Print

ဦးရေပြား ယားယံလျှင် သတိပြုသင့်သောအချက်များ

  25-Feb-2017
Preview Image

ဦးရေပြား ယားယံလျှင် သတိပြုသင့်သောအချက်များ
၁။ ဆံပင်အလှပြင်ပစ္စည်းများကို ပြောင်းလဲပါ။

ဦးရေပြားယားတာ မကြာခဏဖြစ်ပေါ်နေပါက သင်အသုံးပြုနေတဲ့ ဆံပင်အလှပြင်ပစ္စည်းတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဆံပင်အလှပြင်ပစ္စည်းတွေ မှာပါဝင်တဲ့ ဓာတုပစ္စည်းတွေကို ခေါင်းလျှော်တဲ့အခါ ပြောင်စင်အောင် မဖယ်ရှားနိုင် တာကြောင့်လည်း ဦးရေပြား ယားယံတာကို ဖြစ်စေပါတယ်။ သင်အသုံးပြုနေ တဲ့ ခေါင်းလျှော်ရည် ၊ ကွန်ဒစ်ရှင်နာ ၊ ခေါင်းလိမ်းဆီ၊ ခေါင်းလိမ်းဂျယ်လီတွေ ကို ပြန်လည်ဆန်းစစ်ပါ။

၂။ ခေါင်းလျှော်ပြီးနောက် သဘာဝအတိုင်း ဆံပင်အခြောက်ခံပါ။

ခေါင်းလျှော်ပြီးတဲ့အခါ လေမှုတ်အခြောက်ခံစက်နဲ့ ဆံပင်ကို အခြောက်ခံတာက ဆံသားနဲ့ ဦးရေပြားကို ခြောက်သွေ့စေပါတယ်။ ဆံသားအစိုကို ခြောက်သွေ့အောင် ဖြန့်မထားဘဲ စည်းနှောင်ထားတာမျိုးက ခေါင်းလျှော်ပြီးနောက် ကျန်ခဲ့တဲ့ အကြွင်းအကျန်တွေ ဦးရေပြားပေါ် စုမိစေပါတယ်။ ဒါအပြင် စိုစွတ်နေတာကြောင့် ပတ်ဝန်းကျင်မှ ပိုးမွှားတွေ ဆံသားမှာ ကပ်ငြိပေါက်ဖွားနိုင်ခြေကို များစေပါတယ်။ ဦးရေပြား မှိုစွဲတာကို ကာကွယ်လိုပါက ဆံသားခြောက်သွေ့အောင် သဘာဝအတိုင်း အခြောက်ခံပေးပါ။

၃။ အယ်လ်ကိုဟောနှင့် ဓာတုပစ္စည်း မပါဝင်တာကို ရွေးချယ်ဝယ်ယူပါ။ 

အယ်လ်ကိုဟော ပါဝင်တဲ့ ခေါင်းလျှော်ရည်တွေက ဦးရေပြားကို ခြောက်သွေ့စေလို့ ယားယံတာကို ပိုမိုခံစားရနိုင်ပါတယ်။ ခေါင်းလျှော်ရည်အမျိုးအစားပေါင်းစုံကို မကြာခဏ ပြောင်းသုံးတာမျိုးလည်း မလုပ်သင့်ပါ။ 

၄။ နေလောင်ခြင်းမှာ ကာကွယ်ပါ။

ဦးရေပြားပေါ် နေရောင်ခြည် ထိတွေ့မှုများပါက ယားယံမှုတွေ ခံစားရနိုင်ပါတယ်။ နေပူထဲထွက်တဲ့အခါ ဦးထုပ်၊ ထီး၊ ခမောက်တွေဆောင်းပြီး နေရောင်ကာကွယ်ဖို့ လိုပါတယ်။

၅။ ကျန်းမာရေးနှင့် ညီညွတ်စွာ စားသောက်ပါ။

စားသုံးတဲ့ အစားအစာတွေမှာ မရှိမဖြစ်အဆီဖြစ်တဲ့ အိုမီဂါ-၃ ချို့တဲ့ပါက ဦးရေပြားခြောက်သွေ့ပြီး ယားယံတာကို ခံစားရနိုင်ပါတယ်။ ဦးရေပြားကျန်းမာစေဖို့ ဗီတာမင်တွေနဲ့ ဇင့်ဓာတ်ပါဝင်တာတွေ စားသုံးဖို့လိုပါတယ်။

၆။ ဗီတာမင် E ဖြည့်စွက်သောက်ပါ။

ဗီတာမင် E က အရေပြားကျန်းမာစေဖို့ အကောင်းဆုံးအာဟာရပါ။ အစေ့အဆန်၊ အုတ်ဂျုံ၊ ဟင်းသီးဟင်းရွက်အဆီတွေကနေ ရရှိနိုင်ပြီး ဦးရေပြားခြောက်သွေ့တာ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ခေါင်းလျှော်ရည်ဝယ်ယူတဲ့အခါ ဗီတာမင် E ပါဝင်တာကို ရွေးချယ်ဝယ်ယူပါ။

၇။ ရေဓာတ်ပြည့်ဝပါစေ။

ခန္ဓာကိုယ်မှာ ရေဓာတ်မပြည့်ဝပါက အရေပြားခြောက်သွေ့စေသလို ဦးရေပြားကိုလည်း ခြောက်သွေ့စေပြီး ယားယံမှုကို ဖြစ်ပေါ်စေပါတယ်။

၈။ စိတ်ဖိစီးမှုကို ဖယ်ရှားပါ။

စိတ်ဖိစီးမှုတွေ ခံစားရတဲ့အခါ ဆံပင်ကျွတ်တဲ့ဖြစ်စဉ်ကို မြန်ဆန်စေလို့ ခေါင်းဖြီးတိုင်း ဆံပင်တွေ ကျွတ်လာတာကို သတိပြုမိနိုင်ပါတယ်။ စိတ်ဖိစီးမှုကြောင့် ခန္ဓာကိုယ်မှာ ဟော်မုန်းတွေ အထွက်များတဲ့အတွက် ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှုတွေ ဖြစ်စေတဲ့ ဓာတ်တွေကို ပိုမိုထွက်စေပါတယ်။ စိတ်ဖိစီးမှုလျော့နည်းစေဖို့ နေ့စဉ်ပုံမှန် လေ့ကျင့်ခန်း ပြုလုပ်တာ၊ တရားထိုင်တာ၊ ယောဂကျင့်တာတွေ ပြုလုပ်ပေးပါ။ မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင်နေပါ။ ကိုယ်ပိုင်အချိန်ထားပါ။

၉။ ကြက်သီးနွေးရေနှင့် ခေါင်းလျှော်ပါ။

ခေါင်းလျှော်တဲ့အခါ ရေအေးနဲ့ လျှော်မယ့်အစား ကြက်သီးနွေးရေနဲ့ လျှော် ပါ။ ရေအေးနဲ့ ခေါင်းလျှော်တာက ဦးရေပြား ခြောက်သွေ့စေနိုင်တာကြောင့်ပါ။

၁၀။ တစ်ကိုယ်ရေသန့်ရှင်းမှု ဂရုစိုက်ပါ။

အိပ်ရာခင်း၊ ခေါင်းအုံး၊ စောင်တွေကို သန့်ရှင်းစွာ လျှော်ဖွပ်ပြီး အသုံးပြုပါ။ ခေါင်းဖြီးတဲ့ဘီး၊ ဘရပ်ချ်တွေကို တခြားသူတွေနဲ့ မျှဝေသုံးတာမျိုး မလုပ်သင့်ပါ။ လက်သည်းကို သန့်ရှင်းစွာ ထားရှိသင့်ပြီး လက်နဲ့မကြာခဏ ခေါင်းကုတ်တာကိုလည်း ရှောင်ဖို့လိုပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဇာခြည်လင်း (ဆေးဝါးတက္ကသိုလ်)
Arogyam magazine, September 2015, No.278,Pg86-88



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18