Print

ဂရုမစိုက်မိတဲ့ သွေးတိုးရောဂါ

  28-Feb-2017
Preview Image

"ဒေါ်တုတ်ရယ် မတွေ့တာကြာပြီ ။ ဘယ်ပျောက်နေတုန်း"


"ငါ့သမီးမဗိုက်လေ ကိုယ်ဝန်ကြီးနဲ့တက်လို့ ဆေးရုံမှာအရေးပေါ်မွေးလိုက်ရတယ်"


"ဟယ်တော် ဘယ်လိုဖြစ်တာတုန်း၊ ဟိုတလောကတွေ့တုန်းကတောင် ကျန်းကျန်းမာမာပါ"


"သွေးတိုးပြီး တက်တာတဲ့အေ၊ ငါ့ဖြင့်ကြောက်လိုက်တာ၊ ဆေးရုံက ဆရာဝန်၊ဆရာမတွေသာ မကယ်ရင် မြေးလေးကိုတွေ့ရမှာတောင်မဟုတ်ဘူး"


"ပြောစမ်းပါအုံးတော့ ဘယ်လိုသွေးတိုးပြီး တက်တာလဲ"


"ငါ့သမီးကကိုယ်ဝန်ဆောင်နေတုန်း သွေးတိုးရှိတာကိုဆေးပုံမှန်မသောက်ဘူးလေ၊ ဘာလို့ဖြစ်တာလည်းတော့ ငါလည်းသေချာမသိဘူး"


"အဲဒါဆို ဒီတခေါက် ချွေးမလေးကိုယ်ဝန်သွားအပ်တော့မှပဲ ဆရာ့ကိုသေချာမေးတော့မယ်"

 

နောက်တနေ့တွင် ဒေါ်လှတယောက် ချွေးမနဲ့အတူဆေးခန်းကို လိုက်သွားလေရဲ့...

 

ဒေါ်လှ ။ ။ ချွေးမလေးသွေးပေါင်ကောင်းလား ဆရာ


ဆရာဝန် ။ ။ ကောင်းပါတယ်ဗျ၊ အဒေါ်က သွေးပေါင်ကောင်းလား မေးနေပါလား 


ဒေါ်လှ ။ ။ ကျွန်မအသိတယောက်ရဲ့သမီးလေး ကိုယ်ဝန်ကြီးနဲ့ သွေးတိုးပြီးတက်လို့၊ အဲဒါ ချွေးမလေးအတွက် စိုးရိမ်လို့ပါ ဆရာ


ဆရာဝန် ။ ။ အဲလို ကျန်းမာရေးအတွက်စိုးရိ်မ်တတ်တာ ကောင်းတယ်ဗျကိုယ်ဝန်ဆောင်တွေ ကိုယ်ဝန်ပတ်၂ဝကျော်မှာ သွေးဖိအားကိုချိန်ကြည့်လို့ အောက်သွေး၉ဝနဲ့အထက်ဖြစ်နေပြီဆို ရင်သတိထားရပြီ၊ အောက်သွေးက၁၁ဝအထက်ဆိုရင်တော့ဒါဟာကိုယ်ဝန်ဆောင်မှာဖြစ်တဲ့ သွေးတိုးရောဂါဆိုတာ သေချာပြီ။


ဒေါ်လှ ။ ။ ကလေးကို ထိခိုက်နိုင်လား ဆရာ


ဆရာဝန် ။ ။ ဒီလိုမျိုး သွေးတိုးတာရင် ကလေးဆီကို သွေးအရောက်နည်းတာဖြစ်တဲ့အတွက် ကလေးညှက်တာ၊ရေမွှာရည်နည်းတာ၊ လမစေ့ဘဲ မွေးတာ၊ ပိုဆိုးတာက သားအိမ်တွင်းမှာပဲ ကလေးဆုံးတာ၊ မွေးပြီး ကလေးဆုံးတာတွေ ဖြစ်နိုင်တယ်၊ အချင်းကွာတာမျိုးလည်း ဖြစ်တတ်တယ်


ဒေါ်လှ ။ ။ ကြောက်စရာကြီးပါလား ဆရာရယ်။ ဒီရောဂါ ရှိ၊ မရှိ ဘယ်လိုသိနိုင်မလဲ 


ဆရာဝန် ။ ။ အဓိကတော့ ကိုယ်ဝန်သေချာအပ်ပြီး ရက်ချိန်းတွေကိုမှန်မှန်ပြရမယ် စောစောသိလေ ကုသလို့ပိုလွယ်ကူလေပဲ၊ ဆားလျှော့စားတာမျိုးလုပ်ရမယ်။ကိုယ်ဝန်ဆောင်မှာ ခြေသလုံးတွေ ဖောရောင်လာပြီး ခေါင်းကိုက်တာ၊အမြင်ဝေဝါးတာ၊ အလင်းရောင်စူးခနဲ မြင်တာ၊ ဆီးသွားနည်းတာမျိုးဖြစ်လာရင်တော့ သတိထားရမယ်။ 


ဆရာဝန် ။ ။ အဓိကတော့ ကိုယ်ဝန်သေချာအပ်ပြီး သတိထားရမယ်။

 

ဒေါ်လှ ။ ။ ကုသလို့ရော ပျောက်လား ဆရာ


ဆရာဝန် ။ ။ ကလေးမွေးလိုက်တာကတော့ ရောဂါကိုသက်သာစေဖို့ အသေအချာပဲ။ သွေးကျဆေးတွေနဲ့ သွေးဖိအားကို ထိန်းထားလို့ရတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်များ သွေးတိုးရှိလျှင် သွေးကျဆေးကို မပျက်မကွက်ပုံမှန်သောက်သင့်တယ်။ကိုယ့်သဘောနဲ့ကိုယ် ဆေးကို ဖြတ်တာ၊ အတိုးအလျှော့လုပ်တာ မလုပ်ရဘူး။ သန္ဓေသားကို မထိခိုက်တဲ့ဆေးတွေဖြစ်တဲ့အတွက် စိတ်ချလက်ချသောက်လို့ရတယ်။


ဒေါ်လှ ။ ။ ဆရာ သွေးတိုးပြီးတက်တယ်ဆိုတာကရော။


ဆရာဝန် ။ ။ အဲဒါက နောက်ဆက်တွဲဆိုးကျိုးတခုပါ။ ကလေးမွေးပြီးတဲ့အချိန်မှာ တက်တာပိုဖြစ်တတ်တယ်။ ဒါကြောင့် မွေးပြီးချိန်လည်း 
ဆေးကိုဆက်သောက်ရမယ်။ ကိုယ်ဝန်ဆောင်အများစုကတော့ ရက်ပိုင်းအတွင်း ပုံမှန်သွေးဖိအားပြန်ဖြစ်လာတယ်။ ကလေးအသက်၄၅ရက်ကျော်ထိ သွေးတိုးနေတယ်ဆိုရင်တော့ သမားတော်နဲ့သေသေချာချာ တိုင်ပင်ကုသရမယ်။


ဒေါ်လှ ။ ။ အခုလို ပြောပြပေးတာ ကျေးဇူးပါဆရာ။ ချွေးမလေးကိုလည်း ကိုယ်ဝန်ရက်ချိန်းမှန်မှန်ပြခိုင်းပြီး ဂရုစိုက်ပါတော့မယ်။


ဆရာဝန် ။ ။ သိပ်ကောင်းတာပေါ့ဗျာ။


Drခိုင် (၇၈၈၇ ကျန်းမာရေး call centre)


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18