Print

ကိုယ်ဝန်ဆောင်နှင့် အားကစားလေ့ကျင်ခန်း လုပ်ဆောင်မှုအကြောင်း သိကောင်းစရာ

  28-Feb-2017
Preview Image

အခုနောက်ပိုင်း အနှစ်နှစ်ဆယ်လောက်အတွင်းမှာ ကိုယ်ဝန်ဆောင်မိခင်တွေကိုလေ့ကျင့်ခန်း ပြုလုပ်တာနဲ့ ပတ်သက်ပြီး အကြံပြုချက်တွေ ထောက်ခံဝေဖန်ချက်တွေက အရင်အချိန်တုန်းကနှင့် မတူဘဲ သိသိသာသာကြီး ပြောင်းလဲသွားပြီဖြစ်ပါတယ်။ အရင်တုန်းကဆို ကိုယ်ဝန်ဆောင်မိခင်တွေကို ဟိုဟာမလုပ်ရဘူး။ ဒီဟာမလုပ်ရဘူးဆိုပြီးပြောခဲ့ကြပေမယ့် အခုတော့ အဲလိုမဟုတ်ဘဲ အတော်လေး ပြောင်းလဲသွားပြီပေါ့နော်။ 
ကိုယ်ဝန်ဆောင်တွေအနေနဲ့ လေ့ကျင့်ခန်းပြုလုပ်တာက မိခင်အတွက်သာမက သန္ဓေသားအတွက်ပါ လုံးဝအန္တရာယ်မရှိဘူးလို့ လက်ခံချက်တွေက ရှိလာပါတယ်။


လေ့ကျင့်ခန်းကို စတင်လုပ်ဆောင်တာ၊ ဆက်လက်ပြုလုပ်တာတွေကို ကိုယ်ဝန်ဆောင်မိခင်တွေ အများစုအတွက် အကြံပြုထောက်ခံပေးတာတွေလည်း ရှိလာပါပြီ။လေ့ကျင့်ခန်းတွေ ပြုလုပ်နေတာကြောင့် ကိုယ်ဝန်ဆောင်တဲ့ အချိန်မှာ ဖြစ်ပေါ်တတ်တဲ့ ဆီးချိုသွေးချိုရောဂါ စတာတွေကို ကာကွယ်နိုင်တဲ့အပြင် သွေးတွင်းသကြားဓာတ်ပုံမှန်ဖြစ်အောင်လည်း ထိန်းထားပေးနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ လှုပ်ရှားနေတာကြောင့် 
ကစီဓာတ်ကို ဖြုန်းတီးပေးနိုင်ပါတယ်။

 

ကိုယ်ဝန်ဆောင်မိခင်တွေက ဆီးချိုသွေးချိုဖြစ်တတ်ပါတယ်။ ကိုယ်ဝန်ဆောင်နေတဲ့ အချိန်ဖြစ်ပြီး ကလေးမွေးပြီးသွားရင်တော့ မဖြစ်တော့တာမျိုး ရှိပါတယ်။ တစ်ချို့ကျတော့လည်း ဆက်ဖြစ်သွားတတ်ပါတယ်။

 

တစ်ခုရှိတာက ကိုယ်ဝန်ဆောင်တွေက အေရိုးဗစ်လေ့ကျင့်ခန်းကိုတော့ လုံးဝရှောင်ကြဉ်ရပါမယ်။ အေရိုးဗစ်လေ့ကျင့်ခန်းတွေက ဟိုခုန်ဒီခုန်နဲ့ အရမ်းချွေးထွက်အောင်လုပ်ရတာကြောင့် ရှောင်ခိုင်းတာ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ် လေ့ကျင့်ခန်းတွေလုပ်တဲ့အခါ အန္တရာယ်သတိပေး သင်္ကေတတွေဖြစ်တဲ့ မိန်းမကိုယ်မှ သွေးဆင်းတာ၊အမောဖောက်တာ၊ ခေါင်းမူးခေါင်းကိုက်တာ၊ ရင်ဘတ်အောင့်တာ၊ ကြွက်သားအညောင်း
မိတာ၊ ခြေထောက်နာတာဖောတာ၊ ကလေးစောစော မွေးတတ်သူတွေဆို အရင်ကလေးမွေးတုန်းက ခုနစ်လလောက်နဲ့ မွေးထားတာလားဆိုတာရယ်၊ ဒီလိုလူမျိုးဆိုလည်းလေ့ကျင့်ခန်းတွေ ပေးမလုပ်ပါဘူး။ ကိုယ်ရေးရာဇဝင်အနေနဲ့ပြောရင် ကိုယ်ဝန်ဆောင်တစ်ဦးကို လေ့ကျင့်ခန်းလုပ်ဖို့ အကြံပြုချက်မပေးခင်

• အသက်ကဘယ်လောက်ရှိလဲ၊
• အထွေထွေကျန်းမာရေး အခြေအနေ၊
• ပြီးခဲ့တဲ့ ကိုယ်ဝန်ဆောင်တဲ့ အချိန်မှာ ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ခန်းအခြေအနေ၊
• အရိုး၊ အကြောကြွက်သား ထိခိုက်မှုရှိမရှိ၊
• နှလုံးနဲ့ သွေးကြောဆိုင်ရာ ရောဂါတွေရှိမရှိ
• လက်ရှိသောက်သုံးနေတဲ့ဆေးတွေ
• ဆီးချိုရောဂါ၊ အဆုတ်ရောဂါ 
• ပြီးခဲ့တဲ့ ကိုယ်ဝန်ဆောင်တဲ့ အချိန်တုန်းက ဖြစ်ခဲ့ဖူးတဲ့ အခြေအနေအစရှိတဲ့ကိုယ်ရေး ရာဇဝင်တွေကို မေးမြန်းစစ်ဆေးရပါမယ်။

 

စနစ်တကျစစ်ဆေးပြီးမှာ ဘယ်လိုလေ့ကျင့်ခန်းက အသင့်တော်ဆုံးလည်း၊ ဘာလေ့ကျင့်ခန်းလုပ် ဆိုတာမျိုးကို အကြံပြုလို့ရမှာပါ။ အာထရာဆောင်း စစ်ဆေးမှုကို ပုံမှန်ပြုလုပ်ပါ။ သန္ဓေသား ကြီးထွားမှု ရှိမရှိ၊ ပုံမှန်အနအထားရှိမရှိ စစ်ဆေးပေးတာမျိုးပါ။ အဲလို စစ်ဆေးတဲ့အခါ ထူးခြားတဲ့ပြဿနာတွေ ရှိရင် တခြားလိုအပ်တဲ့ ပုံရိပ်စစ်ဆေးစမ်းသပ်မှုတွေ ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ အဲဒီလို လိုအပ်တဲ့ စစ်ဆေးချက်တွေကို သားဖွား
မီးယပ်အထူးကု ဆရာဝန်ကြီးတွေရဲ့ ညွှန်ကြားချက်အတိုင်း လုပ်ရမှာဖြစ်ပါတယ်။

 

ကိုယ်ဝန်ဆောင်မိခင်တွေကို ပုံမှန်ဆိုရင် ပုံမှန်လေ့ကျင့်ခန်းတွေ ပြုလုပ်ဖို့တိုက်တွန်းသင့်ပါတယ်။ ဒါပေမဲ့ အရင်က ပြောခဲ့သလိုပေါ့နော်။ မလုပ်သင့်တာတွေလည်း ရှိပါတယ်။လေ့ကျင့်ခန်းတွေ လုပ်လိုက်မှ ပိုဆိုးသွားတာမျိုးရှိတာကြောင့် အဓိကကတော့ တိုင်ပင်ဆွေးနွေးနေတဲ့ သားဖွားမီးယပ်ဆရာဝန်ကြီးကို တိုင်ပင်ပြီးမှ လုပ်တာအကောင်းဆုံးဖြစ်ပါတယ်။ 

 

အားကစားလှုပ်ရှားမှုဟာ သားအိမ်အနည်းငယ်ကျုံ့တာကို ဖြစ်စေနိုင်သောကြောင့် ပထမကိုယ်ဝန်ဆောင် သုံးလပတ်ကာလမှာ သားအိမ်ကျုံ့တယ်လို့ လှုံ့ဆော်မှုမျိုးခံစားရတယ်ဆိုရင် ဒုတိယသုံးလပတ်တာကာလနဲ့ တတိယသုံးလပတ်တာကာလတို့မှာ အားကစားလှုပ်ရှားမှုကို လျှော့ပြီးလုပ်တာ ဒါမှမဟုတ် ရပ်ဆိုင်းလိုက်တာမျိုးပြုလုပ်ဖို့ လိုအပ်ပါတယ်။ သားအိမ်ကျုံ့တဲ့အခါ လှုံ့ဆော်မှုတွေ ဆက်တိုက်ဖြစ်ပေါ်ပြီးသွေးဆင်းတာတွေ၊ အရည်ကြည်ဆင်းတာတွေ ဖြစ်ပေါ်နိုင်ပါတယ်။ ကိုယ်ဝန်သုံးလ၊လေးလလောက်မှာ လှုံ့ဆော်မှုတွေ ခံစားရရင် ကိုယ်ဝန်ပျက်တတ်ပြီး ခြောက်လအထက်မှာ ရေအိတ်ပေါက်တာတွေ ဖြစ်နိုင်ပါတယ်။ 

 

ယေဘုယဆိုရင်တော့ ကိုယ်ဝန်ဆောင်အမျိုးသမီး အားကစားသမားတွေအနေနဲ့ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေက အန္တရာယ်မဖြစ်စေနိုင်ဘူးလို့ ဆိုပေမယ့်လည်း အဆုံးစွန် လှုပ်ရှားမှုတွေမှာတော့ အန္တရာယ်ဖြစ်စေနိုင်တာ သိထားဖို့သင့်ပါတယ်။ ကိုယ်ဝန်ဆောင်တွေအနေနဲ့ ရေဓာတ်နဲ့အာဟာရ လိုအပ်မှုတွေက ကိုယ်ဝန်ဆောင်နေစဉ်အတွင်းမှာ အထူးသဖြင့် အားကစားလှုပ်ရှားမှု ပြုလုပ်လိုက်တဲ့အခါ ပုံမှန်ထက် ပိုမိုလိုအပ်သွားတာမျိုး ဖြစ်နိုင်ပါတယ်။ နောက်ပြီး ခန္ဓာကိုယ် အပူချိန်လွန်ကဲတဲ့ပြဿနာလည်း ဖြစ်တတ်တာကြောင့် ရေဓာတ်ပြည့်ဝနေအောင် ရေများများသောက်သုံးပေးတာ၊ လေ့ကျင့်ခန်းတွေ လုပ်ပြီး ဒါမှမဟုတ် မလုပ်ခင်ကတည်းက ရေများများသောက်ထားတာမျိုး ပြုလုပ်သင့်ပါတယ်။

 

တစ်ပတ်ကိုတစ်ရက် အနည်းဆုံး မိနစ်သုံးဆယ်ခန့် လေ့ကျင့်ခန်းလှုပ်ရှားမှုတွေပြုလုပ်တာကြောင့် သိသိသာသာခန္ဓာကိုယ် ကျန်းမာရေးကောင်းကျိုးတွေကို ရရှိမှာဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန် လေ့ကျင့်ခန်း၊ ကိုယ်လက်လှုပ်ရှားမှုတွေ ပြုလုပ်တာကြောင့် ရရှိနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကတော့ ဆီးချိုသွေးချိုရောဂါကို ကာကွယ်ကုသပေးနိုင်တာ၊ ခါးနာတာ၊ ညောင်းညာတာတွေကို ကာကွယ်ပေးနိုင်တာ၊ ဝမ်းချုပ်တာနဲ့ ဖောရောင်တာတို့ကို ပျောက်ကင်းစေတာ၊ အလွယ်တကူ အိပ်မောကျစေတာ၊ ခန္ဓာကိုယ် ကြွက်သားတွေကို ကြံ့ခိုင်စေတာ စတဲ့ ကောင်းကျိုးတွေရရှိပါတယ်။နောက်ပြီး ကလေးမွေးဖွားရလွယ်ကူသလို မွေးဖွားပြီးတဲ့အခါမှာလည်း နဂိုလှုပ်ရှားမှု အခြေအနေကို ပြန်လည်ရလွယ်စေပါတယ်။


Credit:
အိဖြူ (ဆေးဝါးတက္ကသိုလ်)
Arogyam magazine, May 2016, Pg. 49


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18