Print

ရေယုန်ရောဂါများ အကြောင်း

  25-Feb-2017
Preview Image

ရေယုန်ရောဂါများ အကြောင်း
ရေယုန်ကို Herpes Simplex Virus (HSV) က ဖြစ်စေတာပါ။ ဗိုင်းရပ်စ် နှစ်မျိုး ရှိတယ်။ HSV-1 နဲ့ HSV-2 yg/ HSV-1 နှုတ်ခမ်း တစ်ဝိုက်၊ ပါးစပ်၊ နှာခေါင်း၊ မေးစေ့၊ ပါးတစ်ဝိုက်မှာ အများဆုံး ဖြစ်တယ်။ လိင်အင်္ဂါ တစ်ဝိုက်မှာ ဖြစ်နိုင်ပေမဲ့ နည်းတယ်။ HSV-2 က လိင်အင်္ဂါ ရေယုန်ကို အဓိက ဖြစ်စေတာပါ။ လိင် ဆက်ဆံခြင်းကနေ ကူးစက်တာပါ။

နှုတ်ခမ်း ရေယုန်တွင် အနာက လူကြီးဘဝမှာ ပေါ်လာပေမယ့် ရောဂါ ကူးစက် တာက လူငယ်ဘဝကတည်းက မိသားစု၊ သူငယ်ချင်း စတာတွေကနေ တစ်ဆင့် ထိတွေ့မှုကနေ ကူးစက်ခဲ့တာပါ။ အများစုက စစချင်းမှာ လက္ခဏာ မပေါ်ခဲ့ကြပါဘူး ။ နှုတ်ခမ်း ရေယုန်ဖြစ်ရင် လက္ခဏာတွေကတော့ ယားယံခြင်း၊ ကျင်တာ၊ နာတာ၊ အရေပြား နီရဲတာတွေ ဖြစ်တယ်။ နောက်တော့ အရည်ကြည်ဖု သေးသေးလေးတွေ အစုလိုက် ပေါ် လာတယ်။ နည်းနည်း ထိမိရုံ ဒါမှမဟုတ် သူ့ဘာသာသူ ပေါက်ပြီး အရည်ထွက်လာတယ်။ အနာဖေးတက်ပြီး ခြောက်လာကာ ကွာထွက်သွားတယ်။ အားလုံး ၁-၂ ပတ်လောက် ကြာတတ်တယ်။

ရေယုန်ဖြစ်ပြီး အနာကျက်တဲ့အခါ အမာရွတ် ကျန်လေ့မရှိပါဘူး။ ဒါပေမဲ့ ဗိုင်းရပ်စ်ပိုး က ခန္ဓာကိုယ် အတွင်းမှာ ကျန်နေတုန်းပဲ။ အရေပြားကနေ တစ်ဆင့် အာရုံကြောဆဲလ်တွေဆီ ကူးပြောင်းရောက်ရှိသွားပြီး ငြိမ်သက်နေလေ့ရှိတယ်။ အများစုက နှုတ်ခမ်းရေယုန် ဖြစ်လေ့ မရှိဘူး။ ဒါပေမဲ့ လူတချို့မှာတော့ ရေယုန်ပြန်ဖြစ်၊ ပြန်ပေါက်ကြတယ်။ ပထမ ဖြစ်တဲ့နေရာမှာ ဖြစ်စေ၊ ဘေးနေရာမှာ ဖြစ်စေ၊ ပြန်ဖြစ်တယ်။ ခဏခဏ ပြန်ဖြစ်နေတတ်သလို အချိန်ကြာမှ ပြန်ဖြစ်တာလည်း ရှိပါတယ်။ 

နှုတ်ခမ်း ရေယုန် ဖြစ်စေတတ်တာတွေကတော့ အအေးမိခြင်း၊ ဖျားခြင်း၊ နေရောင်ခြည် ထိတွေ့ခြင်း၊ ဓမ္မတာရာသီပေါ်ခြင်း စတာတွေ ဖြစ်တတ်တယ်။ ဒါပေမဲ့ ဘာမှန်းမသိတဲ့ အခြား အကြောင်းအရာတွေ ရှိသလို ဘယ်လို၊ ဘယ်အချိန်မှာ ပြန်ဖြစ်မယ် ဆိုတာလည်း မသိကြတာ များတယ်။ တစ်ခု ကောင်းတာက ပြန်ဖြစ်တဲ့ရေယုန်ဟာ အရင်လောက် ဆိုးရွားလေ့ မရှိဘူး။ 

နှုတ်ခမ်း ရေယုန် ပေါက်တဲ့ ပုံစံက သိပ်သိသာလွန်းတာမို့ ဆရာဝန် ဖြစ်စေ၊ လူနာ ကိုယ်တိုင်ဖြစ်စေ ရေယုန်ပေါက်နေမှန်း သိကြတာပါပဲ။ ရောဂါ မသေချာရင်တော့ အနာအောက်ခြေကို ခြစ်ယူပြီး အဏုကြည့်မှန်ဘီလူးနဲ့ ကြည့်တာ ဖြစ်စေ၊ ပိုးမွေးတာဖြစ်စေ လုပ်နိုင်သည်။ ဒါကြောင့် နှုတ်ခမ်း ရေယုန် မကြာခဏ ပြန်ဖြစ်ရင် မိမိဘာသာ မကုပါနဲ့။ ဆရာဝန်နဲ့ ပြသပါ။ ကာကွယ်ဆေး မရှိပေမဲ့ ကုသဆေး ရှိတယ်။ ဒါမှ ပြန်မဖြစ်အောင် ဆောင်ရွက်နိုင်သည်။

အရေးကြီးတာ တစ်ခုက ရေယုန် အနာကို ထိတာ၊ ပွတ်တာလုပ်ပြီး မျက်စိနဲ့ မျက်လုံးတစ်ဝိုက်မှာ ရေယုန်ဖြစ်ရင် အရေးကြီးပါသည်။ ရောင်ရမ်းမှု ဆိုးရွားပြီး မျက်စိကွယ်တဲ့ အထိ ဖြစ်နိုင်ခြေ ရှိလို့ပါ။ မျက်လုံးတစ်ဝိုက်မှာ ရေယုန်ဖြစ်ရင် မျက်စိ ဆရာဝန်နဲ့လည်း ချက်ချင်း ပြသရမယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာစိုးဝင်းဦး
Ziwaka magazine, May 2014, Pg. 61-62



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18