုံးနည်းလမ်းများကို ရွေးချယ်တတ်ကြ၏။ ဤဆန္ဒများ ပေါ်ပေါက်ရန် တွန်းအားပေးသော အကြောင်းအချက်များကိုလည်း သိထားရန်လိုအပ်ပါသည်။ အထက်တွင်ဖော်ပြသည့်အတိုင်း စိတ်ကျရောဂါ၊ အရက်နှင့်မူးယစ်ဆေးစွဲရောဂါ ခံစားနေရသည့် ကိုယ်ရည်ကိုယ်သွေး မပြည့်ဝသူတို့၌ အထီးကျန်ဖြစ်နေခြင်းဓ အလုပ်လက်မဲ့ဖြစ်နေခြင်းနှင့် လူမှုဒုက္ခများစွာကို ကြုံတွေ့နေရခြင်း စသည့်အကြောင်းအချက်များ ပေါင်းစပ်လိုက်
သောအခါ နောက်တစ်ကြိမ် မိမိကိုယ်မိမိ အန္တရာယ်ပြုရန် ဖြစ်နိုင်ခြေများသွားလေတော့သည်။

 

ကုသကာကွယ်ရေး
မိမိကိုယ်မိမိ အန္တရာယ်ပြုသောကိစ္စသည် အသက်ဆုံးရှုံးစေနိုင်သည့် ပြဿနာဖြစ်သဖြင့် အရေးပေါ်ကုသရန် လိုအပ်ပါသည်။ လူနာကို ဆေးရုံအရေးပေါ်ဌာနသို့ အမြန်ဆုံးခေါ် သွားရပါမည်။ ဆေးရုံဆေးခန်းနှင့်မနီး၊ ဆရာဝန် ဆရာမများနှင့်လည်း ဝေးနေလျှင် အရေးပေါ် ကြက်ခြေနီ ကုသပေးနည်းဖြင့် အဆိပ်များ အန်ထုတ်အောင်၊ သွေးတိတ်အောင်၊အသက်ရှူပြီး သတိပြန်ရလာအောင်လုပ်ပေးနိုင်ပါသည်။ ဆေးရုံရောက်လျှင်ကျွမ်းကျင်သည့်ဆရာဝန်များက လိုအပ်သလို ကုသပေးပါလိမ့်မည်။

 

ဆေးရုံသို့ အချိန်မှီရောက်လာသောကြောင့် အသက်ဆုံးရှုံးမည့်ဘေးမှ လွတ်ကင်းသွားသည့်လူနာရှိပါသည်။ ဖြစ်မှ ကုရသည်ထက် မဖြစ်မီ ကြိုတင်ကာကွယ်ရေးသည် ဤပြဿနာအတွက် အရေးကြီးလှပါသည်။ ကာကွယ်ရေးဆိုရာ၌လည်း အကြီးအကျယ်ငွေကုန်ကြေးကျ များလှသည်မဟုတ်ပါ။ အလွယ်တကူ မှတ်သားနိုင်သည့် ကာကွယ်ရေးနည်းလမ်းများကို အောက်တွင်ဖော်ပြလိုက်ပါသည်။

 

၁။ စိတ်ရောဂါမရှိသော လူကောင်းများ စိတ်ထိခိုက်စရာ ကြုံနေသောအခါ အနီးကပ်ဖေးမကူညီပေးသင့်ပါသည်။ ဤနေရာတွင်တစ်ယောက်တည်းနေသူများဖြစ်ပါက မိတ်ဆွေကောင်း လိုအပ်ပါသည်။ လူမှုရေးအသင်းအဖွဲ့များက ကူညီသင့်ပါသည်။

 

၂။ သေချင်စိတ်ပေါ်လာသော သူတစ်ယောက်သည် သူနှင့်ရင်းနှီးသော လူတစ်ယောက်ကို ဖွင့်ပြောတတ်ပါသည်။ သေရန် ဆုံးဖြတ်ချက်မချသေးမီ ပြောခြင်းဖြစ်ပါသည်။ ရေနစ်သူသည် ကောက်ရိုးတစ်မျှင်ကိုပင် အားကိုးရသည့်သဘောပင်ဖြစ်၏။ အပြောခံရသူက သတိထား ကာကွယ်ပေးရန် လိုအပ်ပါသည်။ ထိုအခါ ဆုံးဖြတ်ချက်မချတော့တဲ့ စိတ်ပြောင်းသွားတတ်ပါသည်။

 

၃။ စိတ်ရောဂါတစ်မျိုးမျိုး (အထူးသဖြင့် စိတ်ရောဂါ) ခံစားနေရသူကို စနစ်တကျ ဆေးဝါးကုသပေးခြင်းသည်လည်း ကာကွယ်ခြင်းဖြစ်ပါသည်။ 

 

၄။ အရက်နှင့် မူးယစ်ဆေးဝါးကို လုံးဝရှောင်ကြဉ်သင့်ပါသည်။

 

၅။ တစ်ကြိမ်သေကြောင်းကြံဖူးလျှင် အထူးဂရုစိုက် စောင့်ရှောက်လိုအပ်ပါသည်။နောက်တစ်ကြိမ်ဖြစ်နိုင်ပါသည်။

 

၆။ သူတပါးဂရုစိုက်စေလို၍ဖြစ်စေ၊ စိတ်ဖိစီးမှုမှ လွတ်မြောက်လို၍ဖြစ်စေ မိမိကိုယ်မိမိ အနာတရဖြစ်အောင် လုပ်တတ်သည့် ရာဇဝင်ရှိလျှင်လည်း “ဟန်လုပ်နေတာပဲ” ဟု သဘောမထားသင့်ပါ။ ပစ်မထားသင့်ပါ။ နောက်တစ်ကြိမ်လုပ်လျှင် အသက်အန္တရာယ်ရှိသွားနိုင်ပါသည်။

 

၇။ မိမိကိုးကွယ်ရာ ဘာသာရေးကို အချိန်ပေး လိုက်စားသင့်ပါသည်။ 

 

Healthcare.com.mm

Ref:
ဒေါက်တာဟန်စိန်
( နှလုံးစိတ်ဝမ်းငြိမ်းချမ်းစေဖို့ စာအုပ်မှကောက်နုတ်ထားပါသည်။ )


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18