Print

ပြောမရဆိုမရကလေးဆိုတာ

  28-Feb-2017
Preview Image

 

Conduct Disorder ကို ပြောမရဆိုမရဟု ကျွန်တော်က ဘာသာပြန်ချင်သည်။ သူ့အင်္ဂလိပ်လို အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ ပါတာက သူတစ်ပါးနှင့် ပတ်ဝန်းကျင်ကို အနှောင့်အယှက် ဖြစ်စေတတ်သော အမူအကျင့်စွဲနေခြင်းဟုဆိုသည်။ စိတ်ပိုင်းဆိုင်ရာပေါ့။ စိတ်ပိုင်းဆိုင်ရာရောဂါဟုပင် သတ်မှတ်၍မရ။ ပြဿနာဟုသာ သတ်မှတ်ရမည်။ ဆေးဝါး များပေး၍မရ၊ ပေးစရာလည်း မလိုပါ။ ဒီပြောမရ၊ ဆိုမရ လူကြီးဆန္ဒနှင့် ဆန့်ကျင်ဘက်လုပ်ပြသည့် ပြဿနာများ အစပျိုးသည် က သုံးနှစ်သား။ ထိုအရွယ်တွင် ပြောမရဆိုမရ ဖြစ်သည့် ကလေးများ၏ ၆၀ ရာခိုင်နှုန်း သည် အသက် ၈ နှစ်အရွယ်တွင် ထိုပြဿနာ ရှိနေဆဲဖြစ်ကြောင်း တွေ့ရသည်။ ထိုအထဲမှာ တစ်ဝက် ၅၀ ရာခိုင်နှုန်းက ပြဿနာကို အသက် ၁၈ နှစ်အထိယူဆောင် သွားတတ်ကြသည်။ 

 

အဖြစ်များတဲ့ပြဿနာ
အကယ်၍ ဒီပြဿနာသည် လူကြီးဘဝအထိပါ ပါသွားပါက ဖြစ်လာနိုင်သည့် နောက် ဆက်တွဲ ဆိုးကျိုးများက မသေးလှပါ။ မိဘပစ္စည်းမှအစပြု၍ ခိုးတတ်လာခြင်း၊ ရန်ဖြစ်ခြင်း၊ အရက်နှင့် မူးယစ်ဆေးဝါး သုံးစွဲခြင်း၊ ယာဉ်မဆင်မခြင် မောင်းနှင်ခြင်း၊ ကျောင်းထွက်ရခြင်း၊ အလုပ်လက်မဲ့ဖြစ်ခြင်း၊ အများနှင့် သဟဇာတ မဖြစ်ခြင်းတို့အပြင် မိဘဖြစ်လာသည့် အခါ တွင်လည်း သူတို့က မွေးသော သားသမီးများကို လုံလောက်သော သွန်သင်စောင့်ရှောက်မှု မပေးနိုင်ခြင်းတို့ကို တွေ့ရသည်။

 

ဘာကြောင့်ပြောမရဆိုမရဖြစ်ရသလဲ?
ဒီပြဿနာကို အကြမ်းဖျင်းအားဖြင့် စိတ်ပညာရှင်တို့ နှစ်ပိုင်းပိုင်းလေ့ရှိသည်။ ၁၀ နှစ် သား အရွယ်ထက်စော၍ သတိထားမိသော ပြဿနာနှင့် ထိုထက်နောက် ကျသော ပြဿနာ ဟူ၍ ဖြစ်သည်။ ၁၀ နှစ်သားထက် နောက်ကျ၍ဖြစ်သော ပြဿနာက အဓိကအားဖြင့် ပတ်ဝန်းကျင်ပေါ်မှာ မူတည်သည်။ ၁၀ နှစ်အောက်တွင်စဖြစ်သော ပြဿနာကတော့ မမွေးခင် မွေးကင်းစ ကြုံတွေ့ခဲ့ရသော ဒဏ်ရာဒဏ်ချက်များနှင့် ငယ်ရွယ်စဉ်မှာ မိဘတို့၏ စနစ်တကျ လေ့ကျင်သင်ကြားပေးနိုင်စွမ်းပေါ် အဓိကတည်နေသည်။

 

မမွေးခင်ဆိုသော စကားလုံးက အတော် အ့ံအားသင့်စရာဖြစ်ကောင်း ဖြစ်နေမည်။ အမှန်ပါပဲ။ မမွေးခင် ကတည်းက မိခင်ဆေးလိပ်သောက်ခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲခြင်း တို့သည် ပြောမရဆိုမရ ကလေးတွေ ဖြစ်လာဖို့ နီးစပ်စေကြောင်း သုတေသနများက ဆိုထားသည်။ မွေးကင်းစတွင် ကြုံတွေ့ခဲ့ရသော ကျန်းမာရေး ပြဿနာများ၊ အသက်လေး ငယ်ငယ်၊ ဦးနှောက်လေး အင်နှင့်အားနှင့် ဖွံ့ဖြိုးနေသည့်အရွယ် နာတာရှည် ရောဂါများဖြစ်၍ နာလန်ပြန်မထူနိုင်ပါက ဉာဏ်ရည်နှင့် ဆင်ခြင်တုံတရားကို ထိခိုက်တတ်သည်။ ယခုတော့ သုတေသနများက ကိန်းဂဏန်းတွေနှင့် သက်သေပြလာကြသည်။ နာတာရှည်ရောဂါတစ်ခု ငယ်စဉ်မှာ ဖြစ်ခဲ့ပြီး နာလန်မထူလျှင် ထိုပြောမရ ဆိုမရ ကလေးတွေဖြစ်လာဖို့ သုံးဆ ပိုများသည်ဟုဆို၏။

 

မျိုးရိုးဗီဇ၊ အာရုံကြော အနည်းငယ် ထိခိုက်ထားခြင်း အစရှိသော ပြုပြင်မရသည့် အချက်များသည် ပြောမရဆိုမပြကလေးများ ဖြစ်လာရာတွင် အရေးပါသင့်သလောက် ပါသော်လည်း မိဘ၏ သွန်သင်ဆုံးမမှုနှင့် ပတ်ဝန်းကျင်ရေခံ၊ မြေခံကောင်းမှုတို့က ထိုအားနည်းချက် ကလေးများကို ဖုံးလွှမ်းပစ်နိုင်ကြောင်းကိုလည်း အထောက်အထား များ တွေ့လာကြရသည်။ ဆိုလိုသည်ကတော့ ပြောမရဆိုမရကလေးများ ဖြစ်လာရခြင်း၏ အကြောင်းရင်းများထဲတွင် ထိပ်ဆုံးကပါနေသည့် အချက်များမှာ -

 

• မိဘ၏ကြင်နာစွာ ယုယပျိုးထောင်မှု အားနည်းခြင်း၊
• မိဘက ကလေးကို ကိုယ် (သို့) စိတ်နာကျင်ထိခိုက်အောင် လုပ်တတ်ခြင်း၊
• လူမှုရေး၊ စီးပွားရေး နိမ့်ကျခြင်း၊
• မိဘစိတ်ကျန်းမာရေးပြဿနာရှိခြင်း၊
• ကလေးအတန်းပညာ ဆုံးခန်းတိုင်အောင် မသင်ကြားရခြင်း၊
• မိဘချင်း မတည့်ခြင်း၊ ကွဲခြင်း၊ တစ်ဦးကိုတစ်ဦး အမြဲအပြစ်တင်တတ်ခြင်း၊
• ကလေးကို သွန်သင်ဆုံးမမှု အားနည်းခြင်း (သို့) တစ်ဖက်စောင်းနင်း ပြင်းထန်စွာဆုံးမတတ်ခြင်း၊
• ကလေးငယ်၏ အရေးကိစ္စများတွင် မိဘစိတ်ဝင်စားစွာ ပါဝင်မှု အားနည်းခြင်းနှင့်၊
• မိဘနှင့် ကလေးချစ်ခင်တွယ်တာမှု အားနည်းခြင်းတို့ ဖြစ်ကြောင်းတွေ့ရလေသည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ပါမောက္ခရဲမြင့်ကျော် (ဒေါက်တာရဲ)
ကလေးအထူးကုဆရာဝန်ကြီး
မမွေးဖွားမီမှ အရွယ်ရောက်သည်အထိ ကလေးပြုစုစောင့်ရှောက်ခြင်း စာအုပ်မှကောက်နုတ်ထားပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18