Print

မကျန်းမာသောကလေးအား ပြုစုခြင်း

  28-Feb-2017
Preview Image

 

ကလေးငယ်တိုင်းလိုလို တစ်ချိန်မဟုတ်တစ်ချိန်မှာ ဖျားနာပြီး နေထိုင်မကောင်းဖြစ်တတ်ကြပါတယ်။ တစ်ခါတရံမှာ မိဘများက သတိမထားမိတာလည်း ရှားရှားပါးပါး ရှိတတ်ပါတယ်။ ကလေးဟာ သူခံစားနေရတာကို ဖွင့်မပြောတတ်သေးတာမို့ ငိုကျွေးခြင်း၊ အလိုမကျခြင်းတို့နဲ့ ဖော်ပြပါတယ်။ မိခင်နို့စို့တဲ့ အရွယ်ကလေးတွေဆိုရင် အမေနဲ့မပြတ် ကပ်ပြီးနေချင်တဲ့အတွက် မကြာခဏနို့စို့ဖို့ တောင်းဆိုတတ်သလို နို့ဗူးစို့တဲ့ ကလေးဆိုရင်လည်း နို့ဗူးထဲကနို့ကို နည်းနည်းသာစို့ပြီး ခဏခဏ တောင်းနေတတ်ပါတယ်။ သူ့အနားမှာ လူကြီးရှိစေချင်တာကို ဖော်ပြတတ်ပါတယ်။

 

ကလေးကြီးတွေကတော့ စကားပြောတတ်ပြီမို့ သူဖျားနေစဉ်တစ်ယောက်တည်း မနေလိုဘဲ မိဘများကိုတစ်ချိန်လုံး သူ့အနားမှာနေဖို့ လိုလားတတ်ပါတယ်။ ကလေးမကျန်းမာစဉ် ပြုစုပေးဖို့ အထူးကျွမ်းကျင်ပညာရပ် မလိုပါဘူး။ ကလေးကို ချင်ခင်ယုယဖို့နဲ့ ညင်သာဖို့ပဲလိုပါတယ်။ ကိုယ်ပိုင်အသိဉာဏ်ကို အသုံးချပြီး ပြုစုပေးဖို့လိုအပ်ပါတယ်။ကလေးအတွက် စိတ်ပူရင်တော့ ဆရာဝန်ထံပြသသင့်ပါတယ်။ ဆရာဝန် ညွှန်ကြားတဲ့အတိုင်း တိတိကျကျလိုက်နာပြီး ဆေးဝါးတိုက်ကျွေးခြင်း၊ ရှောင်သင့်တဲ့အရာများ ရှောင်ကြဉ်ခြင်းဖြင့် ကလေးကိုပြုစုပေးနိုင်ပါတယ်။ 



ကလေးကို အိပ်ရာထဲမှာပဲ နေစေသင့်သလား
တကယ်တော့ ဖျားနေတဲ့ကလေးကို အိပ်ရာထဲမှာ အမြဲထားဖို့ မလိုအပ်ပါဘူး။ သူ့ကို လှောင်ပိတ်ပြီး ပူလောင်နေတဲ့ အခန်းထဲ မထားဖို့တော့ အရေးကြီးပါတယ်။ လူကြီးလည်းနေနိုင်လောက်တဲ့ ပုံမှန်အပူချိန်လောက်သာရှိတဲ့ အခန်းဟာ ကလေးအတွက်လည်း နွေးနွေးထွေးထွေး ထားနိုင်ပါတယ်။ မိခင်အိမ်အလုပ် လုပ်နေတဲ့ အခန်းမှာပဲ ကလေးအိပ်ဖို့ အိပ်ရာခင်းထားပေးခြင်းဖြင့် ကလေးအိပ်ရာက ထလာနိုင်တဲ့အခါ မိခင်ကို လှမ်းမြင်တွေ့နိုင်ပါတယ်။ အမေပြောတာကိုလည်း ကြားနိုင်ပါတယ်။ ကလေးကအိပ်ရာထဲမှာပဲ နေချင်ရင်လည်းနေပါစေ။ ကလေးကိုကြည့်ရတာ မောနေတဲ့ပုံစံဖြစ်နေတယ်ဆိုရင်တော့ အိပ်ရာထဲမှာပဲနေစေပြီး ပစ်မထားဘဲမှန်မှန် သွားကြည့်ပေးဖို့ မမေ့ပါနဲ့လို့ သတိပေးပါရစေ။

 

ကလေးကိုသီးသန့်ခွဲထားသင့်သလား
ကူးစက်မြန်တဲ့ ရောဂါတစ်မျိုးမျိုးကို ပြင်းပြင်းထန်ထန်် ခံစားရတဲ့အခါမျိုးမှာ ကလေးကို သီးခြားခွဲထားဖို့ လိုအပ်ပါတယ်။ အခြားကလေးများကို ကူးစက်ခြင်းမရှိရအောင် လူနာကလေးနဲ့ ဝေးဝေးမှာနေကြဖို့ အသိပေးရပါမယ်။ ရောဂါအခြေအနေ ပိုမိုဆိုးဝါးလာရင်တော့ ဆရာဝန်က ဆေးရုံတက်ရန် ညွှန်ကြားခြင်း သို့မဟုတ် အရေးကြီးတဲ့ ရှောင်ရန်ဆောင်ရန်များ ညွှန်ကြားခြင်းတို့ ဆောင်ရွက်လာပါလိမ့်မယ်။ ဂျာမန်ဝက်သက် ခေါ် ရူဘဲလာ (Rubella) ရောဂါဖြစ်နေတာဆိုရင်တော့ ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့ အတူနေထိုင်သူများ ကလေးထံမလာကြဖို့တားမြစ်ရပါမယ်။

 

ကလေးကိုအစာကျွေးရမလား
ဖျားနေတဲ့ကလေးငယ်ဟာ အစားစားချင်စိတ်မရှိဘဲ ငြင်းဆန်လေ့ရှိပါတယ်။ အတင်းအကြပ်ဆူပူပြီး မကျွေးပါနဲ့။ အရည်တိုက်ပြီးထားရင် နှစ်ရက်၊ သုံးရက်လောက်တော့နေနိုင်ပါတယ်။ ရောဂါသက်သာလာတာနဲ့ အစားစာချင်စိတ် ပြန်ရရှိလာပါတယ်။ ဒီအခါမှာတော့ သူစားချင်သလောက်ကျွေးပေးဖို့ သင့်တာဝန်ဖြစ်ပါတယ်။

 

ဖျားနေစဉ်အရည်များများတိုက်ကျွေးဖို့လိုပါတယ်
ကလေးငယ်ဖျားနေစဉ် အစာမစားဘဲ နေနိုင်ပေမယ့် ချွေးထွက်ခြင်း၊ အန်ခြင်း၊ ဝမ်းသွားခြင်းတို့ကြောင့် ဆုံးရှုံးသွားရတဲ့ အရည်ဓာတ်ကိုတော့ ပြန်ဖြည့်စွက်ပေးဖို့ အရေးကြီးပါတယ်။ ဖျားနေတဲ့ ကလေးရဲ့ ကိုယ်အလေးချိန်အလိုက် တစ်နေ့ အရည် လိုအပ်မှု ပမာဏကတော့ တစ်ကီလို (နှစ်ပေါင်) ကိုယ်အလေးချိန်ရှိတိုင်း အရည် ၁၀၀ မှ ၁၅၀ စီစီ သို့မဟုတ် သုံးအောင်စမှ ငါးအောင်စကို တိုက်ပေးရပါမယ်။ ဝမ်းလျှောနေမယ်၊ အန်နေမယ်ဆိုရင်တော့ ၂၀၀ စီစီထိ တိုးပြီးလိုအပ်ပါတယ်။ ကလေးကို မကြာခဏ အရည်သောက်ခိုင်းရပါမယ်။ ကလေးကြီးများကို သူတို့နှစ်သက်တဲ့ ဖျော်ရည်တစ်မျိုးမျိုးနဲ့ အိပ်ရာထဲမှာနေရင်း သောက်လို့ရအောင် စီစဉ်ပေးသင့်ပါတယ်။ ဂက်(စ်) ပါ ဖျော်ရည်၊ အချိုရည်များကိုတော့ မတိုက်သင့်ပါဘူး။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး

Credit:
ဒေါက်တာမာမာဆွေ
ရင်သွေးငယ်အတွက် အိမ်တွင်းသမားတော် စာအုပ်မှကောက်နုတ်ထားပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18