Print

အရေပြားအား ချောမွတ်စေခြင်း

  27-Feb-2017
Preview Image

အသက်အရွယ် ရလာတာနဲ့အမျှ ကမ္ဘာမြေကြီးရဲ့ ဆွဲအားကြောင့် တွဲကျလာတာ ၊ နေ အပူရှိန်ကြောင့် အညိုအမည်းစွဲပြီး ပျက်စီးလာတာနဲ့ နှစ်ပေါင်းများစွာ မျက်နှာမှာရှိတဲ့ ကြွက်သားတွေရဲ့ လှုပ်ရှားမှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ အရေးအကြောင်းတွေဟာ ထင်ရှားလာပါတော့တယ်။ ဒီလိုဖြစ်လာတာတွေဟာ ငယ်ရွယ်စဉ်မှာ ဂရုတစိုက် ထိန်းသိမ်းမှုမရှိရင် ပိုမိုဆိုးရွားပြီး အိုမင်းမှုဖြစ်စဉ်လည်း ပိုမြန်သလို အသားအရေ ပျက်စီးမှုလည်း များပြားလာတာကို တွေ့ရမှာဖြစ်ပါသည်။ 

 

ဒီကနေ့မှာတော့ အသားလှဆီတွေနဲ့ အသားအရေကို ဆွဲတင်းစေတဲ့ နည်းပညာမျိုးစုံက အသားအရေ ပျက်စီးမှုတွေကို ထိန်းချုပ်ဟန့်တားပေးနိုင်နေပြီ ဖြစ်ပါတယ်။ အရေပြား ထဲကို ကော်လာဂျင် ဖြည့်တင်းပေးတာမျိုး၊ ကြွက်သား လှုပ်ရှားမှုကို ရပ်တန့်စေတာမျိုးနှင့် အရောင်တင်ပေးတာမျိုးတွေ ပါဝင်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ ခွဲစိတ်ပြီး ပြုပြင်မယ် ဆိုရင်တော့ ခွဲစိတ်တဲ့အတွက် ဘေးထွက်ဆိုးကျိုးကို အနည်းနဲ့အများ ခံစားရမှာဖြစ် ပါတယ်။ တကယ်လို့ မြန်မြန်ဆန်ဆန် လှပစေမယ့် ခွဲစိတ်နည်းကို သုံးမယ်ဆိုရင်လည်း ကိုယ်ခွဲစိတ်မယ့် ဆေးရုံဆေးခန်းနဲ့ ခွဲစိတ်ဆရာဝန်ရဲ့ အကြောင်းကို သေသေချာချာ စုံစမ်းပြီးမှ သွားတာကောင်းပါတယ်။

 

ဘယ်လိုနည်းလမ်းမျိုးပဲရွေးရွေး သဘာဝနဲ့ အနီးစပ်ဆုံးဖြစ်ဖို့ စဉ်းစားပြီး ရွေးချယ်သင့်ပါ တယ်။ နောက်ပြီး ခွဲစိတ်ပြီးသွားရင် ဘယ်လို ကောင်းကျိုးဆိုးကျိုးတွေ ရှိနိုင်တယ် ဆိုတာ လည်း သိထားသင့်ပါတယ်။ သဘာဝကို ဆန့်ကျင်ပြီး လုပ်တဲ့အလုပ်မှန်သမျှ ထိခိုက်မှုတွေကတော့ အနည်းနဲ့အများ ရှိမှာပါပဲ။ နောက်ဆုံး ကိုယ့်စိတ်က သိနေတဲ့အတွက် သူများ ကိုမပြောနဲ့ ကိုယ့်ကိုယ်ကိုယ်တောင် မညာနိုင်တဲ့ စိတ်ရဲ့ခံစားမှုကို ခံစားရနေနိုင်ပါတယ်။ မျက်နှာကို ခွဲစိတ်ပြီးတော့မှ ငါမခွဲခဲ့ရင်ကောင်းမှာဆိုတဲ့ နောင်တစ်မျိုးက ကြောက် စရာ ကောင်းလှပါတယ်။ တစ်ဘဝလုံး နောင်တရနေနိုင်တာပါ။

 

မျက်နှာပေါ်က အတွန့်အရေးအကြောင်း ဖြစ်ပေါ်ရာမှာ သုံးမျိုးသုံးစား ရှိပါတယ်။ Static wrinkles ဆိုတဲ့ တည်ငြိမ်တဲ့အတွန့် အရေးအကြောင်းကတော့ ဘာလှုပ်ရှားမှုမှမရှိ၊ အရယ် အပြုံးတောင်မှမရှိတဲ့ အိပ်နေချိန်မှာတောင် ဖြစ်ပေါ်နေတတ်မျိုးပါ။ နောက် Dynamic wrinkles ဆိုတဲ့ ရွေ့လျားနေတဲ့ အတွန့်အရေးအကြောင်းကတော့ မျက်နှာရဲ့ ကြွက်သားတွေပါ ရွေ့လျားပြောင်းလဲနေတဲ့အတွက် ဖြစ်ပေါ်တာမျိုးပါ။ မျက်မှောင်ကြုတ် တာ၊ ရယ်မောတာ၊ ငိုနေတာမျိုးတွေလည်း ပါဝင်ပါတယ်။ နောက်တစ်မျိူးကတော့ မျက်နှာပေါ်က မိတ်ကပ်နဲ့ သနပ်ခါးတွေလိမ်းလိုက်၊ ပြန်ဖျက်လိုက်၊ မျက်နှာသစ်ရင် အရမ်းပွတ်ဆွဲပြီး သုတ်တာတွေလည်း ပါဝင်ပါတယ်။ 


Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
နန်းအိအိဇာ
အသားအရေစိုပြည်လှပစေမည့် နည်းလမ်းကောင်းများ စာအုပ်မှကောက်နုတ်ထားပါသည်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18