Print

Diaper Rash (သေးခံလောင်ခြင်း)

  28-Feb-2017
Preview Image

အကျဉ်းရှင်းလင်းချက်

သေးခံလောင်ခြင်းဆိုသည်မှာ သေးခံသုံးခြင်းကြောင့်ကလေး၏ တင်ပါးတွင် အရေပြားရောင်ရမ်းပြီး အနီအကွက်အကွက်များ ဖြစ်နေခြင်းဖြစ်ပါသည်။သေးခံလောင်ရခြင်းမှာ သေးခံအစိုဖြင့် အချိန်ကြာမြင့်စွာနေခြင်း၊ သေးခံမလဲပေးခြင်း ၊ ကလေး၏ အသားအရေနုခြင်း နှင့် ပွတ်တိုက်မိခြင်းတို့ကြောင့်ဖြစ်သည်။ ကလေးများတွင် အဖြစ်များလေ့ရှိပြီး သေးခံအသုံးပြုများသူများတွင် ဖြစ်လေ့ရှိသည်။ သေးခံလောင်ခြင်းသည် ကလေးများအား စိတ်အနှောက်အယှက်ဖြစ်စေပြီး မိဘများအား စိတ်ပူစေတတ်ပါသည်။ သို့သော် အိမ်တွင်း ကုသမှုများ ၊ သေးခံပုံမှန်ထိန်းပေးခြင်း၊ သေးခံလောင်သောနေရာများတွင် ဆေးလူးပေးခြင်းများဖြင့် ပျောက်ကင်းနိုင်ပါသည်။

 

လက္ခဏာများ
သေးခံလောင်ခြင်း၏ လက္ခဏာများမှာ -

-သေးခံစွပ်ထားသော တင်ပါး၊ ပေါင်ခြံနှင့် ကိုယ်အင်္ဂါ နေရာများတွင် အနီရောင် အကွက်အကွက်များတွေ့ရခြင်း -ကလေးအား သေးခံဝတ်ပေးထားချိန်တွင် နေမထိထိုင်သာဖြစ်ခြင်း၊ -ကလေးက သေးခံဝတ်ရန်ငြင်းဆန်ခြင်း (သို့မဟုတ်) သေးခံဝတ်သောနေရာအား ထိမိချိန်၊ ရေချိုးသန့်စင်ပေးချိန်တွင် ငိုခြင်း။

 

ဖြစ်ပွားရသော အကြောင်းရင်းများ
သေးခံလောင်ခြင်း ဖြစ်ပွားရသောအကြောင်းအရင်းများမှာ-

 

ဆီးနှင့် ဝမ်းများကြောင့်ဖြစ်ခြင်း- ဆီး၊ဝမ်းများ နှင့် အချိန်ကြာမြင့်စွာထိတွေ့ခြင်းကြောင့် ကလေး၏အရေပြားအား ပွန်းပဲ့ခြင်း၊လောင်ခြင်းများ ဖြစ်နိုင်သည်။ထိုပြင် ကလေး ဝမ်းပျက်ဝမ်းလျောဖြစ်ပါကလည်း ဝမ်းနှင့် ထိတွေ့မှုများသောကြောင့် သေးခံလောင်ခြင်းဖြစ်နိုင်သည်။သေးခံများတင်းကြပ်အောင် ဝတ်ခြင်းကြောင့်လည်း ပွတ်တိုက်မိခြင်းဖြစ်ပြီးသေးခံလောင်နိုင်သည်။ သေးခံ အမျိုးအစား ပြောင်းလဲအသုံးပြုခြင်းကြောင့်လည်း သေးခံလောင်ခြင်း ဖြစ်နိုင်သည်။ သေးခံများ ပုံမှန်မလဲပေးခြင်းကြောင့် ရိုးရိုးသေးခံလောင်ရာမှ ရောဂါပိုးများ ဝင်ရောက်ခြင်းလည်း ဖြစ်နိုင်ပါသည်။ ထိုသို့ဖြစ်ပါက သေးခံဝတ်သောနေရာ ပတ်ပတ်လည်တွင် အနီစက်များ တွေ့ရပါမည်။

 

ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ
ကလေး သေးလောင်သောနေရာမှ အရေပြားသည် အိမ်တွင်းဆေးကုထုံများနှင့် ရက်အနည်းအတွင်း မသက်သာပါက ဆရာဝန်နှင့်ပြသင့်ပါသည်။ သေးလောင်သောနေရာမှ အရေပြားသည် ပိုဆိုးလာခြင်း (သို့မဟုတ်) သာမန်မဟုတ်ခြင်း၊ အိမ်တွင်းဆေးကုထုံးများနှင့် ကုသသော်လည်း မသက်သာခြင်း၊ သေးလောင်သောနေရာမှ သွေးထွက်ခြင်း၊ အလွန်အမင်းယားခြင်း၊ ဆီးသွားရာတွင် ပူခြင်း၊ ဖျားခြင်း တို့ရှိပါက ဆရာဝန်နှင့် သွားရောက်ပြသသင့်ပါသည်။

 

ကုသခြင်း
သေးခံလောင်ခြင်းအတွက် အကောင်းဆုံးကုသနည်းမှာ ကလေး၏ တင်ပါးအား သန့်သန့်ရှင်းရှင်း ခြောက်ခြောက်သွေ့သွေ့ ထားရန်ဖြစ်ပါသည်။ အကယ်၍ အိမ်တွင်းကုထုံးများနှင့် မသက်သာပါက သင့်ဆရာဝန်မှ လိမ်းဆေးများ ညွှန်းနိုင်ပါသည်။ ကလေး၏ အရေပြားသည် နုနယ်သောကြောင့် လူးဆေးများအား မိမိသဘောဖြင့် ဝယ်မလူးသင့်ပါ။ သေးခံလောင်ခြင်းသည် ပျောက်ကင်းရန် အချိန်ကြာတတ်သော်လည်း မကြာခဏ ပြန်ဖြစ်တတ်ပါသည်။ အကယ်၍ မပျောက်ကင်းပါက အရေပြားအထူးကု ဆရာဝန်နှင့်ပြသင့်ပါသည်။

 

အိမ်တွင်းကုထုံးများ
သေးခံလောင်ခြင်းသည် အိမ်တွင်းဆေးနည်းများဖြင့် ကုသနိုင်သော ရောဂါတစ်မျိုးဖြစ်ပါသည်။

အိမ်တွင်းကုထုံးနည်းများမှာ -

-ကလေး၏ သေးခံဝတ်သောနေရာအား သန့်သန့်ရှင်းရှင်း ခြောက်ခြောက်သွေ့သွေ့ထားပါ။


-ကလေး၏ သေးခံအား စိုနေပါက မကြာခဏ လဲလှယ်ပေးပါ။ ကလေး၏ သေးခံအားချောင်ချောင်ချိချိ ဝတ်ပေးပါ။ သေးခံလောင်သည့် နေရာကို ခရင်မ် (သို့ မဟုတ်) Lotion လိမ်းပေးပါ။( ဇင့် အောက်ဆိုဒ် ခရင်မ် (Zinc oxide cream) လိမ်းပေးရပါသည်။


-နေ့စဉ်ရေချိုးပါ။ ရေနွေးနွေးနှင့် ရေချိုးပေးပါ။ ဆပ်ပြာ အပြင်းစားများ မသုံးပါနှင့်။

 

ကာကွယ်ခြင်း
သေးခံလောင်ခြင်းကို ကာကွယ်ရန်နည်းလမ်းများ

 

၁။ သေးခံအား မကြာခဏလဲပေးခြင်း

သေးခံလဲချိန်တိုင်းတွင် သင့်ကလေး၏ တင်ပါးအား ရေနွေးနွေးဖြင့် သန့်ရှင်းရေးလုပ်ပေးခြင်း ၊ရေနွေးဖြင့် သန့်ရှင်းရေးလုပ်ပြီးနောက်တွင် အဝတ်ခြောက်ဖြင့် သုတ်ပေးခြင်း။

 

၂။ သေးခံအား ချောင်ချောင်ချိချိဝတ်ပေးခြင်း

-သေးခံအား မလိုအပ်သော အချိန်များတွင် မဝတ်ပေးခြင်း ( ဥပမာ- အပြင်သွားချိန်များတွင်သာ သေးခံဝတ်ပေးပြီး ကျန်အချိန်များ သေးခံမဝတ်ပေးပဲထားခြင်း)


-သေးခံလောင်ခြင်းနည်းစေရန် သေးခံမဝတ်သည့် အချိန်တွင် အလှဆီ (သို့မဟုတ်)ဘေဘီလိုးရှင်း (baby Lotion) လိမ်ပေးခြင်းသေးခံမလဲမှီနှင့် လဲပြီးချိန်တွင် မိခင်၏ လက်အားသေချာဆေးပေးပါ။ လက်သေချာဆေးပေးခြင်းဖြင့် ရောဂါပိုး ကူးစက်မှုကို ကာကွယ်ပေးပါသည်။

 

၃။ အဝတ်သေးခံ

အဝတ်သေးခံသုံးခြင်းနှင့် ရိုးရိုးသေးခံသုံးခြင်းတွင် ကွာခြားမှုမရှိပါ။ ဖြစ်နိုင်သော နောက်ဆက်တွဲ ဆိုးကျိုးများမှာ အတူတူပင်ဖြစ်ပါသည်။ သို့သော်လည်း အဝတ်သေးခံ အသုံးပြုပါက အဝတ်သေးခံအား မကြာခဏလျှော်ပေးရပါမည်။ အရေးကြီးသောအချက်မှာသေးခံအား မကြာခဏ လဲပေးရန်ဖြစ်ပါသည်။ 

 

၄။ အဝတ်သေးခံလျှော်နည်း

သေးခံအား ရေအေးတွင် အရင်နှစ်ပြီး သန့်ရှင်းပါ။ ပြီးပါက သေးခံအား ရေနွေးနှင့် ဆပ်ပြာရောထားသောရေထဲတွင် စိမ်၍ လျှော်ဖွတ်ပါ။ ပြီးပါက ရေအေးနှင့် နှစ်ကြိမ်ခန့် ပြန်ဆေးပေးပါ။ လုံးဝ ခြောက်သွေ့သွားသောအခါမှသာ နောက်တစ်ကြိမ်ပြန်လည် အသုံးပြုပါ။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Ref: Mayo Clinic

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18