Print

ကျွန်ုပ်တို့နှင့် အရေပြားမှို

  27-Feb-2017
Preview Image

မြန်မာပြည်ရဲ့ ရာသီဥတုဟာ စွတ်စိုတယ်၊ စိုထိုင်းဆ များတယ်၊ နေပူတဲ့ အခါ ပြန်ခြောက်သွေ့တယ်။ အပူချိန် များတယ်။ ဒီအခြေအနေတွေ အားလုံးဟာ မှိုအားလုံးပေါက်ဖွားဖို့ အကောင်းဆုံးအချိန်နှင့် အခြေအနေဖြစ်ပါတယ်။ စားလို့ရတဲ့ မှိုရော၊ ရောဂါဖြစ်စေတဲ့မှိုပါ ဒီအခြေအနေမျိုးကို ကြိုက်ပါတယ်။ မှိုရောဂါ အမျိုးမျိုးရှိတယ်။ အရေပြားမှိုရောဂါကတော့ အဖြစ်များပါတယ်။ ပြီးတော့ တစ်ဦးကနေတစ်ဦးကို ကူးစက်တာလည်း လွယ်ပါတယ်။ အဖြစ်များတာရယ်၊ ကူးစက်လွယ်တာရယ် ဆိုတဲ့ အချက်နှစ်ချက်ကြောင့် အရေပြားမှိုဟာ အရေးကြီးပါတယ်။

 

၁။ ခြေနဲ့လက်မှာ ဖြစ်တဲ့မှို

လက်တွေခြေထောက်တွေဟာ မှိုရောဂါဖြစ်လွယ်၊ အဖြစ်များတဲ့ နေရာတွေဖြစ် ပါတယ်။ ယားယံမယ်။ ပူစပ်ပူလောင်ဖြစ်မယ်။ ခြေလက်တွေ အက်မယ်။ အဖတ်တွေ ကွာမယ်။ ဒါတွေဟာ မှိုရောဂါရဲ့ လက္ခဏာတွေပါ။ ခြေထောက်တွေမှာဆိုရင် ခြေချောင်း ကြားနေရာတွေမှာပါ ဖြစ်ကြတယ်။ သဲဝဲစားတယ်လို့ အရပ်အခေါ် ခေါ်ကြတာပါ။ မသန့်ရှင်းတဲ့ ဖိနပ်၊ စိုထိုင်းတဲ့ ခြေအိတ်၊ ခြေလက်တွေ အမြဲစိုစွတ်နေတာတွေဟာ သဲဝဲစားဖို့ အခွင့်ကောင်းဖြစ်ပါတယ်။ ကာကွယ်ဖို့အတွက် ဖိနပ်မပါဘဲ ခြေဗလာနဲ့ မသွားပါနှင့်။ နေ့စဉ်ခြေလက်တွေကို သန့်ရှင်းအောင် ဆေးကြောပါ။ ကောင်းစွာခြောက်သွေ့အောင် သုတ်ပေးပါ။ ခြေအိတ်ဝတ်ရင် သန့်ရှင်းလျှော်ဖွတ် ပြီးသားကို ဝတ်ပါ။

 

၂။ ပေါင်ခြံက ပွေး

အဖြစ်များတဲ့ အရေပြားမှိုရောဂါ ရှိသေးတယ်။ ပေါင်ခြံနေရာတွေမှာပါ။ ပေါင်ခြံမှာ ယားလည်းယား၊ နီရဲပြီး အဖတ်ကွာတဲ့ အဝိုင်းကွက်တွေ တွေ့ရရင်တော့ ပွေးပေါက်နေ တာ ဖြစ်ဖို့များတယ်။ ချွေးထွက်များတာရယ်၊ ပူလှောင်စွတ်စို နေတာရယ်ပေါင်းပြီး ဖြစ်ကြ bတာပါ။ ဒါကြောင့် ပေါင်ခြံနေရာတွေကို အမြဲသန့်ရှင်းပေးပါ။ ခြောက်အောင် ဖွဖွသုတ်ပါ။ အတွင်းခံ လဲပေးပါ။ ကောင်းစွာသန့်ရှင်း ခြောက်သွေ့နေတဲ့ အတွင်းခံဖြစ်ပါစေ၊ သိပ်မခြောက်ရင် မီးပူတိုက်ပါ။ ဒါမှ ပေါင်ခြံမှာ ပွေးမပေါက်နိုင်မှာ ဖြစ်ပါတယ်။

 

၃။ လက်သည်း ခြေသည်း မှို

လက်သည်း ခြေသည်းတွေမှာလည်း မှိုရောဂါဖြစ်တာ များတယ်။ လက်သည်း ၊ ခြေသည်းတွေ ထူနေတာ၊ ကျွတ်ဆတ်တာ၊ အရောင်ပြောင်းတာ၊ အဖတ်ကွာတာ၊ လက်စွယ်ငုတ်တာ၊ အထစ်ထစ်တွေဖြစ်နေတာတွေ တွေ့ရမယ်။ လက်သည်းထက် ခြေ သည်းတွေမှာ ပိုဖြစ်များပါတယ်။ ပူပြီး စွတ်စိုနေလို့ ဖြစ်တာပါ။ အဝတ်လျှော်တဲ့သူ၊ တစ်ချိန်လုံး ရေကိုင်ရသူတွေမှာ ပိုဖြစ်များပါတယ်။ ဒါကြောင့် ခြေသည်းလက်သည်းတွေကို အချိန်မှန် ညှပ်ဖို့လိုပါတယ်။ ခြေအိတ်ဝတ်တတ်ရင် လျှော်ဖွတ်သန့်ရှင်းပြီး ကောင်း စွာ ခြောက်သွေ့နေတာမျိုး ဝတ်ပါ။ နေ့စဉ် လဲလှယ်ပေးပါ။ လက်သည်းညှပ်ကိုလည်း ကိုယ်ပိုင်သီးသန့်ထားပါ။

 

၄။ အဝတ်အစားမှန်မှန် လဲလှယ်ပါ

အရေပြားမှိုရောဂါ မဖြစ်စေဖို ့အရေးကြီးတဲ့ အချက်က အဝတ်အစားမှန်မှန် လဲလှယ်ပေး ဖို့ပါ။ လူအများစုဝေးတဲ့ ကျောင်းသင်တန်း၊ လေ့ကျင့်ခန်းရုံ စတာတွေက အပြီး ပြန်ရောက် တဲ့အခါ အဝတ်အစား ပုံမှန်လဲပေးသင့်တယ်။ ချွေးထွက်တာဟာ မှို အပါအဝင် ရောဂါ ပိုးတွေ ကူးစက်ပေါက်ပွားဖို့ အခြေအနေကောင်း ဖြစ်တယ်ဆိုတာ ကိုလည်း သိထားပေးပါ။ အဝတ်ဟောင်းတွေကို ပုံမှန်လျှော်ဖွပ်ပါ။ ကောင်းကောင်းခြောက်သွေ့တဲ့ အဝတ်တွေ ကို အမြဲလဲလှယ် ဝတ်ဆင်ပါ။

 

၅။ မှိုရောဂါအတွက် အိမ်မှာ သတိပြုစရာ

အိမ်ထဲမှာလည်း “မှို” တွေ ခိုအောင်းနေတတ်တာမို့ အကောင်းဆုံး ကာကွယ် ခုခံနည်းက “သန့်ရှင်း” ပြီး၊ ခြောက်သွေ့အောင် ထားဖို့ပါပဲ။ ဖိနပ်၊ ရှူး၊ ဝေါကင်းရှူး၊ စတာတွေကို သန့်ရှင်းပေးပါ။ လျှော်ဖွပ်ပေးပါ။ နေလှန်းပေးပါ။ ဒါမျိုး မှန်မှန်လုပ်ပေးဖို့ လိုပါတယ်။ ဖိနပ်ချွတ်ပေးမှ၊ လေဝင်လေထွက်ကောင်းမှ မှို အလွယ်တကူ မစွဲကပ်နိုင်မှာ ဖြစ်ပါတယ်။

 

၆။ ကျောင်းနှင့် အလုပ်ခွင်မှာ သတိပြုစရာ

လူများစုဝေးတဲ့ နေရာမျိုးမှာ မှိုစွဲကပ်လာကြပြီး အိမ်အထိပါလာကြတာပါ။ ဒါကြောင့် လူအများစုဝေးတဲ့ စာသင်ကျောင်း၊ အလုပ်ခွင်၊ လေ့ကျင့်ခန်းရုံတွေမှာ ဂရုစိုက် နေထိုင်ပါ။ ဖိနပ်ဗလာနဲ့ မသွားပါနှင့်။ အမြဲဖိနပ် စီးထားပါ။ စွတ်စိုနေတဲ့ ခုံတွေပေါ်မှာ မထိုင်ပါနှင့်။ ပဝါနဲ့ အခြားအသုံးအဆောင်တွေ မျှဝေ မသုံးစွဲပါနှင့်။ လေ့ကျင့်ခန်းလုပ်ပြီးတိုင်း လက်တွေကို ဆေးကြောပါ။ ပစ္စည်းကိရိယာတွေကို သန့်ရှင်းအောင် သုတ်ပေးပါ။

 

၇။ အရေပြားမှိုရောဂါ ကုသခြင်း

အရေပြားမှို မဖြစ်အောင် တစ်ကိုယ်ရေ သန့်ရှင်းရေး ဂရုစိုက်တာပါ ။ ခြောက်သွေ့အောင် ထားတာပါပဲ၊ အဝတ်လျှော်ဖွပ်ပြီးသားတွေ မှန်မှန်လဲတာပဲ။ ဒါပေမဲ့ အခန့်မသင့် ရင် ပွေးပေါက်နိုင်ပါတယ်။ အရေပြားမှိုဟာ အဖြစ်လည်းများပြီး ကူးစက် တာလည်း အလွန်လျင်မြန် လွယ်ကူပါတယ်။ သင့်မှာ ပွေးပေါက်တယ်ထင်ရင်၊ မှိုရောဂါ ဖြစ်တယ် ထင်ရင် ဆရာဝန်ကို အရင်ဆုံး ပြောပါ။ မှိုရောဂါနှင့် ဆင်တဲ့တခြား အရေပြားရောဂါတွေနဲ့ ခွဲခြားရပါမယ်။ ကုသမှုလည်း ကွဲပြားပါတယ်။ မိမိဘာသာ ယားနာပျောက်ဆေးတွေ ဝယ်မလိမ်းပါနှင့်။

 

မှိုရောဂါ ပုံသဏ္ဍာန်ပျောက်ပြီး ရောဂါမပျောက်ဘဲ ဝပ်နေတာ၊ လိမ်းဆေးကြောင့် အရေပြား ပါးလာတာ၊ ဖြူလာတာ၊ မွေးကျွတ်နာတွေ ပေါက်လာတာ စတဲ့ ဘေးထွက် ဆိုးကျိုးတွေ လည်း ဖြစ်တတ်လို့ပါ။ မှိုရောဂါ သေချာရင်တော့ ဆရာဝန်က လိမ်းဆေး ခရင်မ်၊ ပေါင်ဒါ တစ်မျိုးမျိုး ပေးတတ်ပါတယ်။ ဒီထက်ဖြစ်တာများပြီး ပိုဆိုးရင်တော့ လိမ်းဆေးအပြင် မှိုသတ် သောက်ဆေးတွေပါ တွဲပေးတတ်တယ်။ သေချာကုသရင် လုံးဝပျောက်ကင်း သွားမှာ ဖြစ်ပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာစိုးဝင်းဦး (အရေပြားအထူးကု ဆရာဝန်ကြီး)
Health for all magazine, No.113, June 2016, Pg. 37-38



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18