Print

ကလေးလက်ကောက်ဝတ်ကို ဆွဲမရင်း အဆစ်လွဲသွားခြင်း (Pulled Elbow Syndrome)

  28-Feb-2017
Preview Image

 

Pulled Elbow Syndrome ဖြစ်ရတဲ့ အကြောင်းအရင်းကတော့ တချို့လူကြီးတွေ က ကလေးငယ်တွေကို စိတ်မရှည်ဘဲ လက်ကောက်ဝတ်ကနေ ဆတ်ခနဲ မတင်ပြီး ဆွဲလိုက်တဲ့အခါမှာ ဖြစ်တတ်ပါတယ်။ တချို့က အဲဒီရောဂါကို Nursemaid’s Elbow လို့ခေါ်ပါတယ်။ ကလေးထိန်းဖို့ခေါ်ထားတဲ့ လူတွေကလည်း စိတ်မရှည်ဘဲ ကလေး လက်မောင်းကို ဆောင့်ဆွဲတာတွေ လုပ်ရင်း ဖြစ်တတ်တဲ့ အတွက်ကြောင့် တချို့ကလည်း Baby-sitter’s Elbow လို့ခေါ်ပါတယ်။ 

 

တစ်ခါတစ်လေ ကလေးနဲ့အတူ ဆော့တဲ့အခါတွေမှာ ကလေးရဲ့ လက်ကနေ ကိုင်ပြီး လှည့်လိုက်တာမျိုးတွေမှာလည်း ဒီရောဂါ ဖြစ်တတ်ပါတယ်။ အများအားဖြင့် အသက် ၁ နှစ်နဲ့ ၃ နှစ်ကြားအရွယ်တွေမှာ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့လည်း ကလေးခြောက်လကနေ ၇ နှစ်ကြားအရွယ်အထိ ဖြစ်တတ်ပါတယ်။ မိန်းကလေးတွေမှာ ပိုဖြစ်တတ်ပါတယ်။ ဘယ်ဘက်လက်တွေမှာ ပိုအဖြစ်များတာကိုလည်း တွေ့ရပါတယ်။ 

 

အဖြစ်အများဆုံးကတော့ ကလေးလက်ကို ဆွဲမတဲ့ ပုံစံမှားလို့ဖြစ်ပါတယ်။ ဒီရောဂါဖြစ်ရတဲ့ ပုံစံက လက်ဖျံရိုးရဲ့ အရိုးနှစ်ချောင်းနဲ့ လက်မောင်း၊ အရိုးတစ်ချောင်းက တံတောင်ဆစ်ရဲ့ အဆစ်မှာ လက်ဆက်နေပါတယ်။ လက်ဖျံရိုးတွေက လက်ကို လှည့်ဖို့နဲ့ လှုပ်ရှားမှုတွေ ထိန်းပေးဖို့ အဆစ်နေရာမှာ အရွတ်တွေရှိပါတယ်။ အဲ့ဒီအရွတ်တွေက ငယ်သေးတဲ့ အရွယ်မှာ မသန်မာသေးပါဘူး။ အဲဒီလို မသန်မာသေးတဲ့အချိန် ကလေးတွေ ရဲ့ လက်ကိုဆွဲမလိုက်တာနဲ့ လှည့်လိုက်တာတွေ လုပ်တဲ့အခါမှာ အဆစ်က နည်းနည်းလေး လွဲသွားပါတယ်။

 

Radial Head လို့ခေါ်တဲ့ အဆစ်ထိပ်လေးက နည်းနည်းလေး လွဲသွားပါတယ်။ အဆစ်က ပုံမှန်အနေအထား မဟုတ်တော့တဲ့အတွက် အဲဒီနေရာက နာနေပါတယ်။ အဲဒါကို Sub-luxation လို့ခေါ်ပါတယ်။ ဒါက အဆစ်တစ်ခုလုံး ပြုတ်သွားတာ မဟုတ်ပါဘူး။ အဆစ်ထိပါက ဟသွားတာနဲ့ နည်းနည်းလေး လွဲသွားတာဖြစ်ပါတယ်။

 

လက္ခဏာတွေအနေနဲ့ကတော့ ကလေးက အဲဒီဘက်လက်ကို မဆော့တော့ဘဲ၊ မလှုပ်ရှားတော့ဘဲ ငြိမ်နေတတ်ပါတယ်။ အဲဒီလက်က မသိမသာလေး နည်းနည်းလေး ရောင်နေတတ်ပါတယ်။ လက်ကို အပြင်ဘက်ကို လှန်လို့လည်း မရပါဘူး။ နာနေတတ်ပါတယ်။ ကလေးက ခြောက်လအရွယ် မရှိခင်မှာလည်း အိပ်နေရင်း ဟိုဘက်၊ ဓီဘက်လှည့်ရင်းနဲ့လည်း အဆင်မသင့်ရင် ဖြစ်တတ်တာကို တွေ့ရပါတယ်။ ချော်လဲ တာတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ 

 

အများအားဖြင့် မိဘတွေက ကလေးငယ်လေး လက်နာနေတယ်။ ငိုနေတယ်၊ ရောင်နေတယ်ဆိုတာကိုတွေ့တော့ ကြောက်လန့်ပြီးတော့ မြန်မြန်တော့ လာပြကြပါတယ်။ အဲဒီအခါ အရိုးကျိုးတာတွေ ဖြစ်သွားလားသိရအောင် ဓာတ်မှန်တွေ ရိုက်ကြည့်ပေးပါတယ်။ အဆစ်လွဲတယ်ဆိုတာကတော့ ဖြစ်တတ်တာပါပဲ။ ဓာတ်မှန်ရိုက်ကြည့်တယ်ဆိုတာက အရိုးကျိုးသွားလားဆိုတာကို သိဖို့ရိုက်တာပါ။ အဆစ်လွဲသွားတာကတော့ ဓာတ်မှန်ထဲမှာ မပေါ်ပါဘူး။ ဖြစ်သွားတဲ့အကြောင်းအရင်း ကို မေးကြည့်လိုက်ရင် အဆစ်လွဲသွားတယ်ဆိုတာကို သိနိုင်ပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ပါမောက္ခဦးနေဝင်း
အရိုးခွဲစိတ်အထူးကုဆရာဝန်ကြီး
Arogyam magazine, November 2014Pg. 31-32

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18