Print

အရေပြားကင်ဆာ

  27-Feb-2017
Preview Image

ဗြိတိသျှလူမျိုးများ၏ လေးပုံသုံးပုံခန့်သည် အရေပြားကင်ဆာ၏ လက္ခဏာများကို သိရှိခြင်းမရှိကြဟု The British Association of Dermatologists က ပြောကြား လိုက်သည်။ နှစ်စဉ် UK ၌ အရေပြားကင်ဆာကြောင့် လူပေါင်း ၂၁၀၀ ခန့် သေဆုံးလျက် ရှိသည်။ လူများ၏ ၉၅ ရာခိုင်နှုန်းမှာ အရေပြားကင်ဆာဖြစ်ပွားမှုနှင့် နေလောင်ဒဏ်ခံစားရ မှုတို့ ဆက်နွှယ်ကြောင်း သိထားကြသည်။ သို့သော် အရေပြားကင်ဆာရောဂါ၏ လက္ခဏာများကို သိနားလည်ထားပြီး ကြိုတင်ကာကွယ်မှုများ မည်သို့မည်ပုံ လုပ်ဆောင်ရမည်ကိုလည်း သိရှိထားသင့်လေသည်။

 

အရေပြားကင်ဆာ ဖြစ်ပွားမှုမှာ ၁၉၆၀ နှစ်များ နောက်ပိုင်းတွင် ဖြစ်ပွားမှုပိုမို များပြားလာခဲ့သည်ဟု ဆိုသည်။ နှစ်စဉ် မယ်လ်နိုးမား မဟုတ်သော အရေပြား ကင်ဆာ (Non-melanoma skin cancer) ဖြစ်ပွားသူ ၁၃၀၀၀ ခန့်ရှိသည်ဟု The British Association of Dermatologists က ပြောကြားခဲ့သည်။ ၈၅ရာခိုင်နှုန်းသော ပြည် သူများက ရာသီဥတုကြောင့် အရေပြားကင်ဆာဖြစ်ပွားမည့် အန္တရာယ်ကို စိုးရိမ်လျက် ရှိကြသည်။ နေလောင်ဒဏ်ခံစားရဖူးသူများတွင် အရေပြားကင်ဆာဖြစ်ရန် အန္တရာယ် “၂” ဆ ပိုကဲကြောင်းတွေ့ရသည်။

 

နေရောင်ခြည်သည် အရေပြား၏ ဗီတာမင် “ဒီ” တည်ဆောက်မှုအတွက် လိုအပ် သဖြင့် ကျန်းမာရေးအတွက် လိုအပ်သည်ဟု ဆိုနိုင်သော်လည်း ပြင်ပသို့သွားလာလျှင် Suncream လိမ်းခြင်းနှင့် အဝတ်အစားများကို လုံခြုံအောင် ဝတ်ဆင်ခြင်းများ ပြုဆောင်ရန် အရေးကြီးသည်။ တတ်နိုင်သမျှ အရိပ်အာဝါသအောက်၌ နေထိုင်ရန်လည်း လိုအပ်သည်ဟုဆိုသည်။ 

 

သာမန် မှဲ့နှင့် မယ်လ်နိုးမားကို ခွဲခြားသိနိုင်မည့် အချက်များမှာ -

(က) ပုံသဏ္ဍာန်မှန်ကန်မှုမရှိခြင်း၊ အချိုးအစား မညီညွတ်ခြင်း၊
(ခ) နှုတ်ခမ်းသားများတွင် ညီညာမှုမရှိဘဲ အချိုင့်များ၊ အစွန်းထွက်ခြင်းများ တွေ့ရခြင်း။
(ဂ) အရောင်မှာ တစ်မျိုးတည်းမဟုတ်ဘဲ နှစ်မျိုး (သို့) နှစ်မျိုးထက်ပိုခြင်း၊
(ဃ) အရွယ်အစားမှာ ၀.၂၅ လက်မ (သို့) ၆.၀ မီလီမီတာထက်ကြီးခြင်း၊
(င) သာမန် မှဲ့သည် ပုံသဏ္ဍာန်အရွယ်အစား ပြောင်းလဲမှုဖြစ်ပေါ်ခြင်း စသည်တို့ဖြစ်သည်။ အထက်ဖော်ပြပါ အချက်အလက်များတွေ့ရပါက အရေပြားကင်ဆာ မယ်လ်နိုးမား ဖြစ်နိုင်သည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)
ကျန်းမာရေးဆိုင်ရာ သတင်းနှင့် ဗဟုသုတများ စာအုပ်မှကောက်နှုတ်ထားပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18