Print

ညှင်းပေါက်ခြင်း

  25-Feb-2017
Preview Image

ညှင်းပေါက်ခြင်း
ဘယ်အရွယ်တွေမှာ ညှင်းပေါက်တာ အများဆုံးတွေ့ရတတ်သလဲ…
အရေပြားအဆီအိတ်တွေ အလွန်ဖွံ့ဖြိုးတဲ့ လူငယ်လူလတ်ပိုင်း အရွယ်မှုာ အဖြစ်များပါတယ်။ အသက် ငါးဆယ်၊ ခြောက်ဆယ်အရွယ် နောက်ပိုင်းမှာ ညှင်းပေါက်တာ ညှင်းပေါက်တာ တဖြည်းဖြည်း နည်းလာတာပေါ့။

 

ညှင်းကဘာလို့ပေါက်ရတာလဲ
Malassezia furfur ဆိုတဲ့ အရေပြားမှိုတစ်မျိုးကြောင့် ဖြစ်ရတာပါ။ အဲဒီမှိုက အရေပြားမှာရှိတဲ့ အဆီဓာတ်ကို အင်မတန်ကြိုက်နှစ်သက်ပါတယ်။ ဒါကြောင့် လူပျိုအပျိုဖိုဝင်စမှာ Sebaceous gland လို့ခေါ်တဲ့ အရေပြားအဆီအိတ်တွေ စတင်ဖွံ့ဖြိုးလာတာကြောင့် အဲဒီအချိန်ကစပြီး ညှင်းပိုပေါက်နိုင်တာပေါ့။

 

ညှင်းက ကူးတတ်ပါသလား
ညှင်းက မကူးတတ်ပါဘူး။ ဒီညှင်းဖြစ်စေတဲ့ မှိုက လူတိုင်းရဲ့ အရေပြားပေါ်မှာ နဂိုကတည်းက အနည်းအကျဉ်း ရှိနေပြီးသားပါ။ ကာရာတင် (Keratin) လို့ခေါ်တဲ့ အရေပြားရဲ့အပေါ်ဆုံး အလွှာမှာရယ်၊ ဆံချည်မျှင်အိတ်တွေထဲမှာရယ် ဘာမှဒုက္ခမပေးဘဲ ရှိနေတတ်ပါတယ်။

 

ဘယ်လိုအခြေအနေတွေ၊ ဘယ်လိုလူတွေမှာ ညှင်းပိုပေါက်နိုင်သလဲ 
ပူအိုက်လွန်းသေးတဲ့ ဝန်းကျင်မှာ အလုပ်လုပ်ရတဲ့သူတွေမှာ ညှင်းပိုပေါက် တတ်ပါတယ်။ တစ်ဆက်တည်းပြောရရင် ချွေးထွက်များတဲ့သူတွေ ပိုပေါက်တတ်ပါတယ်။ ဆရာ့အတွေ့အကြုံရဆိုရင် ချွေးထွက်များလို့ အတွင်းခံစွပ်ကျယ် ယတ်လေ့ရှိသူတွေမှာ သန့်ရှင်းမှုမရှိရင် ပိုပြီးညှင်းပေါက်တာတွေ့ရပါတယ်။ အဆီပြန်တဲ့သူတွေမှာလည်း ညှင်းတွေ သိသိသာသာများတတ်ပါတယ်။ ဆရာစောစောက ပြောခဲ့သလို ညှင်းပိုးက အရေပြားအဆီကို ကြိုက်တတ်တာမို့ပါ။ နောက်တစ်ချက်ကတော့ မျိုးရိုးနှင့်လည်းဆိုင်ပါတယ်။ မိဘတွေမှာ ညှင်းပေါက်တဲ့ ရာဇဝင်ရှိခဲ့ရင် သားသမီးတွေမှာလည်း ပေါက်နိုင်ပါတယ်။ ကောတီကိုစတီရွိုက် သောက်ဆေးတွ ရေရှည်သောက်ရတဲ့ ပုဂ္ဂိုလ်တွေမှာလည်း ညှင်းပေါက်လွယ်ပါတယ်။ ဥပမာ ပြောရရင် SLE လို့ခေါ်တဲ့ အရေပြားလေးဖက်နာ ဝေဒနာရှင်တွေမှာ အဲဒီစတီးရွိုက်သောက်ဆေးတွေ ရက်ရှည်သောက်တဲ့အခါ ညှင်းပြောက်လေးတွေ ထွက်လာတတ်ပါတယ်။ HIV/AIDS စတဲ့ ကိုယ်ခံအားကျ ဝေဒနာသည်တွေမှာလည်း ညှင်းပိုပေါက်တတ်ပါတယ်။

 

ဘယ်ရာသီမှာ ပိုအဖြစ်များပါသလဲ
နွေရာသီမှာ ပိုပေါက်တာပေါ့။ လေ့လာချက်တစ်ခုအရ လူတစ်ရာမှာ
နှစ်ဆယ်လောက်ထိတောင် ပေါက်နိုင်တယ်လို့ သိရပါတယ်။ ဆောင်းတွင်းမှာတော့ နည်းသွားတာပေါ့။

 

ဘယ်နေရာတွေမှာ ညှင်းပိုပေါက်တာများသလဲ 
ရင်ဘတ်နဲ့ကျော၊ ချိုင်းတို့မှာ အတွေ့များပြီး လည်ပင်းနှင့် မျက်နှာတို့မှာ လည်း ပေါက်လေ့ရှိပါတယ်။ ပေါင်ခြံတို့၊ ပေါင်တို့မှာလည်း ပေါက်တာပါပဲ။

ဘယ်လိုညှင်းက ဖြူစေတာလဲ …
အသားညိုတဲ့ လူနာတွေမှာ ညှင်းဟာ အဖြူရောင်ရှိပေမယ့် အသားဖြူတဲ့ ပုဂ္ဂိုလ်တွေကျတော့ ညှင်းဟာ အညိုရောင်၊ အနီရောင်အနေနဲ့ တွေ့ရတတ်ပါတယ်။ ညှင်းပိုးမှာ အင်ဇိုင်းဓာတ်တစ်မျိုး ပါပါတယ်။ အဲဒီဓာတ်နဲ့ အရေပြားအဆီတို့ ဓာတ်ပြုပြီး Dicarboxylic ဆိုတဲ့ အက်စစ်အပျော့စား တစ်မျိုးပြောင်းသွား ပါတယ်။ ဒီဆက်စစ်က အရေပြားကို ဖြူစေတာပါ။

 

ညှင်းက ယားတတ်သလား
ချွေးထွက်များတဲ့အချိန် နည်းနည်းယားတတ်တာကလွဲလို့ ဘာမှဒုက္ခမပေးပါဘူး။ လူမြင်တဲ့ နေရာဖြစ်တဲ့ မျက်နှာတို့၊ လည်ပင်းတို့မှာ ဆိုရင်တော့ အလှအပ ထိခိုက်တတ်တာမျိုး ရှိပါတယ်။ အထူးသဖြင့် မိန်းကလေးတွေမှာ ဆိုရင်ပေါ့။

 

ညှင်းက ဘာရောဂါတွေနဲ့မှားနိုင်သလဲ
ညှင်းကွက်တွေများရင်တော့ မြင်တာနဲ့ ညှင်းမှန်းသိသာပါတယ်။ တခြားရောဂါတွေနဲ့ မှားခဲပါတယ်။ ဒါပေမဲ့ ညှင်းကွက်တွေက ပေါက်ခါစမှာတော့ ကြက်ဖင်ဆိုတဲ့ ရောဂလိုလို၊ ခရုသင်းလိုလို၊ ပွေးကွက်လိုလို၊ အနာကြီးရောဂါ ကွက်လိုလိုနှင့် မှားနိုင်ပါတယ်။

 

ညှင်းကို ဘယ်လိုကုနိုင်သလဲ 
လိမ်းဆေး စားဆေးတွေ မျိုးစုံအောင်ရှိပါတယ်။ လိမ်းဆေးဖြစ်ဖြစ် ဆေးကိုနှစ်ပတ်၊
သုံးပတ်လောက်အထိ ဆေးပတ်လည်အောင် လိမ်းဖို့၊ စားဖို့လိုပါတယ်။ လိမ်းဆေးတွေအပြင် ဆယ်လီနီယမ် ဆာလဖိုက်၊ ကီတိုကိုနာဇော ရှန်ပူဆိုတဲ့ ခေါင်းလျှော်ရည်တွေ သုံးလည်းရပါတယ်။ အဲဒီ ခေါင်းလျှော်ရည်တွေကို သုံးရင်တော့ သာမန်ခေါင်းလျှော်ရည်တွေလို ရေချက်ချင်း လောင်းချလို့ မရပါဘူး။ အနည်းဆုံး လေးငါးမိနစ်လောက် ဦးခေါင်း၊ လည်ပင်း၊ ရင်ဘတ်စတဲ့ နေရာတွေမှာ လိမ်းကျံပြီးမှ ရေချိုးပေးရမှာပါ။

 

ညှင်းကပြောက်ပြီးရင် ပြန်ဖြစ်တတ်သလား
ပြန်ဖြစ်တတ်ပါတယ်။ အဲဒါကြောင့် အခု ဆရာပြောခဲ့တဲ့ဆေးတွေကို ဆရာဝန်ညွှန်ကြားချက်နှင့်ပဲ သုံးစွဲသင့်ပါတယ်။ ဆေးပတ်မလည်ရင်
ပြန်ဖြစ်တတ်ပါတယ်။ 

 

ညှင်းပြန်မဖြစ်အောင်၊ ညှင်းမပေါက်အောင် ကြိုတင်ကာကွယ်လို့ရသလား 
ရပါတယ်။ ချွေးထွက်များတဲ့ ပုဂ္ဂိုလ်၊ ပူအိုက်ခြောက်သွေ့တဲ့ အရပ်ဝန်းကျင်မှာ နေတဲ့သူတွေ၊ စတီးရွိုက်ဆေးများ သောက်နေတဲ့ ပုဂ္ဂိုလ်တွေဟာ တစ်ကိုယ်ရေသန့်ရှင်းရေး ထိမ်းသိန်းဖို့ လိုပါတယ်။ ဆရာပြောခဲ့တဲ့
ခေါင်းလျှော်ရည်တွေကို တစ်ပတ်လျှင် အနည်းဆုံး တစ်ကြိမ်၊ နှစ်ကြိမ်
လျှော်ပေးသင့်ပါတယ်။ ချွေးထွက်တဲ့ရင်ဘတ်၊ ချိုင်း၊ ပေါင်ခြံစတဲ့ နေရာတွေကိုလည်း ကလိုထရိုင်မာဇိုးပါတဲ့ မှိုသတ်ဆေးပေါင်ဒါမှုန့်များ ထည့်ပေးရင်ပိုကောင်းပါတယ်။ 

 

ညှင်းပေါက်တာနဲ့ ပတ်သက်ပြီး မှာကြားချင်တာတွေ
ညှင်းဟာ ဘာမှအန္တရာယ်မရှိပေမယ့် ညှင်းနဲ့တူတဲ့ အနာကြီးရောဂါ၊ ခရုသင်းရောဂါစတဲ့ ရောဂါတွေဟာ စောစောစီးစီးမကုရင် အန္တရာယ်ရှိပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ပေါ်မှာ အဖြူကွက်လေးတွေတွေ့ရင် ညှင်းထင်သည်ဖြစ်စေ၊ မထင်သည်ဖြစ်စေ၊ ရှင်းရှင်းလင်းလင်း သိရအောင် နီးရာဆရာဝန်နဲ့ ပြသတိုင်ပင်ပြီး လိုအပ်သလိုကုသသင့်ပါကြောင်း အကြံပြုလိုပါသည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး

Ref:
ဒေါက်တာကျော်ကျော်
(အရေပြားအထူးကု)
Health for all magazine, April 2013, Pg. 62-63



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18