Print

သွေးလေးဖက်နာ ကုထုံး

  28-Feb-2017
Preview Image

 

သွေးလက်ဖက်နာ ကုသရာတွင် တစ်ဖက်က အဆစ်နာကို ကုသလို တခြားတစ်ဖက်တွင် အဆစ်တွင်သာမက တစ်ကိုယ်လုံးတွင် ဖြစ်နေသော ကိုယ်ခံစံလွဲ “ကိုယ်ခံအားတုံ့ပြန်မှု စံလွဲခြင်း” (Autoimmune) ကြောင့်ဖြစ်နေသည့် ရောင်ရမ်းခြင်းများကိုလည်း လျှော့ချရသလို တစ်ဖက်တွင် လေးဖက်နာကုဆေးများကြောင့် ဖြစ်လာနိုင်သည့် နောက်ဆက်တွဲဆိုးကျိုးများကိုပါ ကြိုမြင်ပြီး ကာကွယ်ထားရန် လို၏။

 

အဆစ်ရောင် မျက်နှာ
အဆစ်ရောင်နေခြင်းကို အမြန်ဆုံးလျှော့စေသော ဆေးများ အကိုက်အခဲပျောက်ဆေးများဖြစ်သည်။ ဤအုပ်စုတွင်လည်း COX-2 ဟူသည့် အဆစ်ရောင် သီးသန့်ဆေးတွေက အစာအိမ် ထိခိုက်မှု ပိုနည်းသလို စျေးလည်း ပိုကြီးလေ့ရှိသည်။ သို့သော် COX-2 ဆေးများသည်လည်း ဆိုးကျိုး အတန်ငယ် နည်းသည်ဖြစ်၍ လုံးဝဆိုးကျိုး မရှိ၊ မထိခိုက်တာမျိုး မဟုတ်သည်ကို တွေ့ရ၏။ ဒုတိယ အသုံးများသောဆေးမှာ စတီးရွိုက်ဆေးများ ဖြစ်သည်။ နာကျင်ရောင်ရမ်းမှု ချက်ချင်းကျသလောက် ရေရှည်သောက်လျှင် ဆီးချို၊ သွေးတိုး၊ အရိုးပွတို့ ဖြစ်လာတတ်သဖြင့် နားလည်တတ်ကျွမ်းသူ၏ ကြီးကြပ်မှုဖြင့်သာ သုံးစွဲရန်ဖြစ်သည်။ 

 

တတိယ မပါမဖြစ် အဓိကဆေးမှာ “ဒီမတ်” ဟု ခေါ်သော (DMARD) ရောဂါထိန်းဆေးများဖြစ်သည်။ သောက်ပြီးပြီးချင်း မသိသာ၊ ဖြတ်ကြည့်လျှင်လည်း သိသာစွာနာကျင်မှု မရှိသော်လည်း ရောဂါ၏ အဓိကအကြောင်းအရင်းဖြစ်သည့် သွေးဖြူဥများကို ထိန်းကျောင်းပေးသည့် ဆေးများဖြစ်သောကြောင့် စိတ်ရှည်လက်ရှည် နှစ်နှင့်ချီပြီး သောက်ရန်လို၏။ စတုတ္ထအဆင့်မှာ ဇီဝကုထုံးများဖြစ်သည်။ ကိုယ်ခံအား တုန့်ပြန်မှု စံလွဲခြင်းဇီဝဖြစ်စဉ်ကို ဇီဝပစ္စည်းများဖြင့်ပင် ပြန်လည် တည့်မတ်ပေးခြင်းဖြစ်သောကြောင့် အစာအိမ်၊ ကျောက်ကပ်၊ သွေးတိုး၊ ဆီးချို၊ ခြင်ဆီ အားနည်းခြင်း စသည့် ဆိုးကျိုးများ နည်းပါးပြီး ထိရောက်မှုမှာလည်း မြန်ဆန်၍ ကွာခြားပါသည်။

 

အဆစ်ရောင် ပြင်ပမျက်နှာ
“Extra – Articular” အဆစ်ပြင်ပ ထိခိုက်မှုများကိုလည်း စောင့်ကြည့်ရှာဖွေကုသရပါသည်။ အဆုတ်ရောင်ခြင်း၊ အဆုတ်ခဲခြင်းတို့ကို မကြာခဏ တွေ့ရသည်။ မျက်စိနာခြင်း၊ မျက်စိအတွင်းလွှာ ရောင်ရမ်း၍ မှုန်လာခြင်းတို့လည်းရှိသည်။ သွေးတွင်းတိုက်ပွဲများကြောင့် သွေးကြောနံရံများ ရောက်ရမ်း ပျက်စီးရရာ ဆီးချို၊ သွေးတိုးတို့ထက်ပင်သွေးလေးဖက်နာက နှလုံးသွေးကြောပိတ်ခြင်း၊ လေဖြတ်ခြင်း၊ ခြေလက်သွေးကြောများ
ပိတ်ခြင်းတို့ကို ဖြစ်စေနိုင်သည်ဟု သိလာကြရာ အဆစ်နာနှင့် လာပြသောသူကို ဆရာဝန်များက အဆစ်အပြင် နှလုံးစစ်ခြင်း၊ နှလုံးရောဂါဖြစ်စေသော သွေးတိုး၊ ဆီးချို၊ အဆီဓာတ်ရှိ၊ မရှိစစ်ခြင်းတို့ကိုပါ ဂရုစိုက်လုပ်ဆောင် ပြေးကြရာ တချို့လူနာများက မဆိုင်သည်များကို ရောလုပ်ပြီး ဘော်ချက်သည်ဟုပင် အထင်မှားကြပါသည်။

 

သူငယ်ချင်းများ မျက်နှာ
သွေးလေးဖက်နာနှင့်အတူ ပူးတွဲလာသူမှာ တီဘီ၊ အဆုတ်ရောဂါ၊ ရေယုန်ရောဂါ၊ အသည်းရောင်ရောဂါတို့ ဖြစ်သည်။ သွေးလေးဖက်နာဖြစ်ရန် အားသန်သည့် ဗီဇ ပါလာသူများတွင် အသည်းရောင်ရောဂါ အပီအပြင် ပေါ်လာစေရန် မြှောက်ပေးသူများ ထဲတွင်လည်း တီဘီနှင့် ရေယုန်ပိုးတို့ ပါသလို သွေးလေးဖက်နာ ကိုယ်တွင်းတိုက်ပွဲများကြောင့်ဖြစ်စေ၊ ဆေးကြောင့်ဖြစ်စေ၊ ကိုယ်ခံအား နိမ့်ပါးသွားချိန်တွင်လည်း ဤနှစ်မျိုးက ဝင်လာတတ်သည်။ တုပ်ကွေးပိုး၊ နမိုးနီးယား အဆုတ်ရောင်ပိုးများ ဝင်လျှင်လည်း နဂိုကဆေးဖြင့် ထိန်းထားနိုင်သော လေးဖက်နာများ ပိုကြွလာတတ်၊ ရုတ်တရက် နာလာတတ်ရာ သူငယ်ချင်းများကို ဟန့်တားရန် ကာကွယ်ဆေးများကို ကြိုတင်ထိုးပေးထားရသည်။ တုပ်ကွေး ကာကွယ်ဆေးမှာ နှစ်စဉ်ထိုးရပြီး၊ အဆုတ်ရောင် ကာကွယ်ဆေးမှာ ၅ နှစ်တစ်ခါ ထိုးရသည်။ ဘီပိုး ကာကွယ်ဆေးမှာမူ ၁၀ နှစ်ခန့် ခံ၏။

 

နောက်ဆက်တွဲ မျက်နှာ
သွေးလေးဖက်နာနှင့် ကုသမှုများ၏ နောက်ဆက်တွဲ အဖြစ်အများဆုံး ဖြေရှင်းရသည်မှာ အစာအိမ်ရောင်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ဝမ်းမည်းမည်းသွားခြင်းတို့ ဖြစ်သည်။ နောင် ထိကောင်းထိနိုင်သည့် အစာအိမ်နဲ့ အသည်းထိမှာကို ကြောက်ပြီး ဆေးမသောက်ဘဲ အဆစ်နာခံမလား၊ ဆေးသောက်ရင်း အစာအိမ်နဲ့ အသည်းထိ၊ မထိ စောင့်ကြည့်နေပြီး ထိတာနဲ့ ကုသမှု ခံယူမလားဆိုတာကို လူနာကိုပဲ ပြန်ရွေးခိုင်းရပါသည်။ အန္တရာယ်ကို သိထားပြီး သတိနှင့် စောင့်ကြည့်၊ အချိန်မီပြုပြင်ဖို့သာ အရေးကြီးပါသည်။ ၃ လပြည့်လျှင် ရောင်ရမ်းမှု “ESR” သွေးပျစ်နှုန်း၊ “ALT” အသည်းအင်ဇိုင်းဓာတ်၊ “Creatinine” ဆီးဆိပ်တို့ စစ်ဆေးဖို့လိုပါသည်။ 

 

အရိုးပွရောဂါမှာလည်း လူ ၁၀၀ တွင် ၈၀ ခန့် ဖြစ်လာတတ်သော နောက်ဆက်တွဲဖြစ်သဖြင့် ကုသမှု တစ်နှစ်ပြည့်သူတိုင်း အရိုးသိပ်သည်းဆ (DEXA) တိုင်းကြည့်ပြီး လိုအပ်လျှင် တစ်ပတ်တစ်ခါ သောက်ရသော အရိုးပွကုဆေး (Biphosphonate) သောက်ရသလို သွေးလေးဖက်နာ စကုစဉ်ကပင် အရိုးပွ ကာကွယ်ရန် အတွက် ကယ်လ်ဆီယမ်နှင့် ဗီတာမင် အားဆေးကို တွဲပေးလေ့ရှိသည်။ 

 

မိသားစု မျက်နှာ
သွေးလေးဖက်နာရောဂါမှာ သွေးသားဆူပြီးအရွယ် ၄၀-၅၀ တွင် ဖြစ်လေ့ရှိသော်လည်း တချို့မှာ သွေးသားဆူစ အရွယ် ၁၆ နှစ်၊ ၂၀ တို့တွင်လည်း စဖြစ်နိုင်ရာ မိသားစုမရှိသောသူများ၊ ကလေးယူ၊ မယူ ဆုံးဖြတ်နိုင်ရန် ကြိုတင် စဉ်းစားတိုင်ပင်ဖို့ လိုသည်။ဆေးသောက်လျက်တန်းလန်းကိုယ်ဝန် ရသွားလျှင် အန္တရာယ်ရှိမှန်းသိသိနှင့်ပင္လစေ့အောင် မွေးရပါသည်။ ကိုယ်ဝန်ယူမည်ကြံလျှင် ထိခိုက်နိုင်သော ဆေးများကို
ခြောက်လ ကြိုဖြတ်ရန် လိုပါသည်။

 

ပြန်လည်ထူထောင်ရေးနှင့် နေရာချထားပေးရေး မျက်နှာ
ကောက်ကွေးနေမှ အရိုးအဆစ် သမားတော်ထံ ရောက်လာသူများကို ပြန်လည်ထူထောင်ရေးကို မဖြစ်မနေ အပ်ရသည်လည်း ရှိ၏။ Rehabilitation ခေါ်သည့် ပြန်လည်ထူထောင်ရေးမှ ဖယောင်းကပ်၊ ကြပ်စည်းပြီး ကောက်နေသည်များကို ပြန်ဖြောင့်အောင်၊ကောက်နေသည်များကို မကောက်အောင် လှုပ်ရှားပေး၊ လေ့ကျင့်ခန်းများ သင်ပေးခြင်းဖြင့် လုပ်ရသည်။ 

 

ပြည်သူလူထု မျက်နှာ
သွေးလေးဖက်နာနှင့် အခြား “ကိုယ်ခံအား တုံ့ပြန်မှုစံလွဲ” ရောဂါများမှာ ပြည်သူလူထုအတွင်း အသိနည်းနေသေးပြီး နောက်ကျမှ၊ ကောက်ကွေးမှ၊ ကျောက်ကပ်၊ အဆုတ် ပျက်စီးမှ ရောက်လာခြင်း စောစောပြသ ကုသမှု ခံသော်လည်း ကျန်းမာရေး ဝန်ထမ်းများ ကိုယ်၌က ရောဂါအမည်ဖော်မှု မမှန်ခြင်းတို့ ကြုံတွေ့ခံစားနေရရှာသော ပြည်သူလူထု မျက်နှာကို ကြည့်၍ လူထုအတွင်း ဆရာဝန်များအတွင်း ပိုမိုကျယ်ပြန့်ထိရောက်အောင် ပညာပေးရန်လည်း လိုအပ်ပေသည်။ 

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ပါမောက္ခဦးချစ်စိုး
အရိုး၊ အကြော၊ အဆစ်နှင့် အထွေထွေရောဂါကုဆရာဝန်ကြီး
သတိထားစရာ အရိုးအဆစ်ပြဿနာနှင့် လေးဖက်နာရောဂါ စာအုပ်မှကောက်နုတ်ထားပါသည်။
 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18