Print

နွားနို့နှင့် ဝက်ခြံရောဂါ (Milk acne)

  27-Feb-2017
Preview Image

ဝက်ခြံသည် လူပျိုဖော်ဝင်စအရွယ်တွင် အများဆုံးဖြစ်ကြောင်း၊ အထူးသဖြင့် နွားနို့သောက်သုံးမှုနှင့် ဆက်စပ်မှုရှိကြောင်း နှစ်ပေါင်း ၅၀ ကျော်ကတည်းက ပညာရှင်များသာမက ကာယကံရှင် ဝေဒနာရှင်များက သတိထားမိကြသည့် အချက်တစ်ခုဖြစ်ပါသည်။ ယခင်က နွားနို့နှင့်ဝက်ခြံ ဆက်စပ်မှုရှိကြောင်းကို မဖြေရှင်းနိုင်သေးသော ဆေးဖက်ဆိုင်ရာ ပြဿနာတစ်ရပ်အဖြစ် လက်ခံထားကြသော်လည်း ယခုနောက်ပိုင်း လေ့လာမှုများအရ အဓိကအချက်လေးချက်ကြောင့် ဖြစ်ကြောင်း သိရှိခဲ့ကြပါပြီ။

 

ပထမအချက်မှာ နွားနို့တွင်ပါဝင်သော အိုင်အိုဒင်းဓာတ်ကြောင့် ဖြစ်ပါသည်။ နွားနို့တွင် အိုင်အိုဒင်းဘာကြောင့် ပါလာရသလဲလို့ မေးစရာရှိပါသည်။ နွားစားသော အစားအစာထဲတွင် ဥပမာ မြက်၊ ပဲဖတ်နှင့် အခြားအရွက်များတွင် အိုင်အိုဒင်းဓာတ် များစွာပါနေလေ့ရှိ
သည့်အပြင် နွားကိုကျွေးသည့်နွားစာနှင့် အားဆေးများတွင်လည်း အိုင်အိုဒင်းဓာတ်ကို
ဖြည့်စွက်ကျွေးလေ့ ရှိသောကြောင့် ဖြစ်ပါသည်။ 

 

နွားမွေးမြူရေးသမားများနှင့် လယ်သမားများသည် နွားများ ပိုမိုထွားကျိုင်းစေရန်၊ နွားနို့ပိုမိုထွက်ရှိစေရန်နှင့် ရောဂါပိုးမွှားများရန်မှ ပိုမိုကာကွယ်နိုင်စေရန် အိုင်အိုဒင်းကို ဖြည့်စွက်ကျွေးလေ့ရှိသောကြောင့် ဖြစ်ပါသည်။ နောက် အရေးပါသော အချက်တစ်ခုမှာ နွားနို့
ညှစ်ရာတွင် အသုံးပြုသည့် အသုံးအဆောင်ပစ္စည်းများကို ဆေးကြောသန့်စင်ရာတွင် ရောဂါပိုးများ မတွယ်ကပ်နိုင်စေရန် အိုင်အိုဒင်းပါသော ပိုးသတ်ဆေးရည်များ (iodine antiseptic solution) အသုံးပြုရာမှ ကျန်ရှိသော အကြွင်းအကျန်များမှ တစ်ဆင့် နွားနို့ထဲသို့ ပါဝင်
လာနိုင်ခြင်း ဖြစ်ပါသည်။ 

 

အိုင်အိုဒင်းများသည် ဝက်ခြံအဝကို ပိတ်ဆို့အောင် ပြုလုပ်ခြင်းဖြင့် ဝက်ခြံများ ပိုမိုဖြစ်ထွန်းအောင် ပြုလုပ်ပေးခြင်း ဖြစ်ပြီးသားများကို ပိုမိုဆိုးစေခြင်းတို့ ဖြစ်စေနိုင်ကြောင်း သူကဆိုပါသည်။ တစ်နေ့လျှင် နွားနို့တစ်လီတာမှ နှစ်လီတာ သောက်ရုံနှင့် ဝက်ခြံပြဿနာပေးနိုင်သည့် အနေအထားတွင်ရှိပါသည်။ ဒုတိယအချက်အနေနဲ့ နွားနို့တွင်ပါဝင်သည့် ဟော်မုန်းဓာတ်များ ဖြစ်ပါသည်။ နွားနို့ဆိုသည်မှာ နွားမကြီး ကိုယ်ဝန်ဆောင်ပြီးမှ ဖြစ်စေ၊ ဟိုမုန်းဆေးများ ထိုးနှံ၍ ဖြစ်စေ မွေးမြူးပြီးမှ ရရှိသည်ဖြစ်၍ နွားနို့ထဲ၌ ဟော်မုန်းဓာတ်များ အများအပြား ပါဝင်နေပြီး ဖြစ်ပါသည်။ အဆိုပါ ဟော်မုန်းများသည် ပြင်ပသို့ရောက်သောအခါ အင်ဒရိုဂျင် (Androgen) များ အဖြစ်သို့ ပြောင်းလဲသွားပါသည်။ ထိုအင်ဒရိုဂျင်များသည် ဝက်ခြံဖြစ်စေသည့် အဆီအိတ် (sebaceous gland) မှ အဆီများ ပိုမိုထွက်ရှိအောင် လှုံ့ဆော်ပေးခြင်းဖြင့် အဆီအိတ် တင်းလာသောအခါ ဝက်ခြံဘဝသို့ ကူးပြောင်းရောက်ရှိသွားပါသည်။ 

 

တတိယအချက်မှာပါဝင်သော တိရစ္ဆာန်အဆီ တစ်နည်းအားဖြင့် ပြည့်ဝအဆီ (saturated) များကြောင့် ဖြစ်ပါသည်။ ယင်း ပြည့်ဝအဆီများသည် ဝက်ခြံအဆီများ ပိုမိုထွက်ရှိစေခြင်းကြောင့် ဝက်ခြံပိုမိုဖြစ်ပွား ရပါသည်။ ဝက်ခြံဖြစ်သူများကို ဆရာဝန်များက ပြည့်ဝအဆီ လျှော့စားခိုင်းလေ့ ရှိရာ နွားနို့သည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။ စတုတ္ထအချက်အနေနှင့် နွားနို့တွင်ပါဝင်သော သကြားဓာတ် (Milk Sugar) ဖြစ်ပါသည်။ ယင်းသကြားဓာတ်များသည် အလွယ်တကူ စုပ်ယူနိုင်သော လက်တို့စ် (Lactose) များ ဖြစ်သဖြင့် ဝက်ခြံ၌ ဝက်ခြံပိုးများ ပိုမိုပေါက်ပွားစေရန် အားပေးခြင်း၊ အင်ဆူလင် ဟော်မုန်း၏ လုပ်ငန်းများကို ဟန့်တားနိုင်ခြင်းကြောင့် ဝက်ခြံများ ပိုမိုထွက်ရှိစေပါသည်။

 

အထက်ပါ အချက်လေးများကြောင့် နွားနို့သောက်ခြင်းသည် ဝက်ခြံရောဂါကို ပိုမိုဆိုးစေသည့် ကာလအတွင်း နွားနို့ကို ခေတ္တရှောင်ကြဉ်သင့်ပါသည်။ နွားနို့သာမက နွားနို့နှင့် ပြုလုပ်ထားသော နို့ထွက်ပစ္စည်း အခြေခံသည့် ထောပတ်၊ ဒိန်ခဲ၊ မလိုင်စသည့် အစားအစာများလည်း အကျုံးဝင်ပါသည်။ ဝက်ခြံရောဂါ သက်သာပျောက်ကင်းပါက စိတ်ချလက်ချ ပြန်စားနိုင်ပါသည်။ 

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာခင်မောင်လွင် (FAME)

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18