Print

ကိုယ်ဝန်ဆောင်နှင့် သားအိမ်အသားလုံး

  28-Feb-2017
Preview Image

သားအိမ် အသားလုံးများသည် သားအိမ်တစ်ခုလုံးတွင် နေရာအနှံံ့ ဖြစ်ပွားနိုင်သည်။ ယေဘုယျအားဖြင့် သားအိမ်နံရံတွင်းတွင်ဖြစ်ခြင်း၊ သားအိမ်နံရံ၏ အပြင်ဘက်တွင် ဖြစ်ခြင်းနှင့် သားအိမ်လိုဏ်ခေါင်းအတွင်းတွင် ဖြစ်ခြင်းဟူ၍ သုံးမျိုး၊ သုံးနေရာရှိသည်။ သားအိမ်နံရံ 
အပြင်ဘက်နှင့် သားအိမ်လိုဏ်ခေါင်းတွင်ဖြစ်သော အမျိုးအစားတွင် ညှာတန်ရှည်နှင့် အလုံးများဖြစ်နိုင်သည်။ အလုံးကြီးပါက ဝမ်းဗိုက်အောက်ပိုင်းတွင် စမ်းမိခြင်း၊ ဓမ္မတာသွေးသားပေါ်မှု မမှန်ခြင်း၊ ရက်များစွာပေါ်ခြင်း၊ သွေးပေါ်စဉ် ကိုက်ခဲခြင်းများ ဖြစ်နိုင်သည်။

 

သားဥပြွန်များရှိသော သားအိမ်ထိပ်ပိုင်းနေရာများတွင် ဖြစ်ပါက သားဥပြွန်များ ကျဉ်းသွားခြင်း၊ ပိတ်ဆို့ခြင်းများရှိ၍ သားသမီး မရနိုင်သော ပြဿနာများဖြစ်ရသည်။ သားအိမ်လိုဏ်ခေါင်းအတွင်းတွင် ရှိပါက ကိုယ်ဝန်ရှိလာလျှင် သန္ဓေသား တွယ်ကပ်မှုကို အနှောင့်အယှက်ဖြစ်ခြင်းကြောင့် ကိုယ်ဝန်ပျက် ကျတတ်သည်။ ကိုယ်ဝန်မပျက်ဘဲ ဆက်ရှိပါကလည်း ၎င်းအလုံးများကြောင့် သန္ဓေသား အနေအထား မမှန်ခြင်း၊ လမစေ့မီ မွေးဖွားခြင်း၊ သားအိမ်ဝတွင် တစ်ဆို့နေတတ်ခြင်းကြောင့် ဗိုက်ခွဲမွေးဖွားရသည်။ မွေးဖွားပြီးပါကလည်း သားအိမ်ကျုံ့အားနည်းသောကြောင့် အချင်းကပ်ခြင်း၊ မွေးဖွားပြီး သွေးသွန်ခြင်းများ ဖြစ်နိုင်လေသည်။ 

 

အသားလုံးကြီးသော်လည်း ကိုယ်ဝန်ဆောင်စဉ်တွင် သန္ဓေသားကို အနှောင့်အယှက် မပေးဘဲ သီးသန့်ရှိနေသောကြောင့် လစေ့မှ ခွဲစိတ်မွေးပေးလေ့ရှိသည်။ အာလ်ထရာဆောင်းတွင် အလုံးအသေးလေးများ တွေ့သော်လည်း မည်သည့်လက္ခဏာ၊ မည်သည့်ပြဿနာမျှ မရှိပါက ခွဲစိတ်ရန် မလိုပေ။ နှစ်စဉ် စစ်ဆေးရန်သာ လိုအပ်သည်။ သွေးဆုံးအရွယ်လွန်ပြီးနောက်ထပ်မံကြီးထွားခြင်း လွန်စွာရှားသည်။ ရံဖန်ရံခါမှ သွေးဆုံးပြီးနောက် သွေးဆင်းခြင်းသည် ထိုအသားလုံးလေးများကြောင့် ဖြစ်တတ်လေသည်။

 

အိမ်ထောင်သည်ဖြစ်၍ ကလေးများရှိပြီး ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပြီးနောက် ဤအလုံးပြဿနာကြောင့် ခွဲစိတ်ရန် လိုအပ်လာပါက အသက် (၄၀) ပတ်လည်ပိုင်းတွင် အလုံးရော၊ သားအိမ်ပါ ထုတ်ပစ်သင့်သည်။ သားအိမ်၏အဓိက တာဝန်နှစ်ခုမှာ ဓမ္မတာသွေးပေါ်ရန်နှင့် သားသမီးလက်ခံပြီး မွေးဖွားရန်သာဖြစ်သည်။ လိင်မှုကိစ္စ၊ အမျိုးသမီး အရည်အသွေးပြောင်းလဲမှု၊ ယုတ်လျော့မှုတို့နှင့် မည်သို့မျှ မပတ်သက်ပေ။ ချန်ထားခဲ့သည့် သားဥများ Ovaries က ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်သည်။ အလုံးများသာထုတ်ပြီး သားအိမ်ချန်ထားပါက ထပ်မံမဖြစ်ပွားတာ့ဟု အာမခံချက် မရှိ်ပေ။

 

Credit:
ပါမောက္ခဒေါက်တာမြင့်မောင်မောင်
(သားဖွားနှင့်မီးယပ် အထူးကုဆရာဝန်ကြီး)
Health for all magazine, July 2016, Pg. 19



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18