Print

နှာခေါင်းတွင်း မှိုစွဲခြင်း

  27-Feb-2017
Preview Image

လက္ခဏာများ
နှာခေါင်းမှိုစွဲတဲ့ ရောဂါလက္ခဏာတွေက နှာရည်ကျတယ်၊ နှာရည်က ပုပ်တယ်။ ဆေးအပြင်းတွေ သောက်လည်း မသက်သာဘူး။ တစ်ခါတစ်လေ မှာ နှာခေါင်းထဲမှာ အလုံးတွေ အဖုတွေ ထွက်လာတယ်။ တစ်ခါတစ်လေမှာ မှိုစွဲနေမှန်း မသိဘူး၊ နှာရည်ကျတယ်၊ အပုပ်နံ့နံတယ်၊ ဆေးနည်းနည်းသောက်လိုက်တယ်၊ သက်သာသွား တယ်၊ နောက်သုံးလေး ငါးပတ်ဆိုရင် ပြန်ဖြစ်လာပြန်ရော။ ဒါပေမဲ့ ရေရှည်ဖြစ်နေတဲ့ မှိုတစ်မျိုးပါ။ တချို့ကျတော့လည်း အဲဒီလိုသိသိတာတာ ထင်ထင်ရှားရှားမရှိဘဲနဲ့ နှာချေတယ်၊ နှာရည်ကျတယ်၊ နှာခေါင်း ဓာတ်မတည့်တဲ့ ရောဂါလိုမျိုး ဖြစ်တတ်တယ်။

 

နောက် မှိုတစ်မျိုးကတော့ အတော်ဆိုးဆိုးရွားရွားပါပဲ။ ခုခံအားကျဆင်းတဲ့ရောဂါရှိသူတွေမှာ ဖြစ်တာ၊ ဘယ်လောက်အထိ ဆိုးဆိုးရွားရွားဖြစ်လဲဆိုရင် နှာခေါင်းထဲက အမြှေးပါးတွေတင်မကဘူး၊ အမွှေးတွေပါ ဖျက်ဆီးတယ်။ အရမ်းဆိုးတဲ့အတွက် မျက်နှာတစ်ခြမ်းရောင်တယ်၊ နီရဲလာတတ်တယ်၊ နှာခေါင်းထဲ ပိတ်တယ်၊ နှပ်ပုပ်တွေ ကျတယ်။ တစ်ခါတစ်လေ နှပ်နဲ့ သွေးနဲ့ရောပြီး သွေးတောင်ပါတတ်တယ်။ တချို့တွေဆို တအားဆိုးလွန်းအားကြီးလို့ မျက်နှာရဲပြီး မျက်လုံးတွေပါ ဖောင်းလာတတ်တယ်။ မျက်စိဆရာဝန် သွားပြပြီးတော့မှ နား၊ နှာခေါင်းဖြစ်တာဆိုပြီး ကျွန်တော်တို့ဆီ ပြန်ရောက်လာတတ်တယ်။

 

စမ်းသပ်ခြင်း
အဲဒီရောဂါလို့ သံသယရှိရင် အဓိကက နှာခေါင်းထဲကို မှန်ပြောင်းထည့်ကြည့်ရင် သိရပါတယ်။ သံသယရှိရင် ကွန်ပျူတာ ဓာတ်မှန်ရိုက်ကြည့်သင့်တယ်၊ အတိအကျသိချင်ရင် ခွဲထုတ်ပြီးတော့ Biopsy လုပ်ရင်လည်း သိပါတယ်။ မှန်းဆကြည့်လို့လည်း ရပါတယ်။ နှာခေါင်းထဲ မှန်ပြောင်းထည့်လိုက်တနဲ့ ဒီလိုမျိုးလက္ခဏာတွေဆိုရင် နှာခေါင်းမှိုရောဂါ ဖြစ်နိုင်ခြေများတယ်ဆိုတာ အတွေ့အကြုံများလာရင် မှန်းဆလို့ရလာပါတယ်။ ပုံမှန်အားဖြင့်တော့ သိရှိဖို့ ခက်ခဲပါတယ်။

 

မှိုရဲ့ အဓိကပြဿနာက တချို့မှိုရောဂါတွေက သိသာထင်ရှားပေမယ့် တချို့မှိုရောဂါတွေက မသိတာ မထင်ရှားဘူးဆိုတော့ လူနာကလည်း နှာခေါင်းထဲမှာ မှိုပေါက်နေမှန်းမသိတော့ ဆရာဝန် မပြဘူး။ ဆရာဝန်ကလည်း အပေါ်ယံကြည့်လိုက်ရင် မသိနိုင်တဲ့အတွက် ရောဂါမပျောက်ဘဲ ဆက်ကုနေတာလည်း ရှိတယ်။ တချို့မှိုတွေကျတော့ နှာခေါင်းထဲမှာ အလုံးတွေ ထွက်လာတယ်။ မှိုကြောင့် အလုံးတွေထွက်တာကို ကျွန်တော်တို့ နှာခေါင်းဆရာဝန်တွေ ကိုယ်တိုင်တောင်မှ ကင်ဆာနဲ့ များနိုင်ပါတယ်။ နှာခေါင်း အသားစ ယူစစ်မှ နှာခေါင်းမှိုပေါက်တာမှန်း သိရတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး

Credit : ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်) 
အာရောဂျံ - August, 2014

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18