Print

သားအိမ်ခေါင်းကင်ဆာ

  28-Feb-2017
Preview Image

Human Papilloma Virus (HPV) ခေါ် ဗိုင်းရပ်စ်ပိုးတစ်မျိုးသည် သားအိမ်ခေါင်း ကင်ဆာကို ဖြစ်စေနိုင်သည်။ ယင်းပိုးသည် လိင်ဆက်ဆံရာမှ တစ်ဆင့်ကူးစက်သည်။ HPV ပိုးအမျိုးပေါင်း ၁၀၀ ကျော်ရှိသည့်အနက် ၆ မျိုးကသာ သားအိမ်ခေါင်းကင်ဆာ ကို ဖြစ်စေတတ်သည်ဟု သိရသည်။ HPV ပိုး ၁၆ နှင့် ၁၈ မျိုးကွဲများကြောင့် သားအိမ်ခေါင်း ကင်ဆာ ၇၀ ရာခိုင်နှုန်းဖြစ်စေသည်။ သားအိမ်ခေါင်းကင်ဆာသည် အသက်အရွယ်မရွေး၊ အဆင့်အတန်းမရွေး ဖြစ်နိုင်သည်။

 

ဖြစ်ပွားရသည့်အကြောင်းရင်း
သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ခြေများသူတို့မှာ အသက် ၅၀ မှ ၅၉ နှစ်အတွင်းရှိသူ၊ အသက်ငယ်ရွယ်စဉ်အိမ်ထောင်ကျသူ၊ ကလေး ၅ ယောက်အထက်မွေးသူ၊ အိမ်ထောင်ဆက်များသူ၊ လိင်ဆက်ဆံဖော် တစ်ယောက်ထက်ပိုများသူနှင့် ပြည့်တန်ဆာတို့ဖြစ်သည်။

 

ရောဂါလက္ခဏာများ
သားအိမ်ခေါင်းကင်ဆာဖြစ်ရသည့်အခါ ရာသီမမှန်ခြင်း၊ မကြာခဏ ရာသီပေါ်ခြင်း၊ ရာသီပေါ်စဉ် ပမာဏများခြင်း၊ ရက်ကြာရှည်လာခြင်းတို့ ဖြစ်သည်။ ရာသီပေါ်ချိန်မရောက်မီမိန်းမကိုယ်မှ သွေးဆင်းတတ်သည်။ သွေးဆုံးပြီးမှ သွေးပြန်ဆင်းတတ်သည်။ မိန်းမကိုယ်မှ သွေးရောင်အကျိအချွဲများ နံသော အကျိအချွဲများ ဆင်းသည်။ အဖြူလည်း ဆင်းတတ်သည်။ ဝမ်းသွားသည့်အခါ သွေးပါနိုင်သည်။

 

သားအိမ်ခေါင်းကင်ဆာသည် ဆီးအိမ်၊ ကျောက်ကပ်၊ မစင်အိမ်များသို့ ပျံ့နှံ့လျှင် ဆီးသွားရခက်ခြင်း၊ မကြာခဏ ဆီးသွားခြင်း၊ ဆီးမထိမ်းနိုင်ခြင်း၊ မိန်းမကိုယ်မှ ဆီး၊ ဝမ်းထွက်ခြင်း၊ ဝမ်းထဲတွင် သွေးပါခြင်း၊ ကျောနာခြင်း၊ ခြေထောက်ရောင်ခြင်း တို့ ဖြစ်နိုင်သည်။ ထို့အပြင် အစားအသောက်ပျက်ခြင်း၊ မောပန်းခြင်း၊ ကိုယ်အလေး ချိန်လျော့ခြင်းတို့ကို ခံစားရနိုင်သည်။ သားအိမ်ခေါင်းကင်ဆာရှိ ဆဲလ်များ ကင်ဆာ မဖြစ်မီ ပြောင်းလဲချိန်နှင့် ကင်ဆာဖြစ်ခါစအချိန်တို့၌ ရောဂါလက္ခဏာများ မပြတတ်ချေ။ တစ်ခါတစ်ရံ ရောဂါလက္ခဏာဟူ၍ သတ်သတ်မှတ်မှတ် မပေါ်ပေါက်ချေ။

 

ရောဂါရှာဖွေခြင်း
သားအိမ်ခေါင်းကင်ဆာရှာဖွေရန် Pap Smear test ကို ပြုလုပ်ရသည်။ မိန်းမကိုယ်ထဲသို့ Spectacular ခေါ် ကိရိယာထည့်ပြီး သားအိမ်ခေါင်းမှ နမူနာအရည်ကိုယူ၍ စစ်ဆေးကြည့်သည်။ ယင်းစစ်ဆေးမှုက သားအိမ်လည်တံ ကင်ဆာမဖြစ်မီ အခြေအနေ၊ သားအိမ်ခေါင်းကင်ဆာနှင့် အခြားသားအိမ်ခေါင်းကင်ဆာများကို တွေ့ရှိနိုင်သည်။ သားအိမ်အတွင်းမြှေး ကင်ဆာကိုမူ မတွေ့ရှိနိုင်ချေ။

 

အကယ်၍ Pap Smear test လုပ်ရာတွင် ကင်ဆာသံသယဖြစ်ဖွယ်တွေ့လျှင် အတွင်းကြည့်မှန်ပြောင်းဖြင့် ကြည့်၍ အသားစယူစစ်ဆေးခြင်း (Biopsy) ကို ဆောင်ရွက် ရသည်။ အသားစယူရာတွင် Punch biopsy, Wedge biopsy, Cone biopsy, Excisional biopsy စသဖြင့် မျိုးစုံရှိသည်။ ထိုသို့စစ်ဆေးသည့်အခါ အရေပြားပုံစံဆဲလ် ကင်ဆာ (squamous cell carcinoma) ၉၀ ရာခိုင်နှုန်းနှင့် ဂလင်းမှဖြစ်သည့် ကင်ဆာ (adenocarcinoma) ၁၀ ရာခိုင်နှုန်းနှင့် ဂလင်းမှဖြစ်သည့် ကင်ဆာ (adenocarcinoma) ၁၀ ရာခိုင်နှုန်းတွေ့ရသည်။

 

ကုသခြင်း
သားအိမ်ခေါင်းကင်ဆာသည် ခန္ဓာကိုယ်၌ ပျံ့နှံ့မှုအပေါ်မူတည်၍ အဆင့် ၄ ဆင့်ရှိသည်။ သားအိမ်ခေါင်းကင်ဆာကို ခွဲစိတ်ကုသခြင်း၊ ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း ၊ ဆေးသွင်းကုသခြင်း တို့အား ရောဂါအဆင့်ပေါ် မူတည်၍ ကုသသည်။ ရာသရာတွင် အကျိုးသက်ရောက်မှုသည် ရောဂါအဆင့်၊ ကုထုံးနှင့် ရောဂါသင့်လျော် မှုတို့အပေါ် မူတည်သည်။

 

ကာကွယ်ရေး
အမျိုးသမီးများအနေဖြင့် အသက် ၃၅ နှစ်ကျော်လျှင် Pap smear test ကို စမ်းသပ်စစ်ဆေးသင့်ပါသည်။ နှစ်စဉ် တစ်ကြိမ် စစ်ဆေးသင့်သည်။ သားအိမ်ခေါင်း ကင်ဆာသည် Human papilloma virus ပိုးကြောင့် ဖြစ်ပွားနိုင်ရာ ယင်းပိုးကူးစက်ခံရမှုမှ ကာကွယ်ရန် ကာကွယ်ဆေးထိုးထားနိုင်သည်။ ယင်းကာကွယ်ဆေးကို ၃ ကြိမ်ထိုးရသည်။ ပထမအကြိမ်စထိုး၍ တစ်လအကြာတွင် ဒုတိယအကြိမ်၊ တတိယအကြိမ်အဖြစ် ပထမအကြိမ် ထိုးပြီး ၆ လအကြာတွင် ထိုးရမည်ဖြစ်သည်။ ဆေးကို လက်မောင်းတွင် အသားထဲသို့ ထိုးရသည်။ ရေခဲဘူးတွင် ထည့်၍ သိမ်းရသည်။ အာနိသင်မှာ ၄ နှစ်ဖြစ်သည်။


Credit:
ဒေါက်တာအောင်သန်း
အဖြစ်များသောကင်ဆာရောဂါများစာအုပ်မှ ကောက်နှုတ်ထားပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18