Print

အနာစက်

  27-Feb-2017
Preview Image

ဘက်တီးရီးယားပိုးကြောင့် အရေပြားမှာ အရည်ကြည်ဖုများ ပေါက်လာတဲ့ရောဂါဖြစ်ပြီး အများအားဖြင့် နှုတ်ခမ်းတစ်ဝိုက်၊ နှာခေါင်းနဲ့နားရွက်တို့အနီးမှာ ဖြစ်ပွားလေ့ရှိပါတယ်။ဒီရောဂါဖြစ်ပွားစေတဲ့ ဘက်တီးရီးယားပိုးများကတော့ အရေပြားနဲ့ နှာခေါင်းတို့မှာ အမြဲနေတဲ့ စတက်ဖလိုကော့ကပ်စ် (Staphylococcus) နဲ့ စထရက်ပ်တိုကော့ကပ်စ် (Streptococcus) တို့ဖြစ်ပါတယ်။ ရောဂါပိုးဝင်စမှာ အရည်ကြည်ဖုလေးများအပြင်လိုက်
ပေါက်လာပြီး နောက်ပိုင်းအရည်ကြည်ဖုလေးများမှ အရည်များပေါက်ထွက်သွားပြီး အနာဖေးများတက်လာကာ ၀ါညိုညိုအနာဖတ်များကို အနာရွတ်အဖြစ်တွေ့ရှိရပါတယ်။ ဒီရောဂါအဖြစ်များတဲ့ အရွယ်ကတော့ ကျောင်းနေအရွယ် ကလေးများဖြစ်ပြီး အလွန်ကူးစက်လွယ်ပါတယ်။

 

ရောဂါလက္ခဏာများ
အရည်ကြည်ဖုလေးများ နှာခေါင်း၊ ပါးစပ်နဲ့ နားရွက်တစ်ဝိုက်တို့မှာ ပေါက်လာပြီးနောက်၊ အဖုမှ အရည်များ ပေါက်ထွက်သွားကာ ညိုဝါရောင် အနာဖတ်များကပ်နေတဲ့ အနာရွတ်မာမာများ ကျန်ခဲ့တာတွေ့ရှိရပါတယ်။

 

သင်အရင်ဆုံးဘာလုပ်သင့်သလဲ
ကလေးရဲ့မျက်နှာမှာ အဖုလေးများ ပေါက်လာပြီးနောက် အရည်ကြည်များစီးထွက်လာတဲ့ အချိန်မှာ ကလေးလက်နဲ့ကုတ်ခြင်း အနာကို လက်နဲ့ကိုင်ခြင်းများ မလုပ်စေအောင် သတိထားပေးရပါမယ်။ ကလေးရဲ့ မျက်နှာသုတ်ပဝါနဲ့ အိမ်သားများသုံး မျက်နှာသုတ်ပဝါကို ခွဲခြားထားပေးဖို့လည်း အရေးကြီးပါတယ်။ ဆရာဝန်က ကျောင်းကိုလွှတ်လို့ရပြီလို့ ခွင့်မပြုမချင်း ကလေးကိုကျောင်းမလွှတ်ဘဲ အိမ်မှာနေစေရပါမယ်။

 

ဆရာဝန်နဲ့ပြသဖို့လိုပါသလား
အနာစက်ဖြစ်တယ်လို့ သံသယရှိရင် ဆရာဝန်ထံ ချက်ချင်းပြသဖို့လိုပါတယ်။ 

 

ဆရာဝန်ကဘာတွေလုပ်ပေးလိမ့်မလဲ
ဆရာဝန်က ပိုးသတ်ပဋိဇီဝလိမ်းဆေးကို လိမ်းစေခြင်းဖြင့် (၅)ရက်အတွင်း ရောဂါပျောက်သွားစေမှာ ဖြစ်ပါတယ်။ ကလေးကိုယ်ထဲရောက်နေတဲ့ ဘက်တီးရီးယားပိုးကင်းစင် သွားစေရန်အတွက် ပိုးသတ်ပဋိဇီဝသောက်ဆေးကို သောက်ဖို့နဲ့ နှာခေါင်းမှတစ်ဆင့်ရောဂါမပျံ့စေရန် နှာခေါင်းထဲထည့်ဆေးတို့ကို ညွှန်ကြားပေးပါလိမ့်မယ်။ 

 

သင်ဘာလုပ်ပေးနိုင်မလဲ
• အနာကိုဆေးမထည့်ပေးမီ ရေနွေးနဲ့ မျက်နှာသစ်ပေးပြီး နူးညံ့တဲ့ မျက်နှာသုတ်စက္ကူကို အသုံးပြုကာ ရေခြောက်သွားအောင် တို့သုတ်ပေးပါ။


•တစ်ကိုယ်ရေသန့်ရှင်းရေး ကောင်းကောင်းလုပ်ဆောင်ရပါမယ်။ ဆေးမထည့်ပေးမီနဲ့ ဆေးထည့်ပေးပြီး အချိန်တိုင်းမှာ လက်ကို သေသေချာချာဆေးကြောပါ။ ကလေးကိုလည်း အနာကို လက်နဲ့မကိုင်ဖို့ သတိပေးထားပြီး စောင့်ကြည့်ပေးပါ။ ကလေးလက်သည်းကို တိုတိုညှပ်ထားပေးပါ။


• လက်မကို ပါးစပ်ထဲထည့်ပြီး စုပ်ခြင်း၊ လက်သည်းများကို ပါးစပ်နဲ့ ကိုက်ခြင်း၊ နှာခေါင်းထဲကို လက်နဲ့နှိုက်ခြင်းစတဲ့ မကောင်းတဲ့အကျင့်များကြောင့် ရောဂါပျံ့နှံ့နိုင်တဲ့အတွက် လုံးဝလုပ်ဆောင်ခွင့်မပြုပါနဲ့။


• အနာပျောက်သွားပြီးတဲ့အခါ အရေပြားကို မခြောက်သွေ့ရအောင် ကာကွယ်ပေးမယ့် ခရင်မ်တစ်မျိုးမျိုးလိမ်းပေးပါ။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး

Credit:
ဒေါက်တာမာမာဆွေ
ရင်သွေးငယ်အတွက် အိမ်တွင်းသမားတော် စာအုပ်မှကောက်နုတ်ထားပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18