Print

အသားမာတက်ခြင်း

  27-Feb-2017
Preview Image

အသားမာတက်ခြင်းသည် အရေပြားပေါ်မှာ ပျက်စီးသွားသော ဆဲလ်များ စုပုံနေခြင်းဖြစ်သည်။ ယင်းတို့မှာ လက်ဖဝါး၊ ခြေဖဝါးတို့တွင် ဖြစ်သောအခါ အကြည့်ရဆိုးသည်။ ထိုသို့ ဖြစ်ရသည်မှာ ထိုနေရာတွင် နေ့စဉ်လိုလို အကြိမ်ကြိမ် ပွတ်တိုက်၍ အသားချင်းဖြစ်စေ၊ အရိုးချင်းဖြစ်စေ ပွန်းတီးရသောကြောင့်ဖြစ်သည်။ ထိုအသားများသည် အမြင်ရဆိုးရုံသာမဟုတ်၊ နာကျင်မှုလည်း ရှိတတ်သည်။ “အသားမာလိုက်ခြင်းသည် ခန္ဓာကိုယ်က မိမိအတွက် ဖိအားကို ခံသာအောင် အကာအကွယ်ပေးခြင်းဖြစ်သည်။ ဖိအားများလေလေ အသားမာအလွှာမှာ ထူလာလေလေဖြစ်သည်။ ပို၍ မာလာသောအခါ အသားမာလုံး (Corn) ဖြစ်လာသည်” ဟု ပင်စီဘေးနီးယားပြည်နယ်မှ ခြေဖဝါးနာအထူးကုဖြစ်သူ နီးလ်ခရိန်းမား (Neal Kramer) က ဆိုသည်။

 

အသွားထက်ထက်တွေနှင့် ဝေးစေဖို့

ဦးစွာ အရေးကြီးသည့်အချက်မှာ အသားမာများ၊ အသားလုံးများကို ကိုယ့်ဖာသာ ကတ်ကြေး၊ မုတ်ဆိတ်ရိတ် စသည်တို့နှင့် မလှီးဖြတ်ဖို့ဖြစ်သည်။ ဆီးချိုရောဂါ အခံရှိသူများမှာ ထိုသို့ပြုလုပ်ရန် ဘယ်အခါမှ မစဉ်းစားသင့်ဟုဆိုသည်။

 

အသားမာနေရာကို အခုအခံ ပိတ်စ ထားပေးပါ
အသားမာကို အသားလုံး ဖြစ်မလာစေရန်အတွက် ထိုနေရာကို ပိတ်ပါးစ (သို့) ရေစုပ်သော အဝတ်စဖြင့် ဖုံးထားရမည်။ ညစဉ်ဖြစ်စေ၊ ရေချိုးသောအခါဖြစ်စေ ထိုအဝတ်ကိုခွာ၍ ရေစိုရွှဲ မနေစေရန် ပြုလုပ်ပေးရမည်။ ပိတ်စကို ဖြုတ်သောအခါ ဖနောင့်ဘက်သို့ ဖြည်းညင်းစွာ ဆွဲခွာရမည်။ အဆောတလျင် ခွာလိုက်လျှင် ဖိအား သက်သာနိုင်သည်။

 

ပွတ်တိုက်ပေးလျှင်
အသားမာကို ကိုင်တွယ်တော့မည်ဆိုလျှင် ရေနွေးနှင့် မိနစ် အနည်းငယ် စိမ်နှင့်ပါ။ အသားမာကို ပွတ်တိုက်သော တံစဉ်းမျိုးရှိသဖြင့် ပွတ်တိုက်ပြီးမှ ကာမို -၂၀ (Carmol-20) ကဲ့သို့ ကရင်မ်ကို လိမ်းပါ။ အသားလုံး ဖြစ်နေလျှင် ထိုသို့မလုပ်သင့်၊ ပို၍ နာကျင်နိုင်သည်။

 

ဤအတိုင်း ထားရမည့်ကိစ္စ
တစ်ခါတစ်ရံတွင် ခြေဖဝါး၌ အသားမာလိုက်မှုမျိုး အနည်းငယ်တွေ့သောအခါ ဒုက္ခမပေးနိုင်သဖြင့် ဤအတိုင်း ထားနိုင်သည်။ ထိုအသားမာများသည် ကာယကံရှင်အား လမ်းကြမ်းကိုနင်းရန် လွယ်စေပြီး မြေပြင်အပူဒဏ်ကိုလည်း ခံနိုင်စေရာ ရောက်သည်။ အသားမာ ပြည့်ဝစွာဖြစ်နေလျှင် ဆူးစူးမည့် အန္တရာယ်ကိုပင် ကာကွယ်ပေးနိုင်သည်ဟု
ဒေါက်တာဖရက်ဖရစ်ဟက်စ် (Frederrick Haas) ဆိုသူ ဖလော်ရီဒါပြည်နယ်မှ
ခြေဖဝါးခွဲစိတ်ပါရဂူကပြောသည်။

 

ဆေးပလာစတာများ သုံးခြင်းဆင်ခြင်ဖို့
ဆေးဆိုင်မှ အလွယ်ဝယ်၍ ရသော ဆေးပလာစတာမျိုးသည် အက်ဆစ်ပါရုံလွဲပြီး အခြား မပါတတ်သဖြင့် အသားမာလား၊ အသားလုံးလား မကွဲပြားဘဲ ပုံမှန်အရေပြားကိုပါ စားသွားတတ်သဖြင့် သတိပြုရန်ဖြစ်သည်။ ဆေးရည်၊ လိမ်းဆေး (Salve) နှင့် အပြားပုံဝိုင်းဖြစ်ပါက လိုအပ်သော နေရာကိုသာ လိမ်းပေးဖို့ဖြစ်သည်။ သုံးသောအခါ၌လည်း တစ်ပတ်လျှင် နှစ်ကြိမ်ထက် မပိုသင့်ပါ။

 

ဓာတ်ဆားရည် စိမ်ပါ
တစ်ခါတစ်ရံ အသားမာလုံးဖြစ်၍ နာကျင်မှု ရှိလာလျှင် ထိုအလုံးနှင့်အရိုးကြားမှ အကျိအိတ် (Bursa) ရောင်ရမ်းခြင်းဖြစ်သဖြင့် အက်ပဆွမ် (Epsom) ဆားကို
ရေနွေးနှင့်စိမ်၍ စိမ်လျှင် အရောင်လျော့သွားနိုင်မည်။ 

 

သက်သာရန် အခြားနည်းများ
ခြေနှစ်ချောင်းအကြားတွင် ခြေချောင်းချင်း ပူးမိ၍ အသားမာ၊ အသားလုံးဖြစ်ပါက
ရေမြှုပ်ပွဖြင့် ခြေချောင်းနှစ်ခုကို ခြားထားပြီး ကြားခံပေးနိုင်သည်။ ခြေချောင်းကြားမှ အသားလုံးဖြစ်၍ ခံသာရန် ရှူးဖိနပ် သားရေကို ဆန့်ပေးခြင်းဖြင့် ဖိအားပွတ်အား သက်သာနိုင်သည်။ ဖိနပ်တွင် ခွာတစ်မျိုးမျိုး ရိုက်ထားပါက ခြေဖဝါးလှုပ်သာသဖြင့် သက်သာနိုင်သည်။ အဓိကမှာ အလိုက်သင့် အရွယ်တော်တန်သော ဖိနပ်ကို စီးဖို့ဖြစ်သည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
မောင်ဆုရှင် ဘာသာပြန်သည်
အိမ်တွင်းသမားတော် ဒုတိယတွဲစာအုပ်မှကောက်နုတ်ထားပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18