Print

အူမကြီးကင်ဆာ

  28-Feb-2017
Preview Image

 

၁။ ရောဂါရှာဖွေခြင်း

အူမကြီးကင်ဆာရောဂါရှာဖွေရန် စအိုမှ အူမကြီးထိပ်ပိုင်း ( Caecum) အထိမှန်ပြောင်း (Colonoscope) သွင်းပြီး ကြည့်ခြင်းဖြင့် သိနိုင်သည်။ အချို့နိုင်ငံများတွင် အသက် ၄၀ ကျော်သူတိုင်းအား မှန်ပြောင်းထည့်၍ ကြိုတင်စမ်းသပ် စစ်ဆေးကြသည်။ အသားစကိုပါ တစ်ခါတည်းယူ၍ စစ်ဆေးနိုင်သည်။ အချို့လူနာများတွင် Colonoscope ဖြင့် အူမကြီးထပ်ပိုင်းအထိ မကြည့်ဘဲ Sigmoid colon (Descending colon) အထိ စအိုမှ ၆၀ စင်တီမီတာခန့်သာ colonoscope ခေါ် မှန်ပြောင်းသွင်းပြီး ကြည့်သည်။ Sigmoid colon မှာ အူမကြီးကင်ဆာ အများဆုံးဖြစ်သည့် နေရာဖြစ်သည်။ ကျန်အူမကြီး အထက်ပိုင်းအတွက် Barium Enema ခေါ် ဆေးသွင်းပြီး ဓာတ်မှန် ရိုက်ခြင်းဖြင့် ပြုလုပ်သည်။

 

အူမကြီးတွင် သွေးထွက်မှုရှိမရှိသိရန် Stool for Occult Blood Test ခေါ် ဝမ်းတွင်းသွေးပါမပါ စစ်ဆေးခြင်းကို ပြုလုပ်နိုင်သည်။ စအိုကို လက်ဖြင့်စမ်းသပ်ကြည့်ခြင်း၊ Colonoscope ခေါ် ကိရိယာထည့် စမ်းသပ်ခြင်းတို့ကိုလည်း ပြုလုပ်နိုင်သည်။ ထို့အပြင် သွေးထဲရှိ Carcino embryonic antigen (CEA), Tumour maker ခေါ် ပစ္စည်းတစ်မျိုးကို စစ်ဆေးကြည့်နိုင်သည်။ ထိုသို့စစ်ဆေးခြင်းကို ရောဂါအမည်တပ်ရန်ထက် ရောဂါတိုးတက်ဆုတ်ယုတ်မှု ခန့်မှန်းသည့်နေရာတွင် အသုံးပြုနိုင်သည်။ CEA ကို တိုင်းတာခြင်းဖြင့် ကုသမှု ခံယူပြီး သည့်နောက် ကင်ဆာကြွင်းကျန်မှုကို သိရှိနိုင်သည်။ယခုနောက်ဆုံးရောဂါ ရှာဖွေနည်းဖြစ်သည့် သုံးဖက်မြင်ဓာတ်မှန် (Computed tomography-CT scanning) ရိုက်ခြင်း၊ မစင်နှင့်သွေး DNA စစ်ဆေးခြင်း နည်း များဖြင့်လည်း ရှာဖွေစစ်ဆေးနိုင်သည်။ Tumour marker များသည် အလုံးအကျိတ် ရှိနေကြောင်း ညွှန်ပြသည့်ဇီဝဓာတု အညွှန်းကိရိယာ (Indicator) များပင်ဖြစ်သည်။ 

 

၂။ ကုသခြင်း

အူမကြီးကင်ဆာအား ခွဲစိတ်ကုသသည်။ ကင်ဆာရှိသည့် အစိတ်အပိုင်းအားလုံးကို ခွဲစိတ်ဖယ်ထုတ်ပြီး အူကိုပြန်လည်ဆက်သည်။ အချို့ အူမကြီးကင်ဆာသည် အောက်ဆုံး အပိုင်း၌ဖြစ်သောကြောင့် မစင်အိမ် (Rectum) တစ်ခုလုံးကို ထုတ်ပစ်ရသည်။ ဝမ်းသွားနိုင် ရန် ဗိုက်တွင် အပေါက်ဖောက်၍ ယင်းမှ အမြဲတမ်းဝမ်းသွားစေခြင်း (Colostomy) ကို ပြုလုပ်ပေးရသည်။ ယခုအခါ Stapling devic ခေါ် ချုပ်စက်တစ်မျိုး ဖြစ်ပေါ်လာပြီး ယင်းကိုသုံး၍ မစင်အိမ်တစ်ခုလုံးကို မထုတ်ပစ်ဘဲ နဂိုအတိုင်းဝမ်းသွားနိုင်ရန် ပြန် ဆက်ပေးသည်။ ကင်ဆာအမြစ်တွယ်ပြီး ခွဲစိတ်ထုတ်ရန်မဖြစ်နိုင်လျှင် ဓာတ်ရောင်ခြည်၊ သို့မဟုတ် ဆေးဝါးဖြင့်ကုသနိုင်သည်။

 

၃။ ကာကွယ်ရေး

အူမကြီးကင်ဆာဖြစ်ပွားမှုမှ ကာကွယ်ရန် နီရဲသော အရောင်ရှိသည့် အသားများ (အမဲသား၊ ဆိတ်သား) တို့ကို စားသောက်ခြင်းမှ ရှောင်ကြဉ်ရန်လိုအပ်သည်။ ထို့အပြင် အမဲသား၊ ဝက်သားတို့၏ အဆီများအား စားသုံးခြင်းကိုလည်း ရှောင်ကြဉ်ရမည်ဖြစ်သည်။ အသက် ၄၀ ကျော်တွင် စအိုမှသွေးပါလျှင် စအိုအတွင်းသို့ မှန်ပြောင်းထည့်၍ ကြည့်ရှုခြင်းဖြင့် အူမကြီးကင်ဆာဖြစ်ပွားမှုကို ကြိုတင်သိရှိ ကာကွယ်နိုင်ရေးအတွက် လိုဆောင်နိုင်သည်။ 

 

မိဘမျိုးရိုးတွင် အူမကြီးကင်ဆာဖြစ်ပွားဖူးသူရှိလျှင် အသက် ၂၅ နှစ်ခန့်မှ စတင်၍ စအိုအတွင်းသို့ မှန်ပြောင်းထည့်ပြီး ကြည့်ရှုစစ်ဆေးခြင်းကို နှစ်နှစ်တစ်ကြိမ်ခန့် ပြုလုပ် သင့်သည်။ အမျှင်ဓာတ်ပါသည့် အစားအစာများကို စားသုံးခြင်းက အူမကြီးကင်ဆာ ဖြစ် ပွားနှုန်းကို လျော့ကျစေနိုင်သည်။ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတို့တွင် အမျှင်ဓာတ် ကြွယ်ဝသည်။ ကလီစာ၊ ကျပ်တင်အစားအစာ၊ ယင်းစိမ်းပါသည့် အစားအစာ၊ အသားကင် တို့ကိုလည်း ရှောင်ကြဉ်သင့်ပါသည်။ လတ်ဆတ်သော ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ တို့ကို စားခြင်းဖြင့် ဝမ်းချုပ်ခြင်းမှလည်း ကင်းဝေးပြီး အူမကြီးကင်ဆာ ဖြစ်ပွားမှု လျော့ နည်းစေသည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာအောင်သန်း
အဖြစ်များသောကင်ဆာရောဂါများ စာအုပ်မှကောက်နှုတ်ထားပါသည်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18