Print

သွေးလေးဖက်နာ

  28-Feb-2017
Preview Image

 

(၁) သွေးလေးဖက်နာ ဘာကြောင့်ဖြစ်ရတာလဲ။

ကံဆိုးသောကြောင့်ဟု ဆိုရပါမည်။ ခန္ဓာကိုယ်တွင်းတွင် ပြင်ပပိုးများကို တိုက်ခိုက်ရန်၊ ကိုယ်တွင်းရှိ ကင်ဆာကဲ့သို့ အန္တရာယ်ပေးမည့် ပြောင်းလဲမှုများကို စောင့်ကြည့်ရန်၊ ခန္ဓာကိုယ်တွင်းဆဲလ်များ နေ့စဉ်သေဆုံးမှုကြောင့် ထွက်လာသည့် အပိုင်းအစ အမှိုက်သရိုက်များ ဖယ်ရှားရန် ကိုယ်ခံတပ်ဖွဲ့ဟူ၍ သွေးဖြူဥများနှင့် ဖွဲ့စည်းပေးထားပါသည်။ ကိုယ်တွင်း၌ သွေးဖြူဥများမှ ကိုယ်ခံဓာတ်များ ထုတ်လုပ်မှု လွန်ကဲနေပြီး ပြင်ပပိုးကို တိုက်ရမည့်အစား ကိုယ့်ကိုယ်ခံတပ်က ကိုယ့်ကိုယ်ခန္ဓာ အစိတ်အပိုင်းများကို ပြန်တိုက်သောကြောင့် အရိုးအဆစ်များ ရောင်ရမ်းလာရခြင်းဖြစ်သည်။ ထို့ကြောင့် သွေးကြောင့်ဖြစ်သည့်သွေးလေးဖက်နာဟု ခေါ်သည်။ 

 

HLA-DRB၊ ဗီဇရှိသူ၊ STATU-SNP ဟူသည့် ဗီဇပြောင်းလဲခြင်းမဟုတ်ဘဲ ဗီဇပန်းကုံးအတွင်းရှိ ပန်းတစ်ပွင့်မတူညီမှု (Single Nucleotide Polymophism) ရှိသူများတွင် ပတ်ဝန်းကျင်၏ ရိုက်ခတ်မှုကို မခံနိုင်ဘဲ သွေးလေးဖက်နာ ပိုဖြစ်နိုင်သည်ကို တွေ့ရ၏။ ထိုဗီဇရှိသူများမှာ သွေးလေးဖက်နာ မုချမသွေဖြစ်လာမည် မဟုတ်သော်လည်း ဖြစ်နိုင်ခြေ ပိုများသူများဖြစ်ရာ မိသားစုဝင်တစ်ဦးတွင် ထိုကဲ့သို့ ဗီဇမျိုးရိုးရှိပါက သားသမီးများ ၊ မောင်နှမများတွင်လည်း အလားတူ ဗီဇ ပါလာနိုင်ရန် သာမန်ပြည်သူများထက်စာလျှင် သွေးလေးဖက်နာ ဖြစ်နိုင်ခြေ ၂ ဆမှ ၁၀ ဆ အထိ ပိုများလာပါသည်။ ဗီဇ ပါလာသူတိုင်း ရောဂါ မဖြစ်အောင်လည်း ဗီဇပါလာသူ တစ်ဦးဦးကို သွေးလေးဖက်နာရောဂါအဖြစ် ပြောင်းသွားရန် တွန်းအားပေးသော အချက်များတွင် ပိုးများ၊ ပတ်ဝန်းကျင်ရှိ အဆိပ်အတောက်များ အဓိကပါရှိရာ မိမိ မိသားစုဝင်တစ်ဦးတွင် သွေးလေးဖက်နာရှိလျှင် (သို့) ကျန်းမာရေးစစ်ဆေးမှုတွင် လေးဖက်နာ ဖြစ်စေနိုင်သော ဗီဇပါသည်ဟု သိရလျှင် ကြိုတင်ပြင်ဆင်နိုင်က ကောင်းပေသည်။

 

အဆိပ်အတောက်များတွင်မူ ဓာတ်ဆီ၊ အင်ဂျင်ဝိုင် စသည့် သတ္တုဆီများနှင့် ထိတွေ့မှု၊ ကော်ဖီ၊ ဆေးလိပ်၊ အစားအသောက် အရောင်တင်ဆိုးဆေးများ စားသုံးမှုတို့သည် ဗီဇပန်းကုံးကို ပိုမိုပျက်စီးအောင် တွန်းအားပေးသည့် အချက်များထဲတွင် ထင်ရှားရာ တတ်နိုင်သလောက် လျှော့ချဖို့လိုပါတယ်။ 

 

(ခ) သွေးလေးဖက်နာ ရှိကြောင်း မည်ကဲ့သို့ သိနိုင်ပါမည်နည်း

၁။ အဆစ်များ၊ အထူးသဖြင့် လက်ချောင်း၊ ခြေချောင်းကဲ့သို့ အဆစ်သေးများ နာခြင်း၊ 
၂။ နာရုံသာမက ရောင်ရမ်းမှုပါ ခြောက်ပတ်ထက် ကျော်ခြင်း။
၃။ ရောင်ရမ်းမှု အခြေအနေကို ဖော်ပြသည့် ESR ခေါ် သွေးပျစ်နှုန်း (သို့) CRP စီပီပီ အသားဓာတ် များနေခြင်း။
၄။ ကိုယ့်အဆစ်ကို ကိုယ်ပြန်တိုက်သည့် ခုခံဓာတ် RF (Rheumatic Factor) သို့မဟုတ် Anti – CCP (Anti-Cyclic Citrulinated Peptide) များနေခြင်း။

 

အထက်ပါအချက်များရှိလျှင် သွေးလေးဖက်နာဟု အမည်တပ်၍ ရပါသည်။ ထို့ကြောင့် မိမိ၏အဆစ်နာလျှင် တစ်ခုတည်းလား၊ လေးခုလား ကြည့်ပါ။ လေးခုဖြစ်လျှင် နာရုံလား၊ ဖောင်းလား၊ ရောင်လာလား ကြည့်ပါ။ အဆစ်များရောင်တာ သေချာလျှင် ကုသရင်း တစ်လအတွင်း ပျောက်သွားလား စောင့်ကြည့်ပါ။ တစ်လအတွင်း ကုသမှုခံယူ၍မှ မပျောက်ကင်းပါက ရောင်ရမ်းဓာတ်၊ အဆစ်ခုခံဓာတ်များ စစ်ဆေးရန် လိုမည်ဖြစ်ပါသဖြင့် စစ်ဆေးနိုင်သော ဌာန၊ ကျွမ်းကျင်သူများသို့ သွားရောက်ပြသတိုင်ပင်ရန် အရေးကြီးပါသည်။

 

(ဂ) ရောဂါရှိကြောင်းသိရလျှင် မည်သို့ကုသရမည်နည်း

သွေးလေးဖက်နာ ကုသရာတွင် ရောင်ရမ်းနာကျင်မှု ပျောက်ကင်းအောင် ကုသရသည်မှာ လွယ်ပါသည်။ လမ်းထိပ်က ကွမ်းယာဆိုင်တွင် မေးလျှင်ပင် စပ်ပေးလိုက်ပါဦးမည်။ ဒိုင်ကလိုဖင်နိတ် (Diclofenate) အရောင်ကျဆေး၊ စတီးရွိုက် (Prednisolone) နှင့်ပါရာစီတမော အကိုက်အခဲသက်သာ၊ ရောင်ရမ်းမှုများ လျော့ကျလာပါမည်။ သို့သော် တစ်လ၊ နှစ်လတွင်မူ မျက်နှာများ ဖောလာ၊ ကုပ်ပိုးများ ထွက်လာ၊ ဆီးချိုသွေးတိုး တက်လာသည်ကို သတိထားမိပါလိမ့်မည်။ ကွမ်းယာဆိုင်စပ်ဆေးသာမက တချို့သော တိုင်းရင်းဆေး၊ တရုတ်ဆေးနှင့် တချို့ဆေးခန်းများတွင်ပင် အထက်ပါ ဆေးသုံးမျိုးကို စပ်ထည့်ပေးထားသည်ကို တွေ့ရဖူးပါသည်။ ထိရောက်သော၊ မှန်ကန်သော ကုထုံးများကို ဆက်လက်ဖော်ပြပါမည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ပါမောက္ခဦးချစ်စိုး
အရိုး၊ အကြော၊ အဆစ်နှင့် အထွေထွေရောဂါကုဆရာဝန်ကြီး
သတိထားစရာ အရိုးအဆစ်ပြဿနာနှင့် လေးဖက်နာရောဂါ စာအုပ်မှကောက်နုတ်ထားပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18