Print

ကလေးကိုယ်ပူခြင်း

  28-Feb-2017
Preview Image

 

ကလေးငယ်ရဲ့ သာမန်ကိုယ်အပူချိန်ဟာ ၃၆ ဒီဂရီ စင်တီဂရိတ်မှ ၃၇ ဒီဂရီစင်တီဂရီတ် (၉၆.၈ မှ ၉၈.၆ ဒီဂရီ ဖာရင်ဟိုက်) အတွင်းမှာဖြစ်ပါတယ်။ ၃၇.၇ ဒီဂရီစင်တီဂရီတ် (၁၀၀ ဒီဂရီ ဖာရင်ဟိုက်) နဲ့ အထက်ရှိလာရင် ကိုယ်ပူတယ်လို့ခေါ်ပါတယ်။ ၃၅ ဒီဂရီ စင်တီဂရိတ် (၉၅ ဒီဂရီ ဖာရင်ဟိုက်) ထက် နိမ့်နေရင်တော့ ကိုယ်အပူချိန်ကျဆင်းနေတယ်လို့ ဆိုပါတယ်။ ကလေးရဲ့ ကိုယ်အပူချိန်ဟာ၊ ကလေးရဲ့လှုပ်ရှားမှု၊ ပြေးလွှားကစားမှု အခြေအနေပေါ်မှာလည်းကောင်း၊ အချိန်ပေါ်မှာလည်းကောင်း မူတည်ပြီး ပြောင်းလဲတတ်ပါတယ်။ အိပ်ရာထခါစ ဘာမှလှုပ်ရှားမှု မလုပ်ရသေးတဲ့ မနက်ခင်းအချိန်မှာ ကိုယ်အပူချိန်အနိမ့်ဆုံးဖြစ်ပြီး တစ်နေ့လုံး ပြေးလွှားဆော့ကစားထားတဲ့ ညနေပိုင်းမှာတော့ ကိုယ်အပူချိန် အမြင့်ဆုံးဖြစ်ပါတယ်။

 

ကလေးရဲ့ နဖူးပြင်ကို လက်နဲ့စမ်းကြည့်လိုက်လို့ ခါတိုင်းထက် ပူနေတယ်လို့ ထင်တဲ့အခါ ကလေးကိုယ်ပူနေတယ်လို့ အကြမ်းအားဖြင့် သတ်မှတ်ကြပါတယ်။ ပိုပြီးတိကျသေချာဖို့အတွက်တော့ သာမိုမီတာကို အသုံးပြုရပါမယ်။ ကလေးများရဲ့ ဦးနှောက်မှာရှိတဲ့ ခန္ဓာကိုယ်အပူချိန်ထိန်း နေရာလေးဟာ လူကြီးများရဲ့ ဦးနှောက်မှာရှိတဲ့ခန္ဓာကိုယ်အပူချိန်ထိန်း နေရာလေးထက် လျင်မြန်စွာအပူချိန်တက်ခြင်းကို ဖော်ပြနိုင်ပါ
တယ်။ သင့်ရင်သွေးရဲ့ ကိုယ်အပူချိန်ကို မိနစ်နှစ်ဆယ်လောက်ခြားပြီး တိုင်းကြည့်ရင် ကိုယ်အပူချိန်အပြောင်းအလဲရှိမရှိ တကယ်ဖျား၊ မဖျားသိနိုင်ပါတယ်။ ကိုယ်အပူချိန်တက်တာ တစ်ခုတည်း တွေ့ရုံနဲ့ ကလေးဖျားနေပြီလို့ မသတ်မှတ်နိုင်ပါဘူး။ အပူချိန် မတက်ဘဲ ပြင်းထန်စွာခံစားနေရတဲ့ ရောဂါရှိနိုင်သလို ကိုယ်အပူချိန် တက်နေပေမယ့် ကျန်းမာနေတာလည်း ရှိနိုင်ပါတယ်။

 

သာမိုမီတာများ
အကြမ်းအားဖြင့် သာမိုမီတာအမျိုးအစား သုံးမျိုး ရှိပါတယ်။ အဲဒါတွေကတော့ မာကျူရီသုံး သာမိုမီတာ၊ ဘက်ထရီသုံး သာမိုမီတာနဲ့ အပူဓာတ်နှင့်တွေ့ရင်တုံံ့ပြန်လွယ်တဲ့ ခရစ္စတယ်သုံး သာမိုမီတာတို့ဖြစ်ပါတယ်။ မာကျူရီ သာမီတာကတော့ အပူချိန်တိုင်းရာမှာ အတိကျဆုံး အဖြေကိုပေးနိုင်တဲ့အတွက် အသုံးအများဆုံးဖြစ်ပါတယ်။မာကျူရီကို ဖန်ချောင်းထဲမှာ ထည့်သွင်းထားပြီး ပူရင် မာကျူရီပွတက်လာတဲ့အတွက် ဖန်ချောင်းဘေးမှာ ရေးထားတဲ့ အပူချိန်အမှတ်လေးကို ကြည့်ကာ ကိုယ်အပူချိန်တိုင်း ယူနိုင်ပါတယ်။ ကလေးတွေမှာ ကိုယ်အပူချိန် တိုင်းယူပုံ နှစ်မျိုး ရှိပါတယ်။ ကလေးငယ်ငယ်လေးတွေဆိုရင် ချိုင်းမှာ ထည့်တိုင်းရပြီး ခြောက်နှစ်ကျော်၊ ခုနစ်နှစ်အရွယ်ကလေးတွေဆိုရင်တော့ သာမိုမီတာကိုလည်း မကိုက်တာသေချာပြီမို့ လျှာအောက်ထည့်သွင်းကာ တိုင်းယူခြင်းဖြစ်ပါတယ်။ ပြီးရင် သာမိုမီတာကို လက်မနဲ့ လက်ညှိုးသုံးပြီးကိုင်ကာ မာကျူရီကို မြင်ရတဲ့စကေးကို ဖတ်ယူခြင်းဖြစ်ပါတယ်။ ဘက်ထရီသုံး သာမိုမီတာတွေကတော့ မကွဲနိုင်တာမို့ ကလေးအရွယ်မရွေး ပါးစပ်ထဲ ထည့်သွင်းတိုင်းယူနိုင်ပေမယ့် ဘက်ထရီအားကုန်သွားမှာ စိုးရိမ်ရတာကြောင့် ဘက်ထရီအပို ဆောင်ထားဖို့လိုပါတယ်။ အပူနဲ့တွေ့ရင် တုံ့ပြန်လွယ်တဲ့ ခရစ္စတယ် သာမိုမီတာ အမျိုးအစားများကတော့ မာကျုရီ သာမိုမီတာများ၊ ဘက်ထရီ သာမိုမီတာများလောက် တိကျမှုမရှိတာကြောင့် သုံးစွဲသူနည်းပါတယ်။

 

ကိုယ်ပူနေသော ရင်သွေးငယ်အားပြုစုကုသခြင်း
ကလေးငယ်နေထိုင်မကောင်းဘဲ ကိုယ်ပူလာတယ်ဆိုတာဟာ တကယ်တော့ ခန္ဓာကိုယ် အတွင်းသို့ ဝင်ရောက်လာတဲ့ ရောဂါပိုးမွှားကို ခန္ဓာကိုယ်မှ ခုခံကာကွယ်ခြင်း၊ ကိုယ်ခံအားရဲ့ တန်ပြန်တိုက်ခိုက်ခြင်း လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။ ကလေးငယ် ကိုယ်အပူချိန်မြင့်တက်လာပြီဆိုရင် မအီမသာ ယောက်ယက်ခတ်ပြီး ဂျီကျတတ်ပါတယ်။ ဒါကြောင့် သင့်ကလေးကိုယ်အပူချိန် ပုံမှန် ပြန်ရောက်ရအောင် လုပ်ပေးဖို့ သင့်မှာ တာဝန်ရှိလာပါပြီ။ ကလေးကို အကျင်္ ီအဝတ်အစားတွေ ချွတ်ပေးပါ။ စောင်မခြုံပါနဲ့။ ချည်သား အဝတ်စလေးနဲ့သာ ပတ်ထားပေးပါ။ ကိုယ်အပူချိန် ၃၉ ဒီဂရီ စင်တီဂရိတ် (၁၀၂ ဒီဂရီ ဖာရင်ဟိုက်) ထက် မြင့်နေရင် ချည်သားရုပ် အကျင်္ ီပါးလေးနှင့် ဘောင်းဘီတိုလေးသာ ဝတ်ထားပေးပါ။ နာရီဝက်လောက်ကြာတဲ့အထိ ကိုယ်အပူချိန် မကျသေးဘူး ဆိုရင်တော့ ရေပတ်တိုက်ပေးဖို့လိုပါတယ်။ ရေပတ်ကို ခေါင်းကနေတစ်ကိုယ်လုံးနေရာအနှံ့ တိုက်ပေးရပါတယ်။ 

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာမာမာဆွေ
ရင်သွေးငယ်အတွက် အိမ်တွင်းသမားတော် စာအုပ်မှကောက်နုတ်ထားပါသည်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18