Print

ကလေးကျန်းမာရေး သိကောင်းစရာ

  28-Feb-2017
Preview Image

 

မွေးကင်းစကလေးတွေ ငိုတာကိုတော့ မိဘတိုင်းရှောင်လွဲလို့ ရမှာမဟုတ်ပါဘူး။ တစ်ချို့ ကလေးတွေဆိုရင် ညသန်းခေါင် ကျော်ကြီးမှာ ထငိုတာတို့၊ မအိပ်ဘဲ ငိုပဲငိုနေတာတို့တောင် ရှိပါတယ်။ ကလေးဟာ ဘာကြောင့်ငိုရတာလဲနဲ့ မိဘတွေ ဘာလုပ်ပေးလိုက်ရင် အငိုရပ်ပြီး ကျေနပ်သွားမလဲဆိုတာ သိစေဖို့ ကလေးအများစု ငိုရတဲ့ အကြောင်းရင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ 

 

၁။ ဗိုက်ဆာလို့ 
မွေးကင်းစ ကလေးအများစုဟာ နာရီအနည်းငယ် ခြားခြားပြီး ဆာလောင်တတ်ပါတယ်။ ဆာလောင်တဲ့အခါ ချက်ချင်း နို့မစို့ရရင် ဒေါသထွက်ကာ ငိုကြွေးတတ်ပါတယ်။ ဒါကို မိခင်က သိနားလည်ကာ ကလေးကို နို့တိုက်ကျွေးပေးသင့်ပါတယ်။ 

 

၂။ လေတက်ချင်လို့ 
နို့စို့နေချိန်နဲ့ နို့စို့ပြီးတဲ့အခါ ကလေးငယ်ကို ခပ်ဖွဖွလေး ကျောပုတ်ပြီး လေတက်အောင် လုပ်ပေးပါ။ လေထတာနဲ့ အစာမကြေတာတွေကြောင့် ကလေးအများစုဟာ ငိုကြွေး တတ်ပါတယ်။ 

 

၃။ နေရခက်လို့ 
သေးစိုဘောင်းဘီ၊ သေးစိုအနှီးတွေက ကလေးကိုနေရခက်စေပြီး ငိုကြွေးစေပါတယ်။ ကလေးဟာ သေးစိုနေလို့ ငိုသလား ဆန်းစစ်ပြီး ခြောက်သွေ့ သန့်ရှင်းအောင် လဲလှယ်ပေးပါ။ 

 

၄။ ပင်ပန်းလို့ 
ပင်ပန်းနေတဲ့ ကလေးတွေဟာ ဂျီကျပြီး ငိုကြွေးတတ်ပါတယ်။ ဒါကြောင့် သင့်ကလေးကို လုံလုံလောက်လောက် အိပ်စက်အနားယူပါစေ။ မွေးကင်းစ ကလေးတွေအတွက် နေ့စဉ် အိပ်စက်အနားယူချိန်ဟာ ၁၆ နာရီနဲ့ အထက် ရှိရပါမယ်။ 

 

၅။ ထွေးပွေ့ထားစေချင်လို့ 
ကလေးအများစုဟာ မိဘ (ဒါမှမဟုတ်) အုပ်ထိန်းသူတစ်ဦးဦးက ထွေးပွေ့ထားတာကို လုံခြုံစိတ်ချမ်းသာမှု ရှိတတ်ကြပါတယ်။ တစ်ခါတစ်ရံ စောင်လွတ်နေတဲ့အခါ ငိုကြွေး တတ်ပါတယ်။ 

 

၆။ လှုပ်ရှားချင်လို့ 
အိမ်ထဲမှာ ကလေးကိုပွေ့ရင်း လမ်းလျှောက်တာ၊ ပုခက်ကိုလွှဲပေးတာမျိုးက ငိုနေတဲ့ ကလေးကို တိတ်သွားစေပါတယ်။ 

 

၇။ အထီးကျန်လို့ 
ကလေးငယ်ဟာ သူ့ကို ပစ်ထားတယ်ထင်ရင် ဝမ်းနည်းငိုကြွေးတတ်ပါတယ်။ သင့်ကိုမြင်နေရတာ၊ သင့်အသံကို ကြားနေရတာ၊ သင့်အသားအရေနဲ့ ထိတွေ့နေရတာတွေဟာ သင့်ကလေးကို အားရှိစေပါတယ်။ သင့်ကလေး ငိုတဲ့အခါ ကလေးကို ညင်ညင် သာသာ နှိပ်နယ်ပေးတာ၊ ကျောကို ဖွဖွလေးပုတ်ပြီးနှစ်သိမ့်ပေးတာမျိုး လုပ်ပေးပါ။ 

 

၈။ ပူလို့ 
ပူလွန်း၊ အေးလွန်းတဲ့အခါ ကလေးကို နေရထိုင်ရတာ မသက်မသာဖြစ်စေပြီး ငိုကြွေးစေပါတယ်။ ပူရင် ကလေးရဲ့ အဝတ်အစားကို ချည်သားပွပွလေး လဲလှယ်တာမျိုး၊ ချမ်းရင် အနွေးထည် ထပ်ဝတ်ပေးတာမျိုးလုပ်ပေးပါ။

 

၉။ ထိတ်လန့်လို့ 
ကျယ်လောင်တဲ့ ဆူညံသံ၊ ပြင်းထန်တဲ့ ရွေ့လျားမှုနဲ့ ကြောက်လန့်ဖွယ်မြင်ကွင်းတွေဟာ ကလေးကို ထိတ်လန့်တုန်လှုပ် စေပါတယ်။ ဖြစ်နိုင်ရင် ကလေးကို အဲဒီပတ်ဝန်းကျင်နဲ့ မထိတွေ့မိအောင် ရှောင်ရှားပေးပါ။ 

 

၁၀။ ဗိုက်နာလို့ 
ကလေးဟာ နို့စို့နေရာကနေ ဗိုက်ခဏခဏနာပြီး ငိုကြွေးတတ်ပါတယ်။ ကလေးအသက် ၆ လ အထိ မိခင်နို့တစ်မျိုးတည်း တိုက်ဖို့ လိုပါတယ်။ နို့တိုက်ကျွေးစဉ်မှာ မိခင်ဟာလေထစေတဲ့အစာ၊ ပူစပ်စေတဲ့အစာနဲ့ ကဖင်းဓာတ်များတဲ့ အစားအသောက်တွေကိုရှောင်ဖို့ လိုအပ်ပါတယ်။ 

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး

Credit:
လမင်း

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18