Print

ရေကျောက်ပေါက်ခြင်း

  28-Feb-2017
Preview Image

 

ကလေးတွေမှာ ဖြစ်လေ့ရှိတဲ့ ကူးစက်ရောဂါတစ်မျိုးဖြစ်ပါတယ်။ ရောဂါပျိုးရက် ၁၇ ရက်ခန့်ကြာလေ့ရှိပြီး သာမန်ရောဂါမအီမသာ လက္ခဏာလေးများ ခံစားရတတ်ပါတယ်။ တချို့ကလေးတွေမှာ ခေါင်းကိုက်ခြင်း၊ ဖျားခြင်းတို့ရှိနိုင်ပြီး အများစုမှာတော့ ယားယံ တဲ့ရေယုန်အဖုအပိမ့်များ ထွက်လာခြင်းမှအပ ဘာလက္ခဏာမှ မခံစားရတတ်ပါဘူး ။ ရေကျောက်အဖုများဟာ တစ်ကိုယ်လုံးမှာ ဖြစ်တတ်ပြီး ပါးစပ်၊ စအို၊ မိန်းမကိုယ်နဲ့ နားထဲတို့မှာတောင် ဖြစ်ပေါ်တတ်ပါတယ်။ သုံးရက်မှ လေးရက်ထိ အဖုများထွက်ပေါ် လာပြီး အရည်ကြည်ဖုများ အဖြစ် ပြောင်းလဲကာ နောက်ဆုံးအနာအဖတ်များ ကျန်ရစ်ခဲ့ ပါတယ်။ အနာအဖတ်များ ခြောက်ပြီး ကွာကျတဲ့ အဆင့်ထိ ရောဂါပိုးရှိနေဆဲဖြစ်ပါတယ်။ အနာဖတ်များကို ကလေးကယားလို့ ကုတ်ချမိပြီး အနာရွတ်တွင်း တိမ်တိမ်လေးများ ဖြစ် ကျန်ခဲ့ပါတယ်။

 

စိုးရိမ်ရပါသလား
ရေကျောက်ရောဂါဟာ ပြင်းထန်တဲ့ ရောဂါမဟုတ်ပါဘူး။ ဦးနှောက်ရောင်ရောဂါဖြစ်သွားတာမျိုး ရှားရှားပါးပါး ရှိတတ်ပါတယ်။

 

ပထမသင်ဘာလုပ်သင့်သလဲ
၁။ ကလေးယားယံခြင်း သက်သာအောင် အယားပျောက်လိမ်းဆေးပျော့ပျော့ (calamine lotion) လိမ်းပေးခြင်း (သို့) ကလေးရေချိုးရင် ရေနွေးနွေးမှာ အိမ်သုံးဆားဆိုဒါ အနည်း ငယ်ထည့်၍ ချိုးပေးခြင်း လုပ်ပေးသင့်ပါတယ်။

 

၂။ သင့်ကလေးကို အခြားကလေးများနှင့် ခွဲခြားထားနိုင်သမျှ ခွဲထားပါ။ ကျောင်းနေတဲ့ ကလေးဆိုရင်လဲ အနာရွတ်များအားလုံး မကွာကျမချင်း ကျောင်းသို့မလွှတ်သင့်ပါ။

 

ဆရာဝန်ထံပြသင့်သလား
• သင့်ကလေးခံစားနေရတာ ရေကျောက်ဟုတ်မဟုတ် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
• ကလေးကယားလွန်းလို့ မဟုတ်ဘဲ မနေနိုင်လို့သော် လည်းကောင်း၊ အခြားရောဂါ ပိုးဝင် ရောက်လာခြင်းကြောင့်လည်းကောင်း၊ အဖုအပိမ့်များ နီရဲပြီးရောင်လာတတ် တဲ့အတွက် လိုအပ်ရင် ဆရာဝန်ထံပြသသင့်ပါတယ်။
• အနာရွတ်များ ကျန်သည်အဆင့်ရောက်၍ သက်သာလာရမည့်အစား ဖျားခြင်းသို့မဟုတ် လည်ချောင်းနာခြင်း ဆက်လက်ခံစားနေရပါက ဆရာဝန်ချက်ချင်းသွားပြဖို့လိုပါတယ်။ 

 

ဆရာဝန်က ဘာတွေလုပ်ပေးလိုက်မလဲ
• အခြားရောဂါပိုးဝင်ရောက်နေတဲ့ အဖုအပိမ့်တွေရှိရင် ပိုးသတ်ပဋိဇီဝ လိမ်းဆေးတစ်ခုခု ညွှန်ကြားပါလိမ့်မယ်။
• ကလေးဟာ ယားလွန်းလို့ ညညမအိပ်နိုင်ဘူးဆိုရင် အိပ်ဆေးပေးပါလိမ့်မယ်။

 

သင်ကဘာတွေလုပ်ပေးသင့်သလဲ
• ကလေးသေးစိုအဝတ်ရှိရင် မကြာခဏလဲလှယ်ပေးခြင်း၊
• ကလေးလက်သည်းများ တိုတိုညှပ်ပေးခြင်း၊ မကုတ်စေဖို့ သတိပေးခြင်း၊

 

ဖြစ်နိုင်သောရောဂါလက္ခဏာများ
• သုံးရက်လေးရက်ဆက်၍ အရည်ကြည်ဖုလေးများ ပေါ်လာတတ်ပါတယ်။ ကိုယ်ပိုင်းမှစတင်ပြီး မျက်နှာ၊ လက်နှင့်ခြေပိုင်းတို့သို့ ပျံ့နှံ့သွားတတ်ပါတယ်။ အနာရွတ်များ ထင်ကျန်ခဲ့ပါတယ်။
• အဆက်မပြတ် ယားတတ်ပါတယ်။
• ခေါင်းကိုက်ခြင်း၊ ဖျားခြင်းခံစားရပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာမာမာဆွေ
ရင်သွေးငယ်အတွက် အိမ်တွင်းသမားတော် စာအုပ်မှကောက်နှုတ်ထားပါသည်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18