Print

ကလေးငယ်များနှင့် ဆီးသွားခြင်း

  28-Feb-2017
Preview Image

 

အိပ်ရာထဲတွင် ဆီးသွားတတ်သော ကလေးများအား မိဘများအနေဖြင့် အပြစ်တင်ခြင်း မပြုလုပ်ရန် ကျန်းမာရေးရှုထောင့်မှ အသိပေးတားမြစ်ထားသည်။ အောက်တွင်ဖော်ပြထားသော ဆီးသွားခြင်းဆိုင်ရာ အမူအကျင့် ၁၀ ချက်ကို ဖတ်ရှုကြည့်ခြင်းဖြင့် မိဘများသည် မိမိတို့သားသမီးများ၏ ဆီးသွားခြင်း အလေ့အထများကို ဗဟုသုတအဖြစ် သိရှိနိုင်ပေလိမ့်မည်။

 

၁။ အိပ်ရာတွင် ဆီးသွားခြင်းသည် ကလေးငယ် အသက်ခြောက်နှစ်မှာ ၁၂ နှစ်အရွယ် အတွင်း အများဆုံး ဖြစ်တတ်သည့် ပြဿနာတစ်ရပ်ဖြစ်သည်။

 

၂။ အမေရိကန်နိုင်ငံတွင် ကလေးငယ် ၅ ဒသမ ၇ သန်းသည် အဆိုပါ အခြေအနေမျိုး ဖြစ်တတ်သည်။ 

 

၃။ သုတေသနပြုချက်များအရ အကယ်၍ မိဘများငယ်စဉ်က ထိုအမူအကျင့်မျိုး ရှိခဲ့ပါလျှင် ၎င်းတို့ ကလေးငယ် ထိုသို့ဖြစ်ရန် ၇၀ ရာခိုင်နှုန်းရှိသည်ဟု လေ့လာတွေ့ရှိထားသည်။

 

၄။ အိပ်ရာထဲတွင် ဆီးသွားခြင်းသည် စိတ်ပိုင်းဆိုင်ရာပြဿနာမျိုး မဟုတ်ပေ။ ထို့ပြင် တမင်ကြံရွယ်၍ ပြုမူခြင်းမျိုးလည်း မဟုတ်ပေ။ သို့သော် ကလေးငယ်အား ပြစ်တင် ဆူပူခြင်း သို့မဟုတ် ထိုသို့ မပြုမူမိအောင် အကူအညီ မပေးနိုင်သော မိဘများကြောင့် စိတ်ပိုင်းဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်လာနိုင်ပေသည်။

 

၅။ အချို့လေ့လာချက်များအရ ဆီးသွား (သို့) ဆီးထုတ်လုပ်မှုဆိုင်ရာ ဟော်မုန်းပမာဏ ပုံမမှန်ခြင်းကြောင့် ဖြစ်သည်ဟု ဖော်ပြကြသည်။ အဆိုပါ antidiuretic အမည်ရှိ ဟော်မုန်းသည် ကျောက်ကပ်ထဲ၌ ရေများရှိနေအောင် အကူအညီပေးပြီး ဆီးအိမ်ထဲတွင်ရှိသည့် ဆီးပမာဏကို လျှော့ချပေးနိုင်သည်။

 

၆။ ထိုသို့ အိပ်ရာထဲတွင် ဆီးသွားခြင်းသည် နှစ်စဉ် ၁၅ ရာခိုင်နှုန်းခန့် ရှိနေသည့် ငယ်မူငယ်ကျင့် ဖျောက်ဖျက်မရသည့် ပြဿနာတစ်ရပ် ဖြစ်လာသည်။ 

 

၇။ ကလေးအထူးကုနှင့် မိသားစုဆရာဝန်၏ ကူညီမှုဆိုင်ရာ အကူအညီပေးမှုဖြင့်လည်း ထိုအကျင့်ကို ဖျောက်ပစ်နိုင်သည်။ 

 

၈။ ထိုသို့ကုသရာတွင် ဆီးအိမ်ကို ထိန်းချုပ် သို့မဟုတ် ဆီးအောင့်ထားနိုင်ရန် လေ့ကျင့် ခန်းများ၊ ကလေးငယ်၏ အစာစားခြင်းနှင့် အရည်သောက်ခြင်း အလေ့အကျင့်များ ကို ပြောင်းလဲစေမှုများ၊ ကာလအပိုင်းအခြားအားဖြင့် ညအိပ်သည့် အချိန်တွင် အချိန်တစ်ခု၌ နိုးနေစေခြင်းနှင့် ဆီးသွားပြီး၌ စိုစွတ်မှုကြောင့် နိုးလာစေခြင်း စသည့် အချက်များပါဝင်ပေသည်။

 

၉။ မိသားစုဝင်များ၏ အထောက်အကူပြုကာ စိတ်ရှည်မှုကို ပေးနိုင်ခြင်းက ကလေးငယ်အား ထိုသို့ ဆီးသွားခြင်းကို ကျော်လွှားနိုင်ရန် အကူအညီပေး ရာရောက်သည်။ 

 

၁၀။ ထိုသို့သော ကလေးငယ်များကို ပြစ်တင်ကဲ့ရဲ့ခြင်းမျိုး ဘယ်သောအခါမှ မပြုလုပ်ရန် အကြံပြုထားသည်။

 

ထိုသို့ အိပ်ရာထဲတွင် မသိလိုက်ဘဲ အလိုအလျောက် ဆီးများထွက်ကျခြင်းသည် အထူးသဖြင့် ယောကျ်ားလေးများတွင် အဖြစ်များတတ်သည်။ ထိုသို့ဖြစ်သော ကလေးငယ်သည် ၎င်း၏ အပြုအမူကို အစခံရတတ်ပါက အရှက်ရတတ်ကြသည်။ အချို့သောကလေးများသည် ၎င်းတို့အသက် လေးနှစ် (သို့) ငါးနှစ်ရောက်ပါက ထိုသို့ဖြစ်လာတတ်သည်။ ထိုအခါ ကလေးအထူးကု (သို့) မိသားစု ဆရာဝန်နှင့် ပြသပေးပြီး အကြံဉာဏ်များ တောင်းယူရမည်ဖြစ်သည်။ အချို့ကလေးငယ်များ သည် ညအခါတွင်သာမကဘဲ အူတွင်းဆိုင်ရာပြဿနာနှင့် ဆီးတွင်းပိုးများ ရှိနေခြင်းများကြောင့် နေ့အခါ၌ပါ အိပ်ရာထဲတွင် ဆီးသွားလာတတ်သည်။ ထိုသို့သော ကလေးငယ်များအား ကျန်းမာရေးဆိုင်ရာ ဆေးစစ်မှုများ ပြုလုပ်ရန် အထူးလိုအပ်ပါကြောင်း တင်ပြလိုက်ရပေသည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး

Credit:
အေခေမာ
Health for all magazine, August 2016, Pg. 14

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18