Print

ကလေးမှ ကလေးမွေးသောအခါ

  28-Feb-2017
Preview Image

ဆယ်ကျော်သက်အရွယ်မှာ ကိုယ်ဝန်ဆောင်ရင် ဘာတွေဖြစ်လာနိုင်မလဲ။ 
ဆယ်ကျော်သက်အရွယ်ဆိုတာ World Health Organization (WHO) မှ သတ်မှတ်ထားချက်အရ ၁၀ နှစ်မှ ၁၉ နှစ်အတွင်းကို ဆိုလိုပါသည်။ အဲဒီအရွယ်အတွင်းမှာ ကိုယ်ဝန်ရှိလာရင် ကိုယ်ဝန်ဆောင် ဆယ်ကျော်သက် မိခင်အနေနဲ့ ကျောင်းက ထွက်ရတာ၊ ကိုယ်ရောစိတ်ပါ မချမ်းမသာ ဖြစ်ရ စတဲ့ရှုထောင့်ပေါင်းစုံကနေ ဒုက္ခပေါင်းစုံ ခံစားရမှာဖြစ်ပါတယ်။ အမေကိုယ်တိုင်လည်း ကျန်းမာရေးရှုတောင့်မှ အန္တရာယ်များစွာ ဖြစ်လာနိုင်ပါတယ်။ ဆယ်ကျော်သက် မိန်းကလေးတစ်ယောက် ကိုယ်ဝန်ရှိလာပြီဆိုရင် မိသားစုပါ ဝန်ထုပ်ဝန်ပိုး ဖြစ်လာလေပြီ။ ယောကျ်ားလေးကပါ ငယ်ငယ်ရွယ်ရွယ်နှင့် မရင့်ကျက်သေးသူဖြစ်လျှင် သူရဲ့ မိသားစုမှာလည်း ၎င်းနည်းတူ ဖြစ်လာမည်ဖြစ်သည်။ 

 

ငယ်ရွယ်သူများလည်း ဖြစ်တာတစ်ကြောင်း၊ ကျန်းမာရေးဗဟုသုတ နည်းသေးတာ ကတစ်ကြောင်း စသည်တို့ကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ဝန်ကို သေချာဂရုစိုက် တတ်မည် မဟုတ်ပေ။ ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်များ အမှန်တကယ် လိုအပ်နေသည်မှာ နားလည်ပေးမှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ကိုယ်ဝန်ဆောင် အသိပညာများဖြစ်တဲ့ အာဟာရ ရရှိအောင် စားသောက်နည်း၊ ပိုးမွှားတွေရဲ့ အန္တရာယ်နှင့် ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်တတ်တဲ့ အကျိုးဆက်တွေပဲ ဖြစ်ပါတယ်။

 

ဆေးလိပ်နှင့် ဆေးရွက်ကြီးသုံးတာဟာ၊ အရက်သေစာသောက်စားတာနဲ့ အခြားဆေးလိပ်နှင့် ဆေးဝါးများဟာ အသုံးပြုမိလျှင် မိမိရင်သွေးကို ထိခိုက်နိုင်မှာဖြစ်ကြောင်း ကိုယ်ဝန်ဆောင်မိခင် သိရှိအောင်ပြောပြရမည်ဖြစ်သည်။ ဆက်ကျော်သက်ကိုယ်ဝန်ဆောင်အားလုံး ကိုယ်ဝန်ရှိမှန်း သိသိချင်းမှာပင် ကိုယ်ဝန်အပ်ထားကြရပါမယ်။ ဆယ်ကျော်သက်အရွယ်ဆိုသည်မှာ နဂိုကပင် စိတ်ခံစားမှုလွယ်သူများဖြစ်သောကြောင့် ကိုယ်ဝန်ရှိလာလျှင် စိတ်ခံစားမှုများ ပိုမိုပြင်းထန်လာမည်ဖြစ်သည်။

 

• အချို့မှာ ကိုယ်ဝန်ကို မလိုချင်ကြပေ။
• တချို့ကတော့ ကိုယ်ဝန်ဆောင်သည်ကို ဆုတစ်ခုရသလိုကြည့်ကြပြီး တာဝန်ယူစိတ် လုံးဝမရှိပေ။
• စိတ်ဓာတ်ကျခြင်းဆိုသည်မှာ ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်များတွင် အဖြစ်အများဆုံး ဖြစ်သည်။ 
• အများစုကတော့ ဤသို့ချစ်စရာကောင်းသော ကလေးမျိုးလိုချင်သော်လည်း ကလေးရဲ့ လိုအပ်ချက်နဲ့ လိုအပ်တဲ့စောင့်ရှောက်မှုတွေကို ဘယ်လိုပေးရမလဲဆိုတာ မသိဘဲဖြစ်နေတတ်သည်။ 
• အချို့ကတော့ စိုးရိမ်ပူပန်စိတ်၊ ရှက်စိတ်၊ အနာဂါတ်ကို ကြောက်လန့်စိတ်များ ဝင်လာလေသည်။

 

ဆယ်ကျော်သက်မိခင်များမှ မွေးလာသော ရင်သွေးလေးများမှာ မိခင်က ငယ်ရွယ်ပြီး မရင့်ကျက်သေးခြင်း၊ ကလေးကို မည်သို့ထိန်းရမည်ကို မသိခြင်းတို့ကြောင့် ကလေးမှာ လျစ်လျူရှုခံရခြင်းနှင့် အကြမ်းဖက်ခံရခြင်း၊ အရိုက်နှက်ခံရခြင်းများ ဖြစ်လာနိုင်သည်။ ထို့ကြောင့် မိဘများအနေဖြင့် မိမိသားသမီးများ ဆယ်ကျော်သက်အရွယ်ရောက်လာပြီ ဆိုလျှင် သားသမီးနှင့် မျိုးဆက်ပွားပညာရေးအကြောင်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးရန် လိုအပ်ပါသည်။ လိင်ဆက်ဆံလျှင် ဖြစ်လာမည့် အကျိုးဆက်များ၊ ကိုယ်ဝန်ဆောင်ခြင်း အကြောင်းနှင့် သန္ဓေတားဆေးများအကြောင်းကို မိမိသားသမီးကို ပြောပြထားရန် လိုအပ်ပါသည်။

 

ဆယ်ကျော်သက်ကိုယ်ဝန်ဆောင် တစ်ယောက်အနေဖြင့် ကလေးမွေးဖွားရန် ကျောင်းနားလိုက်ပြီးနောက်ပိုင်း ကျောင်းပြန်မတက်ဖြစ်တော့သည်ကများသည်။ ထိုအခါ သူမအတွက် အနာဂါတ်တွင် ရရှိနိုင်မည် အခွင့်အရေးများ၊ ကောင်းမွန်သော အလုပ်အကိုင်များ ရရှိနိုင်ရန် ခက်ခဲသွားသည်။ ထို့ကြောင့် ကျောင်းစာသင်ခန်းများတွင်ဖြစ်စေ၊ မိသားစုထဲတွင် ဖြစ်စေ၊ ကျန်းမာရေး ဆေးပေးခန်းများတွင်ဖြစ်စေ ဆယ်ကျော်သက် လူငယ်များအား မျိုးဆက်ပွားကျန်းမာရေးနှင့် ပတ်သက်သည်။ ပညာပေးဟောပြောပွဲများ ပြုလုပ်ပေးခြင်းဖြင့် မလိုအပ်သည့် ကိုယ်ဝန်ရရှိမှုများ၊ ဖျက်ချခြင်းများကို ကာကွယ်ပေးနိုင်မည်ဖြစ်သည်။

 

Credit: Original Writer 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18