Print

ရာသီဘာလို့ မလာလဲ

  23-Mar-2017
Preview Image

အိမ်ထောင်ရှင်အမျိုးသမီးများ ရာသီမလာလျှင် ကိုယ်ဝန်ကို အရင်ဆုံးစဉ်းစားမိမှာပါ။ တားဆေး၊ ဟော်မုန်းဆေးများသုံးစွဲနေလျှင်လည်း ထိုဆေးများ၏ အာနိသင်ကြောင့် ရာသီပုံမမှန်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ နို့တိုက်မိခင်များမှာလည်း ရာသီမလာတာမျိုးရှိပါတယ်။ သို့သော် အမျိုးသားနှင့်တခါမှ အတူမနေဖူးသူ အပျိုကလေးများမှာလည်း ရာသီမလာတာမျိုးရှိနိုင်ပါတယ်။ ထိုအခါ ဘယ်အကြောင်းအရာများကို စဉ်းစားမလဲ။

 

ဆေးများ
စိတ်ရောဂါကုဆေးများ၊ ကင်ဆာရောဂါကုဆေးများ၊ အချို့သွေးထိန်းဆေးများဟာ ရာသီမမှန်စေတာမျိုးဖြစ်စေနိုင်တယ်။ အထူးသဖြင့် ဟော်မုန်းဆေးများဟာ ရာသီလာ၊ မလာအပေါ် အလွန်သက်ရောက်မှုရှိပါတယ်။

 

ကိုယ်အလေးချိန်
အလွန်ပိန်လွန်းသူများတွင် ကိုယ်ခန္ဓာတွင်းဟော်မုန်းအပြာင်းအလဲများသဖြင့် မျိုးဥကြွေတာကို အနှောင့်အယှက်ဖြစ်စေပါတယ်။ ထို့ပြင် စားသောက်မှုဆိုင်ရာပြဿနာရှိသူများမှာလည်း ရာသီမမှန်တာမျိုးရှိပါတယ်။ အဝလွန်တဲ့အမျိုးသမီးများဆိုရင်တော့ အဆီဆဲလ်ပမာဏများပါတယ်။ ထိုအဆီဆဲလ်များမှ အီစရိုဂျင်ဟော်မုန်းထွက်ပြီး ဟော်မုန်းပမာဏကို ကမောက်ကမဖြစ်စေပါတယ်။

 

လေ့ကျင့်ခန်း
လေ့ကျင့်ခန်းလုပ်တာဟာ ကျန်းမာရေးအတွက် အလွန်ကောင်းပါတယ်။ သို့သော် လေ့ကျင့်ခန်းအလွန်အကျွံ လုပ်သူများ၊ အားကစားသမားများမှာ ရာသီမမှန်တာမျိုးရှိတတ်တယ်။ လေ့ကျင့်ခန်းလုပ်ပြီး ကိုယ်အလေးချိန်ကျလာတာနဲ့အမျှ ခန္ဓာကိုယ်မှာ အဆီပမဏနည်းလာပါတယ်။ ထို့ပြင် ဦးနှောက်မှာရှိတဲ့ Hypothalamusမှ ဟော်မုန်းများထွက်တာကို တားဆီးပါတယ်။ ထိုအခါ ရာသီမမှန်တာဖြစ်လာတယ်။

 

စိတ်ဖိစီးမှု
စိတ်ဖိစီးမှုဟာလည်း Hypothalamus အပေါ်ကို သက်ရောက်မှုရှိပါတယ်။ စိတ်ဖိစီးမှု လျော့နည်းလာတာနဲ့အမျှ ရာသီပြန်မှန်လာမှာပါ။

 

ရောဂါများ
သားဥအိမ် အရည်အိတ်များစွာရှိ၍ဖြစ်သော ရောဂါစု (Polycystic ovary syndrome)တွင် ဟော်မုန်းပမာဏများဟာ တက်လိုက်၊ ကျလိုက်ဖြစ်ပြီး ရာသီမမှန်တာကို ဖြစ်စေပါတယ်။


သိုင်းရွိုက်မှထွက်သော ဟော်မုန်းများ တက်ခြင်း (Hyperthyroidism)၊ ဟော်မုန်းများ ကျခြင်း (Hypothyroidism)စတဲ့ရောဂါများတွင်လည်း ရာသီမလာခြင်း၊ ရာသီမမှန်ခြင်းများ ဖြစ်နိုင်ပါတယ်။
       

အရွယ်မတိုင်ခင် သွေးဆုံးသောအမျိုးသမီးများတွင် ရာသီမမှန်သည်ကို တွေ့ရသည်။ အမျိုးသမီးများတွင် ပုံမှန်သွေးဆုံးချိန်မှာ အသက်၅၀ ဝန်းကျင်ဖြစ်ပြီး အရွယ်မတိုင်ခင်ဖြစ်သူများမှာ အသက် ၄ဝမတိုင်ခင် ဖြစ်ကြသည်။
       

Asherman's syndrome ဟုခေါ်သော သားအိမ်အတွင်းသားမျက်နှာပြင်တွင် အမာရွတ်ဖြစ်သောရောဂါမျိုးတွင်လည်း ရာသီမမှန်ခြင်းဖြစ်တတ်သည်။ သားအိမ်ခြစ်ထားသူ၊ သားအိမ်မှ အသားလုံးထုတ်ထားသူများတွင် ဖြစ်တတ်သည်။
       

မွေးရာပါ မျိုးပွားအင်္ဂါမပါသူများမှာလည်း ရာသီမလာနိုင်ပါ။ အချို့အမျိုးသမီးများတွင် ရာသီလာသော်လည်း မွေးလမ်းကြောင်းပိတ်နေသဖြင့် ရာသီသွေးဆင်းခြင်းကို မမြင်ရပါ။ ထိုအခါတွင် မွေးလမ်းကြောင်းတွင် သွေးခဲများပိတ်နေတတ်သည်။

Credit :     
Dr.ခိုင် (၇၈၈၇ ကျန်းမာရေး call centre)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18