Print

ဂျာမန်ဝက်သက်

  28-Feb-2017
Preview Image

 

ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွားတတ်တဲ့ ကူးစက်ရောဂါ တစ်မျိုးဖြစ်ပြီး ရောဂါပျိုးရက်မှာ ၁၄ ရက်မှ ၂၁ ရက်ထိကြာပါတယ်။ နားရဲ့အနောက်ဘက်နေရာမှ စတင်ကာ အဖုအပိမ့်များ ပေါ်လာပြီး နဖူးနဲ့ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားပါတယ်။ အဖုအပိမ့်ပုံစံကတော့ အနီရောင်အပြင်လိုက် အသွင်ရှိပါတယ်။ နှစ်ရက်သုံးရက်ခန့်သာ ကြာပါတယ်။ ပြင်းထန် တဲ့ ရောဂါလက္ခဏာများ မဖြစ်ပွားတတ်ပါ။ အနည်းငယ် ကိုယ်ပူခြင်း၊ ကုပ်ရှိအကျိတ်
ရောင်ခြင်း လောက်သာဖြစ်တတ်ပါတယ်။ ရောဂါဖြစ်တဲ့ ကလေးထက် သူနဲ့နီးနီး ကပ်ကပ် အတူနေသူ ကိုယ်ဝန်ဆောင်ဟာ အန္တရာယ်ရှိပါတယ်။ ကိုယ်ဝန်ဆောင် ထံ ရောဂါကူးစက်မှုကြောင့် မွေးဖွားလာမယ့် ကလေးဟာ မျက်စိကွယ်ခြင်း၊ နားမကြားခြင်း စတဲ့ မွေးရာပါချို့တဲ့မှုများ ရရှိနိုင်ပါတယ်။

 

အရေးကြီးပါသလား
အရေးမကြီးပါ။ အဖုအပိမ့်များပေါ်လာသည်မှစ၍ ငါးရက်ခန့် ကလေးကို ခွဲခြားထား ပါ။ ကျောင်းမလွှတ်ပါနှင့်။ ဦးနှောက်ရောင်တဲ့အထိ ဆိုးဝါးတဲ့ နောက်ဆက်တွဲဝေဒနာကို အနည်းငယ် ခံစားရတတ်ပါတယ်။

 

သင်အရင်ဆုံးဘာလုပ်သင့်သလဲ
၁။ သင့်ကလေးမှာ ဒီရောဂါခံစားနေရတယ်ဆိုတာနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးများကို မကူးစက်အောင် ဆောလျင်စွာ တားမြစ်သတိပေးပါ။ ရှောင်ရှားကြပါစေ။
၂။ ကလေးကို ကျောင်း၊ လူစည်ကားသောနေရာများသို့ မသွားစေရပါ။
၃။ ကိုယ်အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ် (၁၀၀.၄ ဒီဂရီဖာရင်ဟိုက်) ထက် များနေရင် ပါရာစီတမောတိုက်ပေးပါ။
၄။ ကလေးနေရတာ မသက်မသာဖြစ်နေရင် အိပ်ရာထဲမှာပဲ နေပါစေ။

 

ဆရာဝန်ထံပြသသင့်ပါသလား
ဆေးကုဖို့တော့မလိုပါဘူး။ ကိုယ်ဝန်ဆောင်များ (အထူးသဖြင့် ကိုယ်ဝန်လေးလ အတွင်းရှိသူများ) နဲ့ ကလေးကို မတွေ့ထိစေဖို့ သတိပေးလိုက်မှသာ ဖြစ်ပါတယ်။ 

 

သင်ဘာလုပ်ပေးရမလဲ
အိမ်မှာရှိတဲ့ အိမ်သားကလေးအားလုံး ကာကွယ်ဆေးထိုးပြီးမပြီး စစ်ဆေးပါ။ လိုအပ်ရင် ထိုးခိုင်းပါ။

 

ရောဂါလက္ခဏာများ
• ကိုယ်အပူချိန်နည်းနည်းတက်ခြင်း။
• ပန်းရောင် (သို့) အနီရောင်အစက်လေးများ နားနောက်မှစတင် ပေါ်ပေါက်ပြီး နဖူးနဲ့ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားခြင်း။
• ကုပ်ရှိအကျိတ်များရောင်ခြင်း။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာမာမာဆွေ
ရင်သွေးငယ်အတွက် အိမ်တွင်းသမားတော်စာအုပ်မှကောက်နုတ်ထားပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18