Print

ဇရာအဖြူစက်

  27-Feb-2017
Preview Image

အတွေ့များတဲ့အဖြူစက်တွေ
အသက်လေးဆယ်ကျော်နောက်ပိုင်း အန္တရာယ်ရလာတဲ့ လူတွေမှာ အဖြူစက်၊ အဖြူပျောက်ဆေးတွေ မသိမသာ ပေါ်ပေါက်လာတတ်ပါတယ်။ ဟိုနားတစ်ကွက်၊ ဒီနားတစ်ခုနှင့် ခပ်သေးသေးလေးတွေပါ။ ယားလည်းမယား၊ နာလည်းမနာတော့ စပေါ်ပေါ်ခြင်း သတိမထားမိတတ်ပါဘူး။ သတိလည်းပြုမိရော စောစောကပြောသလို စိတ်တွေပူလာပါလေရော။ အမှန်တော့ လူလတ်ပိုင်းနဲ့ ဇရာအိုတွေမှာ အတွေ့များတဲ့ အရေပြား ပြဿနာတစ်ခုပါ။ ဘာကြောင့်ဖြစ်တာမှန်း တရားခံကို တိတိကျကျ မသိတဲ့အပြင် မိုးရေစက်လေးများလို ဟိုတစ်ယောက်၊ ဒီတစ်ကွက်ရှိတာမို့ Idiopathic Guttate Hypomelanosis လို့ အမည်တွင်ပါတယ်။

 

အရေပြားဆရာဝန်တွေကတော့ IGH ဆိုပြီး အတိုရေးလေ့ရှိပါတယ်။ ရောဂါအမည်မှာကိုက အဓိပ္ပာယ်ပြည့်စုံပြီးသားပါ။Idiopathic ဆိုတာ အကြောင်းဇစ်မြစ်ကို တိတိကျကျမသိသာ၊ Guttate ဆိုတာက မိုးရေစက်နှင့် တူခြင်းတဲ့၊ Hypomelanosis ကျတော့ မယ်လနင်ဓာတ်တွေ နည်းပါးခြင်းပါ။ မယ်လနင်ဆိုတာ အရေပြားရဲ့အရောင်ကို ဖြစ်စေတဲ့ ဆိုးဆေးပါ။ ညိုညိုမည်းမည်း အရောင်ပေါ့။ အရေပြားအပေါ်လွှာမှာရှိတဲ့ မယ်လာနိုဆိုဒ်ကလာပ်စည်းက ထုတ်လုပ်ပေးတာပါ။ ဒီရောဂါမှာ မယ်လာနိုဆိုဒ် ကဘာပ်စည်းတွေရော၊ မယ်လနင်ဓာတ်တွေရော နည်းပါးချို့တဲ့သွားတာမို့ နေရာကွက်ပြီး ဖြူသွားတာပါ။

 

ဘယ်လိုအဖြူစက်တွေလဲ
တကယ့်ကို အဖြူပျောက်သေးသေးလေးတွေပါ။ အပ်ခေါင်းသာသာအရွယ်ကနေ ကုလားပဲစေ့အရွယ်အထိ လောက်ပါပဲ။ သေချာအနီးကပ်ကြည့်ရင် ပုံမှန်အရေပြားထက် နည်းနည်းလေးပါးပါတယ်။ ယောင်ယောင်လေး ချိုင့်ဝင်နေတယ်ဆိုပါတော့။ တစ်စက်၊ နှစ်စက်
ကနေ တစ်ချို့ဆို အရေပြားမှာ မိုးရေစက်တွေ တင်နေသလို အများကြီးတွေ့ရတတ်ပါတယ်။ အတွေ့ရ အများဆုံးနေရာကတော့ ခြေသလုံးပါ။ ပြီးတော့ လက်ဖျံပေါ့၊ ရှားရှားပါးပါးတော့ လက်မောင်း၊ လည်ပင်းနဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းတွေမှာ ပေါ်လာလေ့ရှိပြီး မျက်နှာပေါ်
မှာတော့ ကံအားလျော်စွာ အတွေ့ရနည်းပါတယ်။ အသားဖြူ၊ အသားလတ်သူတွေမှာ ပိုတွေ့ရပြီး အမျိုးသမီးတွေမှာတော့ အမျိုးသားတွေထက် ပိုဖြစ်လေ့ရှိပါတယ်။ လက်ဖျံမှာပေါ်လာရင်တော့ ချက်ချင်းသတိထားမိတတ်ကြပြီး ခြေသလုံးမှာကျတော့ အတွေ့နောက်ကျလေ့ ရှိပါတယ်။ 

 

ခရုသင်းနဲ့ ကွာခြားချက်
ခရုသင်းလည်း ဆွတ်ဆွန်ဖြူ၊ ဒီရောဂါကလည်း ဆွတ်ဆွတ်ဖြူ၊ ခရုသင်းကလည်း မနာမယား၊ ဒီရောဂါကလည်း မနာမယား ဒီတော့ ထင်ယောင်ထင်မှား ဖြစ်တတ်ကြပါတယ်။ ခရသင်းက အခန့်မသင့်ရင် ပြန့်နှံ့သွားတတ်ပေမဲ့ ဒီရောဂါကတော့ ဟိုနေရာ ဒီနေရာ ပြန့်ထွက်သွားတာမျိုး မရှိပါဘူး။ နှစ်ပေါင်းများစွာ ကြာသည့်တိုင် ဒီအတိုင်း၊ ဒီအတိုင်းပါပဲ။ ကြီးလာလည်း နည်းနည်းယောင်ယောင်လေးပဲ ကြီးတာပါ။ ကျွန်တော့်ရဲ့ ညာဘက်ခြေသလုံးမှာ ခုလိုအဖြူစက်လေး (၃) ခုကို အသက်လေးဆယ့်ငါးနှစ်လောက်မှာ ပေါ်လာတာကို သတိထားမိခဲ့ကြပါတယ်။ အဲဒီအစက်လေး (၃) ခုဟာ ဒီနေ့ (အသက်ခြောက်ဆယ့်လေးနှစ် အရွယ်) ထိတိုင် မပြောင်းမလဲ ဒီအတိုင်းပါ။

 

ဒီပြဿဖြစ်လို့ ဆေးခန်းလာပြတဲ့လူနာတိုင်းကို စိတ်မပူကြဖို့ ကိုယ့်ခြေသလုံးကိုယ်လှန်ပြရတာ ခဏခဏပါပဲ။ ခရုသင်းက ခန့်မှန်းရခက်တဲ့ မိုးလိုပါ။ ပြန့်မှာလား၊ တည်တည်ငြိမ်ငြိမ်ပဲရှိနေမှာလား၊ သူ့အလိုလိုပဲ ပြန်ပျောက်သွားမှာလား မျှော်မှန်းလို့ မရပါဘူး။နောက်ကွာခြားချက်တစ်ခုကတော့ စောစောကပြောခဲ့သလို ဒီအဖြူအစ်အပြောက်လေးတွေက ပုံမှန်အရေပြားထက် နည်းနည်းလေးပါးပေမဲ့ ခရုသင်းကွက်ကတော့ တပြေးညီပါပဲ ။ နှစ်မျိုးစလုံးကတော့ ကြည့်လိုက်ရင် ထင်းခနဲ မြင်သာတာမို့ ထိတ်လန့်မိကြမှာပါ။ ခရုသင်းဖြစ်မှာကို ရွှေမဟုတ်သလို ဖြူဖြူမြင်တိုင်းလည်း ခရုသင်းမဟုတ်ပါဘူး။

 

ညှင်းနှင့်လည်း တူပါတယ်
လက်တွေ၊ ခြေတွေမှာတော့ ညှင်းကို တွေ့ရခဲပါတယ်။ ဒါပေမဲ့ ရင်ဘတ်နဲ့ ကျောအပေါ်ပိုင်းနေရာတွေ ကတော့ ညှင်းတို့စံပျော်ရာပါ။ ဒီတော့ ခုပြောနေတဲ့ အဖြူစက်လေးတွေကို အုံနဲ့ကျင်းနဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းမှာ ရှားရှားပါးပါးတွေ့ရပြီဆိုရင်တော့ ညှင်းနဲ့မှားတတ်ပါတယ်။ ညှင်းက နည်းနည်းယားတတ်တဲ့အပြင် တစ်ကွက်နဲ့တစ်ကွက်လည်း ဆက်သွားပြီး ပြန့်တာပါ။ အရောင်ကလည်း ဆွတ်ဆွတ်မဖြူပါဘူး။ အရောင်ဖျော့တော့တော့ပါ။ပြီးတော့ သေချာကြည့်ရင် အကွက်လေးတွေရဲ့ မျက်နှာပြင်မှာ နူးည့ံတဲ့ အကြေးခွဲလေးတွေ ရှိပါတယ်။ ညှင်းဆေးတွေလိမ်း၊ ညှင်းဆေးတွေသောက်ရင် ကြာတော့ပျောက်သွားတာပါ။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာကျော်ကျော် (အရေပြားအထူးကုဆရာဝန်ကြီး)
Ziwaka magazine, March 2016, Pg50



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18