Print

သာမန်ဝက်ခြံနဲ့ ဆေးဝက်ခြံ ဘာကွာသလဲ

  25-Feb-2017
Preview Image

သာမန်ဝက်ခြံနဲ့ ဆေးဝက်ခြံ ဘာကွာသလဲ
ဝက်ခြံပေါက်တဲ့ နေရာမှာလည်း ကွာခြားပါတယ်။ သာမန်ဝက်ခြံကတော့ အားလုံး သိကြတဲ့အတိုင်း မျက်နှာမှာပဲ ပေါက်တာပါ။ ဒါပေမယ့် ဆေးတွေကြောင့် ပေါက်လာတဲ့ ဆေးဝက်ခြံဆိုတဲ့ အဖုလေးတွေကတော့ မျက်နှာမှာလည်း ပေါက်တတ်တဲ့အပြင် ရင်ဘတ်နဲ့ ကျောအပေါ်ပိုင်းတွေမှာ ပိုပြီးတွေ့ရတတ်ပါတယ်။ ပေါက်လိုက်ရင်လည်း နည်းနည်းပါးပါးမဟုတ်ဘဲ အပြင်လိုက်အခဲလိုက်ပါ။ သာမန်ဝက်ခြံကတော့ တစ်လုံးစ၊ နှစ်လုံးစလည်း ပေါက်နိုင်သလို အုံလိုက်ကျင်းလိုက်လည်း ပေါက်နိုင်ပါတယ်။ 

ဒါ့အပြင် ပြည်ဝတ်တည်ပြီး မှည့်နေတဲ့ ဝက်ခြံဖုကြီးတွေရှိသလို ဝက်ခြံအမာရွတ်တွေ၊ အညိုမဲအရာတွေလည်း ရှိနေတတ်ပါတယ်။ ဆိုလိုတာက ဝက်ခြံဖုတွေဟာ အသွင် အမျိုးမျိုး ရောကောသောရောတွေပါ။ ဒါပေမယ့် ဆေးဝက်ခြံကျတော့ အဖုလေးတွေအားလုံး ဟာ များသောအားဖြင့် အရွယ်တူတူညီညီပါ။ ရောင်ရမ်းတဲ့အသွင်မျိုးရှိတာ ရှားပါတယ်။ 

တချို့တလေကတော့ ပြည်ဖုလေးတွေ ဝတ်နေတာမျိုး ရှိတတ်ပါတယ်။ နောက်ပြီး သာမန်ဝက်ခြံလို ပျောက်ကင်းသွားပြီးတဲ့အခါ အမာရွတ်ကျန်ခဲ့တာမျိုး ရှားပါတယ်။ ကံကောင်းတာပေါ့။ တကယ်တမ်းအနီးကပ် သေချာကြည့်ရင် တွေ့နေကျ ဝက်ခြံဖုတွေ ရဲ့ထိပ်မှာ ကော်မီဒုံး (comedone) ဆိုတဲ့ ဝက်ခြံခေါင်း၊ ဝက်ခြံဆံရှိပါတယ်။ ဒါပေမယ့် ဆေးဝက်ခြံဖုလေးတွေမှာတော့ အဆံမရှိပါဘူး။ ဒီတော့ဆေးဝက်ခြံဖုတွေကို ညှစ်ကြည့်ရင် အဆံမထွက်ပါဘူး။

ဝက်ခြံနဲ့တူတဲ့ အဖုလေးတွေဟာ စောစောကပြောခဲ့သလို စတီးရွိုက်စားဆေး၊ ထိုးဆေးတွေကြောင့် အဓိကဖြစ်တာများပါတယ်။ ဒါပေမယ့် စတီးရွိုက်လိမ်းဆေးတွေကလည်း ဒုက္ခပေးနိုင်တာပါပဲ။ စတီးရွိုက်တွေဆိုတာလဲ တချို့ရောဂါတွေကို ဆေးကုသရာမှာ အစားထိုးစရာမရှိတော့ သုံးကိုသုံးနေကြရဆဲပါ။ ဒီတော့ ဘေးထွက်ဆိုးကျိုးအနေနဲ့ ဝက်ခြံလိုအဖုလေးတွေကို မကြာခဏ ကြုံနေကြရတာပါ။ ထူးဆန်းတာက စတီးရွိုက်ဆေးတွေကို သုံးစွဲတဲ့သူတိုင်း ပေါက်ချင်မှပေါက်တာပါ။ ဝက်ခြံအခံရှိသူတွေကတော့ ချက်ချင်းလိုလိုကို အများကြီးပေါက်လာတာပါ။ ဒီလို အသုံးများတဲ့ စတီးရွိုက်ဆေးတွေအပြင် တီဘီဆေးတွေ၊ စိတ်ကျန်းမာရေး ဆေးတွေကြောင့်လည်း ဝက်ခြံလိုအဖုတွေ ပေါက်တတ်ပါသေးတယ်။ ထုံးစံအတိုင်း အရပ်ကတော့ ဆေးတွေကြောင့် အပူကန်တဲ့ အပူဖုလေးတွေ လို့ပဲ ခေါ်လေ့ရှိပါတယ်။ အိုင်အိုဒိုက် (Iodides)၊ ဗရိုမိုက် (Bromides)၊ လစ်သီယမ် (Lithium) ပါဝင်တဲ့ ဆေးတွေဆိုရင် ဒီလိုအပူဖုတွေပေါက်တာ များပါတယ်။

ကျွန်တော်တို့နိုင်ငံမှာ အရပ်ထဲသုံးနေကြတဲ့ အပူငြိမ်းဆေး၊ သွေးသန့်ဆေး၊ သွေးပုပ်ချဆေးစတဲ့ တိုင်းရင်းဆေးတချို့ကို သုံးစွဲပြီးတဲ့နောက်လည်း ဒီလိုအပူဖုတွေပေါက်တာမျိုး မကြာခဏကြုံလေ့ရှိပါတယ်။ အဲဒီဆေးတွေထဲမှာ ဘယ်လိုဆေးတွေ၊ ဓာတုပစ္စည်းတွေ ပါဝင်တယ်ဆိုတာတော့ မသိရပါဘူး။ 

တကယ်လိုအပ်လို့ ဆေးသောက်ပြီး ဝက်ခြံလိုအပူဖုတွေ ပေါက်တာအကြောင်း မဟုတ်ပါဘူး။ ဆေးဖြတ်ပြီးရင် တဖြည်းဖြည်းနဲ့ ပျောက်သွားမှာပါ။ ဘယ်လိုဖြတ်ဖြတ် ဆရာဝန်ညွှန်တဲ့ ဆေးသောက်လို့၊ လိမ်းလို့ တစ်ခုခုထူးခြားရင် အဲဒီဆရာဝန်ဆီပဲ ပြန်
သွားပြပေါ့။ ဆေးဆိုတာ ဘေးထွက်ဆိုးကျိုးအနည်းနဲ့အများ ရှိတာချည်းပါ။ တကယ်တော့ ဝက်ခြံလား၊ အပူဖုလားဆိုတာ ခွဲခြားပြီးမှ သင့်တော်သလို ကုသရမှာပါ။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Ref:
ဒေါက်တာကျော်ကျော်
(အရေပြားအထူးကုဆရာဝန်ကြီး)
Ziwaka magazine, November 2014, Pg. 38-39



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18