Print

စောစော ရှာဖွေတွေ့ရှိ ကုသသင့်သည့် အရေပြားကင်ဆာ

  27-Feb-2017
Preview Image

အမျိုးအစား လေးမျိုး ခွဲခြားနိုင်ပါသည်။ ၎င်းတို့မှာ အပေါ်ယံရှပ်၍ ပျံ့နှံ့သော အမျိုးအစား (Superficial spreading type)၊ အကျိတ်ကဲ့သို့ဖြစ်သော အမည်းရောင် အရေပြားကင်ဆာ (Nodular melanoma) ၊ အညိုကွက်မှစ၍ ဖြစ်လာသော အမည်းရောင် အရေပြားကင်ဆာ (Lentigo maligna melanoma) နှင့် ခြေလက်တို့တွင် ဖြစ်သော အညိုကွက်မှစ၍ ဖြစ်လာသော အမည်းရောင် အရေပြားကင်ဆာ (Acral lentiginous) တို့ဖြစ်ပါသည်။

 

အမည်းရောင်ရှိသော အနာများကို ချင့်တွက်ခြင်း
အမည်းရောင် အရေပြားကင်ဆာနှင့် ဆင်တူသော ကင်ဆာ မဟုတ်သည့် အနာ များတွင် အဆီဂလင်းမှဖြစ်သော အသားမာဖုများ (Seborrhoeic)၊ မှဲ့များနှင့် နေရောင် 
ကြောင့်ဖြစ်သော အညိုကွက်များ ပါဝင်ပါသည်။ မွေးရာပါ အလွန်အရေးကြီးသော မှဲ့များ
( အချင်း ၂၀ စင်တီမီတာကျော်လျှင်) တွင် အမည်းရောင် အရေပြားကင်ဆာ ဖြစ်နိုင်ခြေ ပိုများသည်။ 

 

ကင်ဆာဖြစ်နိုင်သော အညိုကွက်များသည် များသောအားဖြင့် နေရောင်ခြည် ဒဏ်ခံရသော နေရာများဖြစ်သည့် သက်ကြီးပိုင်းလူများ၏ ဦးခေါင်းနှင့်လည်ပင်းတို့တွင် အဖြစ်များပါသည်။ ကင်ဆာ ဖြစ်နိုင်သော အညိုကွက်များကို မြုံနေသော အမည်းရောင် အရေပြားကင်ဆာအဖြစ် ယူဆကြသောကြောင့် ချက်ချင်း ဖြတ်ထုတ်ပစ်ရန် လိုပါသည်။

 

ကျောက်စရစ်ခဲ မျက်နှာပြင်ကဲ့သို့ရှိနေပြီး နေထိ၍ ညိုသောအရောင်၊ အညိုရောင်၊ အနီရောင်နှင့် ပန်းရောင်များ ရောနေသော အရောင်မျိုးရှိတတ်ပါသည်။ အနားသတ် မထင်ရှားခြင်းမှာ လက္ခဏာတစ်ရပ် ဖြစ်ပါသည်။ သိသိသာသာ ခေါက်ချိုးမညီခြင်း၊ ထင်ရှားသော အရောင် ပြောက်ကျားဖြစ်ခြင်း၊ အမည်းရောင် (သို့) မီးခိုးရောင်နေရာကွက်များ ဖြစ်လာခြင်း စသည်တို့ တွေ့ရသော ပုံမှန်မဟုတ်သည့် မှဲ့များကို အသားစ ထုတ်ယူစစ်ဆေးသင့်ပါသည်။ 

 

ပုံမှန်မဟုတ်သော မှဲ့ရောဂါစု ဖြစ်ပွားသူများတွင် မျိုးရိုးလိုက်ခြင်း တွေ ့ရပြီး ပုံမှန်မဟုတ်သော မှဲ့များစွာရှိကာ ငယ်ရွယ်စဉ်ကပင် အမည်းရောင်အရေပြား ကင်ဆာ ဖြစ်ပွားတတ်ပါသည်။ ပုံမှန်မဟုတ်သော မှဲ့ရောဂါစု ဖြစ်ပွားသူ လူနာများအား သတ်မှတ်ထားသော ကာလ အပိုင်းအခြားအလိုက် အရေပြားကင်ဆာ ရှိ မရှိ ကြိုတင် စစ်ဆေးမှု ပြုလုပ်ပေးသင့်ပြီး အရေပြားကင်ဆာ ကြိုတင်ကာကွယ်ရေး ပညာပေးသင့် ပါသည်။ 

 

အရေပြားကင်ဆာများကို ကာကွယ်ခြင်း
အရေပြားကင်ဆာများ ဖြစ်ပွားရခြင်း၏ ရှေးဦးကာကွယ်ခြင်းမှာ နေရောင်ခြည်၏
ဘေးအန္တရာယ်ကို ပြည်သူလူထု သိရှိစေခြင်းနှင့် လူနာများအတွက် သင့်လျော်သော လမ်းညွှန်ချက်များ ပေးခြင်းတို့ ဖြစ်ပါသည်။ အရေပြားကင်ဆာများ ဖြစ်စေသော ဘေး အန္တရာယ်များကို သိရှိသူများသည် အရေပြားကင်ဆာ ရှိမရှိ ကြိုတင်စစ်ဆေးမှု ခံယူရန် အခွင့်အလမ်းပိုများပြီး အရေပြားကင်ဆာဖြစ်နေပါက ကုသမှု ခံယူနိုင်ပါသည်။ ရောဂါ ကာကွယ်ရေး နည်းလမ်းများ ဆွေးနွေးရာတွင် နေရောင်ခြည်ကြောင့် ဘေးအန္တရာယ် မဖြစ်စေရေး လမ်းညွှန်ချက်များကို ထည့်သွင်းဆွေးနွေးသင့်ပါသည်။

 

နေရောင်ကာဆီများကို မှန်ကန်စွာ အသုံးပြုခြင်းဖြင့် အရေပြားကင်ဆာများ ဖြစ် ပွားမှု အန္တရာယ်ကို လျှော့ချနိုင်ပါသည်။ နေရောင်ကာဆီများကို နေရောင်ထိတွေ့ခြင်း မရှိမီ အနည်းဆုံး မိနစ် ၃၀ ကြိုတင်၍ လုံလောက်သော ပမာဏ လိမ်းခြင်း၊ နေရောင်ကြာရှည်စွာ ထိတွေ့ပြီး (သို့) ရေကူးပြီးပါက ထပ်လိမ်းခြင်းများကို အရေပြားကင်ဆာ ဖြစ်ပွားမှုများမှ ကာကွယ်ခြင်း အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် သုံးခြင်း မဟုတ်ဘဲ သူ့ချည်းသက်သက်သာသုံးပါက အကျိုးရှိလိမ့်မည် မဟုတ်ပါ။

 

အရေပြားကင်ဆာများ ဖြစ်ပွားမှု ကာကွယ်ရေးအတွက် နေရောင်ကြောင့်ဘေး အန္တရာယ် မဖြစ်စေရေး လမ်းညွှန်ချက်များ -

• ခရမ်းလွန်ရောင်ခြည် ဘီ အများဆုံး ပါဝင်သောအချိန် ဖြစ်သည့် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်း နေရောင်ထိတွေ့မှု ရှောင်ကြဉ်ရန် (သို့) နေရောင်ထိတွေ့မှု လျှော့ချရန်။

• နေရောင်ကာဆီများ သုံးရာတွင် နေရောင်ကာနိုင်စွမ်း ၁၅ (Sun Protection Factor SPF -15) အနည်းဆုံး ရှိသော နေရောင်ကာဆီကို လုံလုံလောက်လောက် အသုံးပြုရန်။

• ခရမ်းလွန်ရောင်ခြည် ဘီ အများဆုံး ပါဝင်သောအချိန်တွင် နေရောင်ခြည်နှင့် ထိတွေ့ရမည် ဆိုပါက သင့်လျော်သော နေရောင်ကာဆီ အသုံးပြုမှုအပြင် အနားပြားကြီးသော ဦးထုပ် ၊ နေကာမျက်မှန်၊ နေရောင်ကာနိုင်သော အဝတ်အစား စသည်တို့ကို ဝတ်ဆင်သင့် ပါသည်။

• တမင်တကာ နေရောင်ခံကာ အသားညိုအောင်လုပ်ခြင်းနှင့်အသားညိုအောင်လုပ်သော အလှပြင်ခန်းမများကို ရှောင်ကြဉ်သင့်ပါသည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit: Witch Doctor 
ဒေါက်တာခိုင်ခိုင်ဇော်
အရေပြားအထူးကုဆရာဝန်ကြီး
အရေပြားရောဂါများအကြောင်း တစေ့တစောင်း စာအုပ်မှကောက်နုတ်ထားပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18