Print

မုန့်ချိုအိတ်ကင်ဆာ

  28-Feb-2017
Preview Image

 

ကင်ဆာရောဂါ အများစုကတော့ လူတွေမှာ မသိမသာပူးကပ်ဖြစ်ပွားပြီး အသက် ဆုံးရှုံးသည်အထိ ဒုက္ခပေးတတ်ကြပါတယ်။ မုန့်ချိုအိတ်ကင်ဆာရောဂါကတော့ ပုန်းလျှိုး ကွယ်လျှိုးနဲ့ဝမ်းဗိုက်ရဲ့နောက်ကျောနားမှာ ကပ်ပြီးဖြစ်ပွားကာ ရောဂါလက္ခဏာ တွေဖြစ် ပေါ်လာတဲ့အခါမှာတော့ ပျောက်ကင်းအောင် ကုသပေးဖို့ မလွယ်ကူတတ်တာကြောင့် တကယ်အမှန် တိတ်တဆိတ် အနီးကပ်လူသတ်သမားလို့ ကမ္ဗည်းတပ်ရခြင်း ဖြစ်ပါတယ်။ မုန့်ချိုအိတ်ဟာ ခန္ဓာကိုယ်မှာ မရှိမဖြစ် ခန္ဓာအစိတ်အပိုင်းဖြစ်ကာ အစာအိမ် ၏နောက်ဘက် နံရံမှာ ကန့်လန့်ဖြတ်ရှိနေတဲ့ ရှည်မျောမျော ကိုယ်အင်္ဂါ အစိတ်အပိုင်း ဖြစ်ပါတယ်။ မုန့်ချိုအိတ်ကင်ဆာ အမျိုးအစားများပြားပေမဲ့ အဓိကအားဖြင့်တော့ ၂ မျိုး ၂ စားရှိကြပါတယ်။ အစာခြေဖျက်တဲ့ အင်ဇိုင်းတွေထုတ်ပေး တာနဲ့ဆိုင်သော Exocrine အပိုင်းကဖြစ်တဲ့ ကင်ဆာက ၉၀% ခန့်ဖြစ်ပြီး ဟော်မုန်း ထုတ်ပေးတဲ့အပိုင်းက အနည်းအကျဉ်းမျှသာဖြစ်ပါတယ်။ ရောဂါလက္ခဏာတွေကလည်း ကွဲပြားခြားနားကြပါတယ်။ ဒီအမျိုးအစားနှစ်ခုစလုံးဟာ အသက် ၄၀ ကျော်တွေမှာဖြစ်ပြီး အမျိုးသားတွေမှာ ပိုအဖြစ်များပါတယ်။ 

 

ဘယ်လိုကြောင်းခြင်းရာတွေက မုန့်ချိုအိတ်ကင်ဆာကို အဖြစ်များစေသလဲဆိုတော့ အသက်၊ လိင်နဲ့ မျိုးနွယ်စုတွေ ဖြစ်ပါတယ်။ အသက်ကြီးသူတွေ၊ အမျိုးသားတွေနဲ့ တချို့မျိုးနွယ်တွေမှာ ဒီကင်ဆာအဖြစ် ပိုများပါတယ်။ ဆေးလိပ်ကို ကြာရှည်စွာသောက် သူတွေဟာ သာမန်ထက် ၂ ဆခန့် ပိုအန္တရာယ်များကြပါတယ်။ ဒါပေမဲ့ ဆေးလိပ်ဖြတ်ပါက တဖြည်းဖြည်း ဒီအန္တရာယ် လျော့သွားကြောင်းတွေ့ ရှိကြပါတယ်။ ဝလွန်းသူတွေလည်း ၅၀% ခန့် ပိုဖြစ်တတ်ပါတယ်။ မျိုးရိုးဗီဇကလည်း ဒီရောဂါကို ပိုအဖြစ်များစေသလို နာတာ ရှည်မုန့်ချိုအိတ်ရောင်ရမ်းသူ၊ ဆီးချိုရောဂါ ခံစားနေရသူတွေဟာလည်း ဒီရောဂါဖြစ်လာဖို့ ၂ ဆကနေ ၃ ဆအထိ ပိုအန္တရာယ် ရှိပါတယ်။ အစားအစာအနေနဲ့တော့ စည်သွတ်အစာတွေ၊ မကျက်တကျက်အစာတွေ ၊ အေးလွန်း၊ ပူလွန်းတဲ့ အစာတွေနဲ့ သေရည်အရက် အလွန်သောက်သုံးခြင်းက ကင်ဆာ ဖြစ်ဖို့ ပိုးအားပေးလို့ တတ်နိုင်သမျှ ရှောင်ရှားဖို့ လိုအပ်လှပါတယ်။

 

ဒီမုန့်ချိုအိတ်ကင်ဆာ ရှာဖွေတွေ့ရှိဖို့ အဓိကလိုအပ်ချက်ကတော့ အသက် ၄၀ ကျော် အထက် အကြောင်းမဲ့ ပိန်ချုံးသွားပြီး အားအင်ချည့်နဲ့ကာ ခံတွင်းပျက် ပျို့အန်သူတွေမှာ ဒီရောဂါဖြစ်နိုင်ချေရှိတယ်လို့ သတိထားပြီး ထိုက်သင့်တဲ့ စမ်းသပ်စစ်ဆေးမှုပြုလုပ်ဖို့ လိုအပ်လှပါတယ်။ အထူးသဖြင့် ဆီးချိုရောဂါရှိပြီး အရက်၊ ဆေးလိပ်သောက်သူတွေမှာ အထက်ပါရောဂါလက္ခဏာတွေအပြင် မျက်စိအရေပြား ဝါလာပြီး ဆီးမည်းညစ်ကာ ဝမ်းအဖြူတွေသွားပါက မုန့်ချိုအိတ်ခေါင်းပိုင်းမှာ ကင်ဆာဖြစ်နေမလားဆိုတဲ့ သံသယ စိတ်ဖြင့် Ultrasound ဖြင့်သော်လည်းကောင်း၊ CT Scan ဖြင့်သော်လည်းကောင်း ဝမ်းဗိုက်ကို စစ်ဆေးကြည့်ပါက အလုံးအဖုကို မြင်တွေ့နိုင်ပါတယ်။ အသားဝါပြီး သည်းခြေအိတ်ဖောင်းကားနေရင်တော့ ကင်ဆာဖြစ်ဖို့ အလားအလာ ပိုများပါတယ်။ 

 

အသေအချာသိဖို့ကတော့ အစာအိမ်၊ အူသိမ်ပိုင်းကို ကွေးဆန့်နိုင်တဲ့ မုန်ပြောင်း ရှည်ဖြင့် စစ်ဆေးကြည့်ခြင်း ဖြစ်နိုင်ပါက ERCP ဆိုတဲ့ သည်းခြေလမ်းပြွန်ကြောင်း၊ မုန့်ချိုအိတ်ပြွန်ချောင်းတွေကို မုန်ပြောင်းအကူအညီဖြင့် ဓာတ်မှန်ရိုက်စစ်ဆေးကာ အသားစ ကိုထုတ်ယူ ဓာတ်ခွဲစစ်ဆေးခြင်းဖြင့် ပြွန်ချောင်းဝမှာရှိတဲ့ ကင်ဆာရောဂါနဲ့ အမျိုးအစားကို သိရှိနိုင်မှာဖြစ်ပါတယ်။ မုန့်ချိုအိတ်ကင်ဆာကို အဓိကကုသပျောက် ကင်းစေနိုင်တဲ့ နည်းလမ်းကတော့ ခွဲစိတ်ဖြတ်ထုတ်ပေးခြင်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီရောဂါက များသောအားဖြင့် သိရှိတဲ့အချိန်မှာ ရောဂါအဆင့်မြင့်နေပြီး သက်ကြီးရွယ်အိုတွေမှာ အဖြစ်များတာကြောင့် ရောဂါရဲ့အခြေအနေ၊ လူနာ၏သက်ရှည် ကျန်းမာရေးက ကြီးမားတဲ့ခွဲစိတ်မှုကို ခံနိုင်ရည်ရှိ မရှိတို့ကို ဦးစွာဆန်းစစ်ပြီး အနည်း ဆုံးတော့ ခံစားနေရတဲ့ ဝေဒနာကို ဘယ်လိုသက်သာစေရန် ဆောင်ရွက်ပေးသင့်တယ် ဆိုတာ သက်ဆိုင်ရာသမားတော်များ ဆွေးနွေးတိုင်ပင်ကာ လိုအပ်ပါက ဆေးဝါးများဖြင့် ကုသခြင်း၊ ဓာတ်ရောင်ခြည်ဖြင့် ကုသပေးမှုတွေကိုလည်း ထည့်သွင်းစဉ်းစားကြ ရမှာ ဖြစ်ပါတယ်။ရောဂါနုစဉ် စောစီးစွာရှာဖွေတွေ့ရှိပြီး လူနာ၏ အထွေထွေကျန်းမာရေးက လည်း ကောင်းနေသေးပါက ကင်ဆာဖြစ်နေတဲ့ မုန့်ချိုအိတ်ပိုင်းကို ဖြတ်ထုတ်ပြီး သည်းခြေ လမ်းကြောင်း၊ အစာအိမ်လမ်းကြောင်းနဲ့ ကျန်နေတဲ့ မုန့်ချိုရည်ပြွန်တွေကို ပြန်ဆက်စပ်ခွဲ စိတ်ပေးခြင်းဟာ ရောဂါပျောက်ကင်းသက်သာစေဖို့ အဓိကကုသမှုဖြစ်ပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ပါမောက္ခဦးသိန်းဟန် (ခွဲစိတ်ကုသမှုပါရဂူ)
Ziwaka magazine, February 2016, Pg. 46-51

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18