Print

ကလေးများအတွက် ဖြည့်ထိုးနိုင်သည့်ကာကွယ်ဆေးများ

  28-Feb-2017
Preview Image

 

ကလေးကို လိုတဲ့ကာကွယ်ဆေးအားလုံး ထိုးပေးပါဆရာဟု ပြောတတ်သည့် မိဘတွေ ရှိသည်။ ကာကွယ်ဆေးဆိုတာက ထိုးထားနိုင်လေ၊ အကျိုးရှိလေဆိုတာကတော့ အမှန်...။ သူတို့အတွက် ရည်ရွယ်ပြီး နည်းနည်းရှင်းပြချင်၍ သည်ဆောင်းပါးရေးတာပါ။ ခါတိုင်း ရေး
ဖူးသော်လည်း အပြောင်းအလဲက ရှိတာကိုး။ မြန်မာနိုင်ငံမှာ တိုးချဲ့ကာကွယ်ဆေး စီမံကိန်းမှာ ထိုးပေး၊ တိုက်ပေးနေသော ကာကွယ်ဆေးက ကိုးမျိုးရှိပါသည်။

 

၁။ တီဘီရောဂါ
(မွေးမွေးချင်းပခုံးမှာ ထိုးသည်)

၂။ ဆုံဆို့နာရောဂါ

၃။ ကြက်ညှာရောဂါ

၄။ မေးခိုင်ရောဂါ

၅။ အသည်းရောင် ဘီ

၆။ ဦးနှောက်အမြှေးရောင်နှင့် နမိုးနီးယားရောဂါ

(နံပါတ် ၂၊ ၃၊ ၄၊ ၅၊ ၆ကို ငါးမျိုးတွဲ၍ အသက် နှစ်လ၊ လေးလ၊ ခြောက်လတွင် သုံးကြိမ် ပေါင်မှာ ထိုးသည်)

၇။ ပိုလီယိုရောဂါ - အပေါ်သုံးမျိုးနှင့်တွဲ၍ ပါးစပ်မှ တိုက်သည်။

၈။ ဝက်သက်ရောဂါ - ကိုးလနှင့်တစ်နှစ်ခွဲတွင် ပေါင်မှာ ထိုးသည်။

၉။ ဂျိုက်သိုးရောဂါ - ဝက်သက်နှင့်ရော၍ ကိုးလမှာ တစ်ကြိမ်ထိုးပေးသည်။

 

နမိုးနီးယားရောဂါကာကွယ်ဆေး နောက်တစ်မျိုးရှိသေးသည်။ စောစောက ဆေးက ငါးနှစ်အောက်ကလေးတွေမှာ အဖြစ်အများဆုံး နမိုးနီးယားရောဂါနှင့် ဦးနှောက်အမြှေးရောင်ရောဂါကို ကာကွယ်တာ။ သည်ဆေးက ငါးနှစ်အောက်မှာ ဒုတိယအများဆုံးနှင့် အရွယ်တိုင်းတွင်လည်း အများဆုံး နမိုးနီးယားရောဂါနှင့် ဒုတိယအများဆုံး ဦးနှောက်အမြှေးရောင်ရောဂါကိုဖြစ်စေသော Pneumococcus ဟုခေါ်သည့် ပိုးကို ကာကွယ်တာ။ ဆေးနှစ်မျိုးနှစ်စားရှိသော်လည်း ယခု မြန်မာပြည်မှာ ဝယ်၍ရနေသော ဆေးက အသက် နှစ်နှစ်ကျော်မှ တစ်ကြိမ်တည်း ထိုးရသော ဆေးဖြစ်လေသည်။

 

Meningococcal Vaccine ဆိုသည့် ဦးနှောက်အမြှေးရောင်ရောဂါ ကာကွယ်ဆေး တစ်မျိုးရှိသေးသည်။ ကလေးဘဝကနေ လူကြီးဘဝအထိ သည်ပိုးက ကပ်ရောဂါအသွင်ဖြင့်ဖြစ်လေ့ရှိပြီး မြန်မာပြည်တွင်လည်း ဖြစ်ခဲ့ဖူးသော အကြိမ် များရှိသည်။ သူလည်း ဝယ်ယူ၍ ရသည်။ များသောအားဖြင့်တော့ အမေရိကန်ပြည်ထောင်စုတွင် ပညာသင်သွားရောက်မည့် ကျောင်းသူကျောင်းသားတွေ ဝယ်ထိုးနေကြသည်။ ဟိုမှာ ကျောင်းအဆောင်နေမည်ဆိုလျှင် ထိုးပြီးကြောင်း အထောက်အထားပြရသည်ကိုး။ဝမ်းလျှောရောဂါကာကွယ်ဆေးလည်း ရှိသည်။ ဒါက တိုက်ရတာပါ။ Rotavins ဟုခေါ်သော အဖြစ်အများဆုံး ဝမ်းပျက်ဝမ်းလျှောရောဂါပိုးကို ကာကွယ်သောဆေး၊ အသက်ခြောက်
လအောက်တွင် တစ်လခြား၍ နှစ်ကြိမ်တိုက်ရသည်။

 

ပါးချိတ်ရောင်ကာကွယ်ဆေးက ကာကွယ်သည့်ရောဂါကို Mumps ဟုခေါ်သည်။ယောက်ျားလေးတွေ လူပျိုဖော်ဝင်ပြီးမှ ပေါက်လျှင် ပါးချိတ်သာမက ဝှေးစေ့ပါ ရောင်ရမ်းတတ်ပြီး အခန့်မသင့်လျှင် မျိုးမအောင်သည့် ပြဿနာနှင့် ကျန်ရစ်ခဲ့တတ်သည်။ ကာကွယ်ထားချင်လျှင်တော့ MMR ခေါ် ဝက်သက်၊ ပါးချိတ်ရောင်၊ ဂျိုက်သိုးသုံးမျိုးတွဲ ဆေးကို အသက်တစ်နှစ်မှစ၍ ထိုးပေးနိုင်သည်။ရေကျောက်ကာကွယ်ဆေးလည်း ရှိသည်။ ရေကျောက် (Chicken Pox) ကတော့ လူတိုင်း သိပါသည်။ မူကြိုတွေ၊ ကျောင်းတွေမှာ အထွေးလိုက်၊ အထွေးလိုက်ဖြစ်တတ်သည့်
ရောဂါပေါ့။ မြန်မာပြည်မှာ ဝယ်၍ရသည့် ဆေးက အသက် တစ်နှစ်ကျော်နောက်ပိုင်း တစ်ကြိမ်သာ ထိုးရသည့် ဆေးမို့ ကျောင်းမသွားခင်တော့ ထိုးထားသင့်သည်။ လောလောဆယ်တော့ ပြတ်နေသည်ဟု ကြားနေရသည်။

 

ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးလည်း ဝယ်၍ရလာပြီ။ အသက် တစ်နှစ်အထက်မှ တစ်ကြိမ်တည်း ထိုးရသော ဆေးဖြစ်သည်။အသည်းရောင်အသားဝါ ကာကွယ်ဆေးဆိုတာလည်း ရှိသည်။ အေကို ဘီလောက် မကြောက်ကြ။ အေက ဘီလို နာတာရှည်ရောင်တာမရှိ။ ရောင်နေတုန်းမှာတော့ ပြင်းထန်လျှင် အသက်အန္တရာယ် ရှိသည်။ မသန့်ရှင်းသော အစားအသောက်က ဝင်တတ်သည်။ခြောက်လခြား တစ်ကြိမ် ထိုးရသည်။သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးလည်း ရှိသေးသည်။ Human Papilloma Virus ဟုခေါ်သည့် သားအိမ်ခေါင်းကင်ဆာကို ဖြစ်စေသော ပိုးကို ကာကွယ်သည့်ဆေးပါ။ ဒါလည်း စျေးကြီးပေမယ့် ဝယ်၍ ရသည်။ အပျိုဖော်ဝင်ပြီးစ မိန်းကလေးတွေက စ၍ ထိုးပေးနိုင်သည်။ သည်လောက်ဆိုလျှင် ဘာဆေးတွေ ထိုးလို့ ရသေးလဲဆိုသည့် မေးခွန်းအတွက် အဖြေပြည့်စုံပြီ ထင်သည်။ ကိုယ်ဘာထိုးပေးမလဲတော့ ကိုယ်ပဲ ဆုံးဖြတ်ရမည်ပင်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
ဒေါက်တာရဲ
(Good Health Journal _574)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18