Print

ရေယုန်ကြီးရောဂါ

  27-Feb-2017
Preview Image

ရေယုန်ကြီးကို Herpes Zoster(သို့) Shingles လို့ခေါ်တယ်။ အာရုံကြော စနစ်ဖြစ်တဲ့ ဗိုင်းရပ်စ်ပိုး ကူးစက်ခြင်းဖြစ်တယ်။ အရေပြား အာရုံကြောတွေ ရောင်ရမ်းပြီး နာကျင်ကိုက်ခဲနေတတ်တယ်။ ရေကျောက်ဖြစ်စေတဲ ့ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တာပါ။ နောက်တစ်ခါ ပြန်ဖြစ်တဲ့အခါ ရေကျောက် မဟုတ်ဘဲ ရေယုန်ကြီးအနေနဲ့ ဖြစ်လာတာပါ။ ရေကျောက် ပေါက်ဖူးတဲ့သူ တစ်ရာမှာ နှစ်ဆယ်လောက် ရေယုန်ကြီး ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ တစ်ခါပဲ ဖြစ်ကြတာများတယ်။ 

 

အရေပြား တစ်နေရာမှာ နာမယ်၊ စပ်မယ်၊ ယားမယ်၊ ကျဉ်မယ်၊ စူးမယ်၊ ဒါတွေအားလုံးဟာ ရေယုန်ကြီးအရည်ကြည်ဖုတွေ မပေါက်ခင်မှာ အရေပြားမှာ ခံစားရမယ့် လက္ခဏာတွေပါ။ နောက်တော့ အရေပြားမှာ အနီပြင်ဖြစ်လာပြီး အရည်ကြည်ဖုတွေ ဆက်တိုက် ထွက်တတ်တယ်။ ကြီးလာရင် မီးလောင်ဖုတွေဖြစ်မယ်။ ဒီအချိန်မှာ အရမ်းနာကျင်တတ်တယ်။ ဒါကြောင့် ရေယုန်ကြီးဖြစ်တယ်လို့ထင်ရင် ဆရာဝန်နဲ့ မြန်မြန် ပြသကုသဖို့ လိုတယ်။

 

ရေကျောက် (Chickenpox) ဟာ ကလေးဘဝမှာ ပေါက်တတ်ကြတာ များတယ်။ တချို့လည်း ဘာမှ မဖြစ်လိုက်ဘူး။ ဘာပဲဖြစ်ဖြစ် ပိုးကတော့ ခန္ဓာကိုယ်ထဲ ဝင်သွားပြီဆိုတော့ ကျောရိုးက အာရုံကြောဆဲလ်များ အတွင်းမှာ ခိုအောင်းနားနေပါတယ်။ အချိန်အကြာကြီးလည်း ဖြစ်တတ်တယ်။ တချို့ဆို တစ်သက်လုံး ဘာမှ ထပ်မဖြစ်တော့ဘူး။ တချို့ကတော့ အချိန်ကာလတစ်ခု ကြာတဲ့ အခါ ရေယုန်ကြီး အနေနဲ့ ပြန်ပေါ်လာတယ်။ ဘယ်ဟာက ကိုယ်တွင်းမှာ ခိုအောင်းနားနေတဲ့ ဗိုင်းရပ်စ်ပိုးကို ပြန်လည်နှိုးဆွပွားများစေတယ် ဆိုတာတော့ အတိအကျ မသိဘူး။ ရုတ်တရက် ကိုယ်ခံအား လျှော့ကျသွားတဲ့အခါတွေ၊ ဥပမာ-ဖျားခြင်း၊ စိတ်ဖိစီးမှုများခြင်းစတာတွေမှာ ဖြစ်တတ်တယ်။ 

 

အိပ်ပျော်နေတဲ့ ရေကျောက်ဗိုင်းရပ်စ်ဟာ နှိုးဆွမှုကြောင့် နိုးထလာတဲ့ အခါ ရေယုန်ကြီးဖြစ်လာတာပါ။ ရေကျောက်ပေါက်ဖူးသူ အားလုံးရေယုန်ကြီး ဖြစ်နိုင်တယ်။ ဒါပေမဲ့ အသက် ၆ဝကျော် လူကြီးတွေမှာ အများဆုံးဖြစ်ကြတယ်။ ခုခံအား ကျဆင်းခြင်း၊ စိတ်ဖိစီးမှု၊ ကင်ဆာ၊ လူကီးမီးယား၊ HIV/AIDS၊ ဆီးချို၊ ကင်ဆာဆေးသွင်းနေသူ၊ ကိုယ်အဂါင်္ အစားထိုးကုသထားသူ၊ ကော်တီဆုန်းဆေး အကြာကြီး သုံးဆွဲနေသူတွေမှာ အဖြစ်များတယ်။

 

အရေပြားနီလာပြီး အရည်ကြည်ဖုတွေ အစုလိုက်၊ အပြုံလိုက် ပေါ်လာတယ်။ ဒါတွေပေါက်ထွက်သွားတော့ အဖုတွေဖြစ်ပြီး အနာဖေးတက်၊ အနာဖေးကွာပြီး အမာရွတ် ကျန်ခဲ့တတ်တယ်။ အားလုံး ၂ ပတ်ကနေ ၄ ပတ် အထိ ကြာတတ်တယ်။ အနာကျက်ပေမဲ့ နာတာ ကျန်ခဲ့တတ်တယ်။ ကိုယ်ခန္ဓာနဲ့တင်ပါးမှာ အများဆုံး ဖြစ်တတ်တယ်။ မျက်စိပါဖြစ်ရင် အမြင်ကွယ်လို့အထူးဂရုစိုက် ကုသဖို့ လိုတယ်။

 

ရေယုန်ကြီးဟာ ကူးစက်တတ်တယ်။ ရေကျောက် မပေါက်ဖူးသူတွေ၊ မွေးကင်းစကလေးငယ်တွေ၊ ခုခံအားကျဆင်းနေသူတွေ အများဆုံး ကူးစက်လွယ်တယ်။ အရည်ကြည်ဖုတွေ၊ အရည်တွေကနေ တိုက်ရိုက် ထိတွေ့ပြီး ကူးစက်နိုင်တယ်။ ရေယုန်ကြီးဖြစ်နေတဲ ့သူကလည်း အနာအသစ် မထွက်တော့လည်း အရည်ကြည်ဖုတွေ ခြောက်ပြီး အနာဖေးတက်မှ ကူးစက်တာ ရပ်သွားတယ်။ Zostavax လို့ခေါ်တဲ့ ကာကွယ်ဆေးကို ယခင်က ရေကျောက်ပေါက်ဖူးသူတွေ ထိုးလို့ရတယ်။ ရေယုန်ကြီး မဖြစ်အောင် ၅၀ ရာခိုင်နှုန်း ကာကွယ်ပေးတယ်။ ဖြစ်ရင်လည်း အာရုံကြော နာကျင်တာ၊ နာကျင်မှု ကျန်ခဲ့တာကို သုံးပုံနှစ်ပုံ လျှော့ချပေးတယ်လို့ ဆိုတယ်။ ဒါပေမဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ ထိုးလို့မရဘူး။ ကလေးငယ်ရေကျောက် မပေါက်အောင် ၆ လကနေ ၁ နှစ်ခွဲအတွင်းမှာ Chickenpox vaccine ကာကွယ်ဆေး ထိုးလို့ရပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit :ဒေါက်တာစိုးဝင်းဦး
အရေပြားအထူးကုဆရာဝန်ကြီး
Ziwaka Magazine, No.239, December 2014

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18