Print

မိခင်နှင့်ကလေးကျန်းမာဖို့ သန်ချဆေးကိုသောက်ကြစို့

  28-Feb-2017
Preview Image

 

သန်ကောင်များသည် လူ့ခန္ဓာကိုယ်တွင် ကပ်ပါးပိုးများအဖြစ် တွယ်ကပ်နေပြီး အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ လုပ်ငန်းများအား အနှောင့်အယှက်ပေးရုံသာမက တွယ်ကပ်ခံစားရသောလူတွင် ကျန်းမာရေးနှင့် အာဟာရဆိုင်ရာရောဂါများ ဖြစ်ပွားခံစားရခြင်း ဖြစ်ပါသည်။ ထိုသန်ကောင်များသည် တွယ်ကပ်ခံနေရသော ကလေးများထံမှ အာဟာရဓာတ်များကို စုပ်ယူစားသောက်သောကြောင့် ကလေးငယ်များတွင် အာဟာရချို့တဲ့ခြင်း၊ ခန္ဓာကိုယ်ကြီးထွားမှုနှုန်း နှောင့်နှေးစေခြင်းတို့ကို ဖြစ်စေပါသည်။ 

 

ထို့ပြင်သန်ကောင်များသည် ၎င်းတို့မှီခိုတွယ်ကပ်နေသော လူ့ခန္ဓာကိုယ် အင်္ဂါအစိတ်အပိုင်းများ၊ တစ်သျှူးများကိုလည်း ပျက်စီးစေသောကြောင့် ဗိုက်အောင့်ခြင်း၊ ဝမ်းပျက်ခြင်း၊အူလမ်းကြောင်းပိတ်ခြင်း၊ သွေးအားနည်းခြင်း၊ အစာအိမ်နှင့်အူလမ်းကြောင်းတွင် အနာများဖြစ်ခြင်းနှင့် အခြားကျန်းမာရေးဆိုင်ရာ ပြဿနာများစွာကို ဖြစ်ပေါ်စေပါသည်။ သန်ကောင်ရောဂါသည် တွယ်ကပ်သော သန်ကောင်ပမာဏကလည်း များပြားပြီး အချိန်ကာလအကြာကြီးလည်း ခံစားနေရပါက အချိန်မီမကုသနိုင်လျှင် အသက်ဆုံးရှုံးသည်အထိ အန္တရာယ်ပေးနိုင်ပါသည်။ ဤအကြောင်းအချက်များအားလုံးသည် ကလေးငယ်များ၏ ဉာဏ်ရည်ဖွံ့ဖြိုးမှုကို ထိခိုက်စေရုံသာမက ကလေးသူငယ်များ၏ စာပေ သင်ကြားရေးနှင့် ကျောင်းတွင်းစွမ်းဆောင်းရည်များကိုပါ အနှောင့်အယှက် ပေးနိုင်ပါသည်။ 

 

သန်ကောင်ရောဂါနှင့် ကလေးကျန်းမာရေး
သန်ကောင်ရောဂါဖြစ်ပွားခံစားနေရသော ကလေးတစ်ဦးသည် ကျန်းမာ၍ သန်ကောင်ကင်းစင်သော ကလေးတစ်ဦးထက် ကျောင်းပျက်ရက် ပို၍များသည်။ သန်ကောင်ရောဂါနှင့် ပညာရေး၊ ဉာဏ်ရည်ဉာဏ်သွေးတို့ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ သုတေသနပြုလုပ်ခဲ့ရာ သန်ကောင်ရောဂါကြောင့် ကျောင်းတက်ရက်မမှန်သော ကလေးများမှာတစ်နှစ်လျှင် သန်း ၂၀၀ ခန့်ရှိပြီး အများစုမှာ ဖွံ့ဖြိုးဆဲနိုင်ငံများမှ ဖြစ်ကြောင်းသိရသည်။အိုင်ကျူ (ဉာဏ်ရည်ဉာဏ်သွေး) သည် သန်ကောင်ရောဂါ ဖြစ်ပွားနေသောကလေးများတွင် ၃ ဒသမ ၇၅ မှတ် လျော့နည်းတတ်ကြောင်းလည်း သိရသည်။ သန်ကောင်ရောဂါဖြစ်ပွားနေသောကလေးများသည် အာဟာရပြည့်ဝသော အစားအစာများကို မည်မျှပင်
ကျွေးစေကာမူ အိတ်ပေါက်နှင့် ဖားကောက်သကဲ့သို့ အာဟာရချို့တဲ့နေမည်ဖြစ်ပါသည်။ ကလေးငယ်များတွင် သန်ကောင်ရောဂါများသည် ကလေး၏ ရောဂါခုခံနိုင်အားကိုလျော့ကျစေသည်။

 

ကျောင်းနေအရွယ်ကလေးများတွင် တွယ်ကပ်နေသော သန်ကောင်များအား ခန္ဓာကိုယ် အတွင်းမှ စွန့်ထုတ်ပစ်ရန်အတွက် ကုသမှုနည်းများ သန်ချဆေးများအသုံးပြု၍ သန်ချပေးခြင်းပင်ဖြစ်သည်။ ကလေးများတွင် ပုံမှန်သန်ချပေးခြင်းအားဖြင့် သွေးအားနည်း ရောဂါကို ကာကွယ်နိုင်ပြီး ပြင်းထန်ငှက်ဖျားဖြစ်ပွားမှုကိုလည်း လျော့ကျနိုင်ပေသည်။ ထို့ကြောင့် သန်ကောင်ရောဂါ ကာကွယ်ကုသခြင်းသည် ကလေးများတွင် အာဟာရ
ချို့တဲ့မှုကို ကာကွယ်နိုင်ပြီး စွမ်းဆောင်ရည်ပြည့်ဝသော လူကြီးတစ်ဦး ဖြစ်စေရန် အကောင်းဆုံးနည်းလမ်းပင်ဖြစ်သည်။ သန်ချပေးခြင်းဖြင့် ကလေးများတွင် သန်ကောင်ကြောင့် ခံစားရသောဝေဒနာများ ကင်းဝေးသွားစေသည့်အပြင် ဉာဏ်ရည်ဉာဏ်သွေး ပိုမိုမြင့်မား ကောင်းမွန်လာကြောင်း တွေ့ရှိရသည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ပါမောက္ခဒေါက်တာစိုးပိုင်
ကျန်းမာရေးပညာပေးဆောင်းပါးပေါင်းချုပ် စာအုပ်မှကောက်နုတ်ထားပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18