Print

အရေပြားဆိုင်ရာအကြောင်း အမေးအဖြေ

  27-Feb-2017
Preview Image

၁။ အရေပြားမှိုဟာ အဖြစ်များသလား။

- အလွန်အဖြစ်များပါတယ်။ မြန်မာပြည်ရဲ့ ရာသီဥတုက စွတ်စိုတယ်၊ စိုထိုင်းဆများတယ်။ နေပူတဲ့အခါ ပြန်လည်ခြောက်သွေ့တယ်။ အပူချိန်များတယ်။ ချွေးထွက်များစေတယ်။ စိုလိုက်၊ ခြောက်လိုက်ဖြစ်တယ်။ ဒီအခြေအနေအားလုံးဟာ မှိုအားလုံးပေါက်ဖွားဖို့ အကောင်းဆုံးအချိန်နဲ့ အခြေအနေဖြစ်ပါတယ်။ စားလို့ရတဲ့မှိုရော၊ ရောဂါဖြစ်စေတဲ့မှိုပါ ဒီအခြေအနေမျိုးကို ကြိုက်ပါတယ်။

 

၂။ ဒါဆိုရင် အရေပြားမှိုစွဲကပ်တာ အရေးကြီးပါသလား။

- မှိုရောဂါအမျိုးမျိုးရှိတယ်။ ကိုယ်တွင်းအင်္ဂါတွေကို ကူးစက်တဲ့မှိုရောဂါက အလွန်ဆိုးရွားပေမယ့် အဖြစ်နည်းတယ်။ အရေပြားမှိုကတော့ အလွန်အဖြစ်များတယ်။ ပြီးတော့ တစ်ဦးကတစ်ဦးကို ကူးစက်တာလည်း အလွန်လွယ်ပါတယ်။ အိမ်မွေးတိရစ္ဆာန်တွေကတစ်ဆင့်လည်း ကူးစက်နိုင်ပါတယ်။ အလွန်အဖြစ်များတာရယ်၊ အရမ်းကူးစက်လွယ်တာရယ်ဆိုတဲ့ နှစ်ချက်ကြောင့် အရေပြားမှိုဟာ အရေးကြီးပါတယ်။

 

၃။ ခြေနဲ့လက်မှာဖြစ်တဲ့ မှိုအကြောင်း ရှင်းပြပေးပါ။

- လက်နဲ့ခြေထောက်တွေဟာ ကိုယ်ခန္ဓာမှာ အလှုပ်ရှားရဆုံး၊ အရာဝတ္ထုတွေနဲ့ ထိတွေ့မှုအများဆုံးပါ။ အရေပြားမှိုဟာ အသားချင်း တိုက်ရိုက်ထိတွေ့မှု၊ ဝတ္ထုပစ္စည်းများမှ တစ်ဆင့်ခံ ထိတွေ့မှုတွေကနေ အဓိကကူးစက်တာပါ။ ဒါကြောင့် လက်တွေ၊ ခြေထောက်တွေဟာ မှိုရောဂါအဖြစ်များတဲ့နေရာတွေ ဖြစ်ပါတယ်။ ယားယံမယ်၊ ပူစပ်ပူလောင်ဖြစ်မယ်။ ခြေလက်တွေ ကွဲအက်မယ်၊ အဖတ်တွေ ကွာမယ်၊ ဒါတွေဟာမှိုရောဂါရဲ့လက္ခဏာတွေပါ။ ခြေထောက်တွေမှာဆိုရင် ခြေချောင်းကြားနေရာတွေမှာ ဖြစ်ကြတယ်။ သဲဝဲစားတယ်လို့ အရပ်အခေါ် ခေါ်ကြတယ်။ မသန့်ရှင်းတဲ့ ဖိနပ်၊ စိုထိုင်းတဲ့ခြေအိတ်၊ ခြေလက်တွေ အမြဲစိုစွတ်နေတာတွေက သဲဝဲစားဖို့ အခွင့်ကောင်းဖြစ်ပါတယ်။ ကာကွယ်ဖို့အတွက် ဖိနပ်မပါဘဲ ခြေဗလာနဲ့ မသွားပါနှင့်။ နေ့စဉ် ခြေလက်တွေကို သန့်ရှင်းအောင် ဆေးကြောပါ။ကောင်းစွာခြောက်သွေ့အောင် သုတ်ပေးပါ။ ခြေအိတ်ဝတ်ရင် သန့်ရှင်းလျှော်ဖွပ်ပြီးသားကို ဝတ်ပါ။

 

၄။ ပေါင်ခြံမှာ ပွေးပေါက်တာကရော အရေပြားမှိုပဲလား။

- ဟုတ်ပါတယ်။ အရေပြားမှို အဖြစ်အများဆုံး နေရာတစ်ခုကပေါင်ခြံတွေပါ။ ပွေးပေါက်တယ်လို့ ခေါ်ကြတယ်။ ပေါင်ခြံမှာ ယားလည်းယား၊ နီရဲပြီး အဖတ်ကွာတဲ့အဝိုင်းကွက်တွေ တွေ့ရရင်တော့ ပွေးပေါက်နေတာ ဖြစ်ဖို့များတယ်။ယောကျ်ား၊ မိန်းမ လူတိုင်းဖြစ်ကြတယ်။ ချွေးထွက်များတာရယ်၊ ပူလှောင်စိုစွတ်နေတာရယ် ပေါင်းပြီးဖြစ်ကြတာ ၊ဒါကြောင့် ပေါင်ခြံနေရာတွေကို အမြဲသန့်ရှင်းပေးပါ။ ခြောက်အောင်ဖွဖွသုတ်ပေးပါ။ အတွင်းခံလဲပေးပါ။ ကောင်းစွာသန့်ရှင်းနေတဲ့အတွင်းခံ ဖြစ်ပါစေ။ သိပ်မခြောက်ရင် မီးပူတိုက်ပါ။ ဒါမှပေါင်ခြံမှာ ပွေးမပေါက်နိုင်မှာ ဖြစ်ပါတယ်။

 

၅။ လက်သည်းခြေသည်း မှိုအကြောင်း လေးပြောပြပါဦး။

- လက်သည်းခြေသည်းတွေမှာလည်း မှိုရောဂါဖြစ်တာ များတယ်။ လက်သည်း၊ ခြေသည်းတွေထူနေတာ၊ ကြွပ်ဆတ်တာ၊ အရောင်ပြောင်းတာ၊ အဖတ်ကွာတာ၊ လက်စွယ်ငုပ်တာ၊ အထစ်အထစ်တွေ ဖြစ်နေတာတွေ တွေ့ရတယ်။ ထုံးစံအတိုင်း ပူပြီး စွတ်စိုနေလို့ ဖြစ်တာပါ။ အဝတ်လျှော်တဲ့သူ၊ စားဖိုမှူးတွေလို တစ်ချိန်လုံး ရေကိုင်နေရသူတွေမှာ ပိုအဖြစ်များပါတယ်။ ဒါကြောင့် ခြေသည်း၊ လက်သည်းတွေကို အချိန်မှန်ညှပ်ဖို့ လိုပါတယ်။ခြေအိတ်ဝတ်တတ်ရင် လျှော်ဖွပ်သန့်ရှင်းပြီး ကောင်းစွာခြောက်သွေ့နေတာမျိုး ဝတ်ပါ။ နေ့စဉ် လဲလှယ်ပေးပါ။ လက်သည်းညှပ်ကိုလည်း ကိုယ်ပိုင်သီးသန့်ထားပါ။

 

၆။ အရေပြားမှိုရောဂါမဖြစ်စေဖို့ အရေးကြီးတဲ့ အချက်တွေကို ပြောပြပေးပါ။

- အရေပြားမှိုရောဂါမဖြစ်စေဖို့ အရေးကြီးတာတွေက တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်ခြင်းနဲ့ အဝတ်အစား မှန်မှန်လဲပေးခြင်းတွေပဲ ဖြစ်ပါတယ်။ ရှူး၊ ဝေါကင်းရှူးစတာတွေကို သန့်ရှင်းပေးပါ။ လျှော်ဖွပ်ပေးပါ။ နေလှန်းပေးပါ။ ဒါမျိုးမှန်မှန်လုပ်ပေးဖို့လိုပါတယ်။ သန့်ရှင်းပေးမှ၊ လေဝင်လေထွက် ကောင်းမှ မှိုအလွယ်တကူ မစွဲကပ်နိုင်မှာ ဖြစ်ပါတယ်။ 

 

၇။ ကျောင်းနဲ့ အလုပ်ခွင်မှ သတိပြုစရာတွေ ရှိပါသေးလား။

- လူအများစုဝေးတဲ့နေရာမျိုးမှာ မှိုစွဲကပ်လာကြပြီး အိမ်အထိ ပါလာကြတာပါ။ ဒါကြောင့် လူအများစုဝေးတဲ့ စာသင်ကျောင်း၊ အလုပ်ခွင်၊ လေ့ကျင့်ခန်းရုံတွေမှာ ဂရုစိုက်နေထိုင်ပါ။ ဖိနပ်ဗလာနဲ့ မသွားပါနဲ့။ အမြဲဖိနပ်စီးထားပါ။ စွတ်စိုနေတဲ့ ခုံတွေပေါ်မှာ မထိုင်ပါနှင့်။ ပဝါနဲ့ အခြားအသုံးအဆောင်တွေ မျှဝေမသုံးစွဲပါနှင့်။ လေ့ကျင့်ခန်းလုပ်ပြီးတိုင်း လက်တွေကို ဆေးကြောပါ။ ပစ္စည်းကိရိယာတွေကို သန့်ရှင်းအောင် သုတ်ပေးပါ။

 

- တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် ဆပ်ပြာနဲ့ ရေမှန်မှန်ချိုးဖို့ လိုပါတယ်။ ကောင်းစွာခြောက်သွေ့အောင်ထားဖို့ လိုပါတယ်။ စိုလိုက်၊ ခြောက်လိုက်ဖြစ်တာကို ရှောင်ဖို့လိုပါတယ်။ နောက်ထပ် စုဝေးတဲ့ ကျောင်းသင်တန်း၊ လေ့ကျင့်ခန်းရုံ စတာတွေအပြီး ပြန်ရောက်တဲ့အခါ အဝတ်အစား ပုံမှန်လဲပေးသင့်တယ်။ ချွေးထွက်တာဟာ မှိုအပါအဝင် ရောဂါပိုးတွေကို ကူးစက်ပေါက်ဖွားဖို့ အခြေအနေကောင်း ဖြစ်တယ်ဆိုတာကိုလည်း သိထားပေးပါ။ အဝတ်ဟောင်းတွေကို ပုံမှန်လျှော်ဖွပ်ပါ။ ကောင်းစွာခြောက်သွေ့တဲ့ အဝတ်တွေကို အမြဲလဲလှယ်ဝတ်ဆင်ပါ။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာစိုးဝင်းဦး
အရေပြားအထူးကုဆရာဝန်ကြီး

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18