Print

ကလေးများတွင်ဖြစ်တတ်သော နှာစေး၊ ချောင်းဆိုး

  21-Mar-2017
Preview Image

နှာရည်တွဲလွဲနှင့် ချောင်းလေးတဟွတ်ဟွတ်ဆိုးနေကြသော ကလေးများကို နှာစေး၊ ချောင်းဆိုးပဲဟု ဂရုမစိုက်ဘဲ နေလိုက်မိလျှင် အဆုတ်ရောင်ရောဂါသို့ ကူးပြောင်းသွားပြီး ဒုက္ခရောက်နိုင်သည်ကို မိဘတို့ သိဖို့လိုပေသည်။

 

များသောအားဖြင့် 

နှာစေးချောင်းဆိုးရောဂါတို့သည် သူ့အလိုလို ပျောက်သွားတတ်ပါသည်။ သို့ရာတွင် တစ်ခါတစ်ရံ ထိုနှာစေးချောင်းဆိုးမှ အဆုတ်ရောင်ရောဂါ ဝင်ခဲ့ပါလျှင် ကလေးသည် အသက်အန္တရာယ် စိုးရိမ်ရသည်အထိ ဖြစ်သွားနိုင်ပါသည်။ ထိုသို့ စိုးရိမ်စရာအခြေအနေ မဖြစ်လာအောင် မိဘတို့သည် မိမိတို့ သားသမီးများ၏ နှာစေးချောင်းဆိုးရောဂါ အခြေအနေကို သိထားသင့်ပေသည်။ 

 

ကလေးသည် ပုံမှန်အသက်ရှူ နေရာမှ တဖြည်းဖြည်း အသက်ရှူနှုန်း တစ်မိနစ်အတွင်း အခါ ၅၀ ထက်မနည်း မြန်မြန်ရှူလျှင်သော်လည်းကောင်း၊ ကလေး၏ ရင်ခေါင်းအောက်ပိုင်း၊ ဝမ်းဗိုက်အထက် ရင်ညွှန့်သည် အသက်ရှူတိုင်း ချိုင့်ချိုင့် ဝင်သွားလျှင် သော်လည်းကောင်း၊ အစားအသောက် မစားတော့ဘဲ မှိန်းနေလျှင် သော်လည်းကောင်း ကလေး၏ အခြေအနေသည် စိုးရိမ်ဖွယ် အခြေအနေ ဖြစ်နိုင်သဖြင့် တတ်သိနားလည်သော ဆရာဝန်၊ ဆရာမများနှင့် ပြသ၍ လိုအပ်သော ကုသမှုကို ခံယူသင့်ပါသည်။

 

အချို့ကလေးတို့သည် ရိုးရိုးသာမန် အအေးမိ နှာစေးချောင်းဆိုးမှ အဆုတ်ရာင်၊ အဆုတ်ပွရောဂါတို့ နောက်ဆက်တွဲအဖြစ် ကူးပြောင်းသွားကြသည်ရှိသလို အချို့ကလေးများသည်လည်း ၂ ရက်၊ ၃ ရက်မျှဖြင့် နှာစေးချောင်ဆိုး သက်သာသွားသည်လည်း ရှိပေသည်။ မည်သည့်အတွက် ဤသို့ခြားနားမှုများ ဖြစ်ရကြောင်း လေ့လာကြည့်သောအခါ မိခင်နို့ကို တစ်သမတ်ထဲ စို့ရသောကလေးများသည် နောက်ဆက်တွဲရောဂါများ အဖြစ်နည်းသည်ကို တွေ့ရပေသည်။ မိခင်၏ 

 

နို့ရည်တွင် ရောဂါပိုးတို့ကို ခုခံကာကွယ်နိုင်သောအစွမ်း ပါပြီးဖြစ်သည်။ ထို့ကြောင့် မိခင်နို့စို့သော ကလေးများသည် နို့ဘူးစို့သော ကလေးများထက် အဆုတ်ရောင် ရောဂါ အဖြစ်နည်းကြလေသည်။ ထိုနည်းတူစွာပင် အာဟာရပြည့်ပြည့်ဝဝ စားသောက်နေသော ကလေးသည် အဆုတ်ရောင်ရောဂါ အဖြစ်နည်းကြသည်ကိုလည်း လေ့လာတွေ့ရှိရပေသည်။

 

 တောက်ပသည့် အနီ၊ အဝါ အရောင်ရှိသော အသီးအနှံများနှင့် အရွက်စိမ်းစိမ်းတို့၌ ဗီတာမင် အေ (Vitamin A) ဓာတ်ပါကြသည်။ ထို ဗီတာမင်အေသည်လည်း အဆုတ်ရောင်ရောဂါကို အဖြစ်နည်းစေပြန်သည်။ အဆုတ်ရောင်ရောဂါကို အဖြစ်နည်းစေပြန်သည်။ အဆုတ်ရောဂါ (တီဘီရောဂါ)၊ ကြက်ညှာချောင်းဆိုးရောဂါနှင့် ဝက်သက်ရောဂါတို့သည်လည်း အဆုတ်ကို ရောင်ပွစေနိုင်သဖြင့် ကလေးအား ထိုရောဂါများ မဖြစ်အောင် အသက်တစ်နှစ် မပြည့်ခင် ၎င်းကာကွယ်ဆေးများကို ထိုပေးထားစေသင့်ပါသည်။ လူများများနှင့် ရောရောနှောနှောနေထိုင် အိပ်စက်ရလျှင် နှာစေး၊ ချောင်းဆိုးသည်။ ကူးစက်နိုင်သည်။ သို့အတွက် ကလေးငယ်သည် နို့တိုက်အရွယ်ဖြစ်ပါက မိခင်နှင့်အိပ်စေပြီး ကျန်ကလေးကြီးများကို သက်သက်ခွဲအိပ်စက်နိုင်လျှင် ပို၍သင့်တော်ပါသည်။

 

အကယ်၍ ကလေးသည် နှာစေးချောင်းဆိုးရောဂါ ဖြစ်ပြီး နို့အစို့နည်းခဲ့လျှင် အဆုတ်ရောင်ဖြစ်စေမည့် ရောဂါပိုးတို့ကို ခုခံကာကွယ်နိုင်အား လျော့ကျစေမည့်အပြင် ကလေး၏ ကြီးထွားမှုကိုလည်း ထိခိုက်စေနိုင် ပါသည်။ သို့အတွက် မိခင်နို့စို့နေသည့် ကလေးသည် နှာခေါင်းပိတ်၍ အစို့ရ ခက်နေသော် နည်းနည်းနှင့် ခဏခဏ တိုက်ပေးခြင်းဖြင့် အာဟာရကို မပြတ်ရစေနိုင်ပါသည်။ ပိတ်ဆို့နေသော နှာခေါင်းကိုလည်း ပိတ်ဆို့မှုကို ဖယ်ရှားပေးခြင်းဖြင့် နှာပိတ်ခြင်းကို သက်သာစေနိုင်ပါသည်။

 

ထိုသို့ ပြုစုပေးသည့်အခါ နို့မစို့နိုင်သေးလျှင် မိခင်နို့ကို ခွက်သန့်သန့်တွင်းသို့ ညှစ်စေပြီးဇွန်းသန့်သန့်ဖြင့် တိုက်ပေးနိုင်ပါသည်။ နို့မစို့တော့သည့် ကလေးကြီးများကိုမူ အစာအာဟာရကို နည်းနည်းနှင့် ခဏခဏ စားနိုင်သလောက် ကျွေးသင့်ပါသည်။ 

 

အထူးသဖြင့် အရည်များများ သောက်စေသင့်ပါသည်။ အရည်အဖြစ် သစ်သီးဖျော်ရည် လတ်လတ်ဆတ်ဆတ်၊ ခေါက်ဆွဲပြုတ်၊ ကြာဆံပြုတ် အစရှိသည်တို့ကိုလည်း သူတို့ အကြိုက်လိုက်၍ တိုက်ကျွေးသင့်ပါသည်။ နေမကောင်း၍ ခံတွင်းပျက်ပြီး အစာမစားခဲ့လျှင် ကလေးသည် ပိန်ချုံးသွားနိုင်ပါသည်။ ထို့ကြောင့် ထိုကဲ့သို့သော ကလေးများ ပြန်လည်နေကောင်းသွားပြီး တစ်ပတ်၊ နှစ်ပတ်အတွင်း တစ်နေ့လျှင် ခါတိုင်းစားသည့် အကြိမ်ရေထက် တစ်ကြိမ်လောက် ပို၍ ကျွေးသင့်ပါသည်။ 

 

သို့မှသာ ကလေး၏ နဂိုမူလအလေးချိန်သို့ ပြန်ရောက်နိုင်ပါမည်။တစ်နှစ်အောက်အရွယ် ကလေးငယ်များကို ထိုသို့ နှာစေးချောင်းဆိုး ဖြစ်နေသည့် အချိန်များတွင် နွေးနွေးထွေးထွေး ထားရန် လိုပါသည်။ သို့ရာတွင် အဝတ်များ၊ စောင်များ၊ သုံးထပ်၊ လေးထပ် ဝတ်ပေး၊ ခြုံပေးပြီး အပူပိုတက်စေရန်မူ မဟုတ်ပါ။ 

 

ကိုယ်ပူတိုင်းလည်း အခြေအနေ စိုးရိမ်ရသည်ဟု မဆိုလိုပါ။ ကိုယ်ပူစေကာကာမူ ကလေးသည် အသက်မှန်မှန်ရှူ၍ လန်းလန်းဆန်းဆန်းနှင့် စားသောက် ဆော့ကစား နေလျှင် စိတ်ပူရန် မရှိပါ။ ကလေးကို လေကောင်းလေသန့် ရနေပါစေ။ တံခါးများ အထပ်ထပ်ပိတ်ပြီး မီးခိုးများ၊ ဆေးလိပ်ခိုးများကို မရှူမိစေပါစေနှင့်။ ထိုသို့ဖြစ်လျှင် သာမန်နှာစေး ချောင်းဆိုးမှ အဆုတ်ရောင် အဆုတ်ပွခြင်းအဖြစ်သို့ ရောက်သွားနိုင်ပါသည်။

 

ထို့ကြောင့် နှာစေးချောင်းဆိုးရောဂါဖြစ်နေသော ကလေးအနီးတွင် ဆေးလိပ်မသောက်မိဖို့ အရေးကြီးပါသည်။ နှပ်များနှင့် ပိတ်ဆို့နေလျှင် ညင်သာစွာ ကော်ထုတ်ပြီး နှာပွင့်ပါစေ။ အချို့ဒေသများတွင် လုပ်လေ့ရှိသည့် နှာခေါင်းပေါ်တွင် ရေနံဆီ ဆွဲထားခြင်းမျိုး လုံးဝ မလုပ်မိပါစေနှင့်။ ရေနံဆီ၏ အငွေ့ဖြင့် အဆုတ်ရောင်ရောဂါကို ပို၍ဖြစ်စေနိုင်ပါသည်။ အသက်ရှူပိုကောင်းစေရန်၊ နှပ်များ ခဲပိတ်ခြင်း မရှိစေရန်နှင့် အာခေါင်လည်ချောင်း မခြောက်စေရန် ကလေးနေသော အခန်းတွင်း၌ အငွေ့ပြန်နိုင်သော ရေနွေးထည့်ထား သည့် အိုး (သို့) ရေနွေးပန်းကန် ထားပေးနိုင်လျှင် ကလေးအတွက်သက်သာစေနိုင်ပါသည်။

 

Credit:
ဒေါက်တာ ခင်မျိုးဟန် (ကလေးအထူးကု ဆရာဝန်ကြီး)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18