Print

အစာမျိုပြွန်ကင်ဆာ

  28-Feb-2017
Preview Image

 

အစာမျိုပြွန်ကို ဆေးပညာအရ Oesophagus လို့ ခေါ်ပါတယ်။ ပါးစပ်ကနေ အစာတွေဝင်လာရင် Pharynx ဆိုတဲ့ လည်ချောင်းကိုဖြတ်ပြီး အစာအိမ်ထဲကို ရောက်ရှိဖို့ ဆက်သွယ်ထားတဲ့ ရေပိုက်လို ပြွန်ချောင်းလေးပါ။ ကွမ်းစားတယ်၊ ဆေးရွက်ကြီးငုံတယ်၊ အရက်သောက်တယ်၊ အဲဒီလိုလူတွေမှာ အစာမျိုပြွန်ကင်ဆာ ဖြစ်နိုင်ချေများပါတယ်။ လူတစ်ယောက်က အဲဒီလေးမျိုးစလုံး လုပ်ရင်ပိုပြီး ဖြစ်နိုင်ချေများပါတယ်။  ဆင်းရဲနွမ်းပါးသူတွေ၊ အာဟာရချို့တဲ့သူတွေ၊ ကွမ်းအမြဲစားသူ၊ အရက် အမြဲသောက်သူတွေမှာ အဖြစ်များပါတယ်။ ကျေးလက်မှာနေတဲ့ မြန်မာတွေက ကွမ်းစားကြ တယ်။ တချို့တိုင်းရင်းသားတွေက အပူအစပ်စားကြတယ်။ အဲ့ဒီလိုလူတွေမှာလည်း အဖြစ်များပါတယ်။ 

 

အစာမျိုပြွန်ကင်ဆာက အစပိုင်းမှာ အစာအမာ (solid) မျိုရတာ နည်းနည်းခက် လာပါတယ်။ တဖြည်းဖြည်းနဲ့ ပိုဆိုးလာရင် ဆန်ပြုတ် (Semi-Solid) လောက်တောင် မမျိုနိုင်တော့ဘူး။ နောင်ဒီထက်ပိုဆိုးလာရင် ဆန်ပြုတ်တောင်မမျိုနိုင်တော့ဘူး။ ဒီထက် ပိုဆိုးလာရင် ရေ (Liquid) လည်း တဖြည်းဖြည်း မမျိုနိုင်တော့ဘဲ ပြန်ထွက်လာတယ်။ ခန္ဓာကိုယ်မှာ ရေဓာတ်နဲ့ ဆားဓာတ်တွေ ခန်းခြောက်လာပြီး အသား အရေခြောက်သွေ့ လာတယ်။ စိုစိုပြည်ပြည် မရှိဘူး။ အသားဓာတ်တွေအစားနည်းလို့ ခန္ဓာကိုယ်မလုံလောက်တဲ့အခါ ပိန်လာတယ်၊ အများအားဖြင့် အဲဒီလို ဖြစ်ရင်တော့ ဆေးရုံ၊ ဆေးခန်းတွေသွားပြီး ဆရာဝန်တွေနဲ့ ချက်ချင်းပြသတိုင်ပင်သင့်ပါတယ် ။ ရောဂါ ကိုစောစောစီးစီး သိရှိပြီး သေချာစွာ ကုသမှုခံယူနေရင် ရောဂါပျောက်ကင်းသွားနိုင်ပါတယ်။

 

အစာမျိုပြွန်ကင်ဆာကို ခွဲစိတ်ကုသပေးတယ်။ ဓာတ်ရောင်ခြည်နဲ့ ကုသပေးတယ်။ ဆေးသွင်းပြီးလည်း ကုသပေးတယ်။ အများဆုံး ကုသတဲ့နည်းကတော့ ခွဲစိတ်ကုသပေး တာ များပါတယ်။ လူနာက အစာအာဟာရ ကောင်းမွန်တယ်၊ မေ့ဆေးဒဏ်ခံနိုင် တယ် ဆိုရင် ခွဲစိတ်ကုသပေးပါတယ်။ လူနာကနှလုံးရောဂါရှိတယ်၊ ဆီးချိုသွေးချိုရှိတယ်၊ ခွဲစိတ်မှုဒဏ်လည်း မခံနိုင်ဘူးဆိုရင်တော့ ဓာတ်ရောင်ခြည်ကို အပြင်ကနေ ပေးလို့ ရပါတယ်။ အစာမျိုပြွန်ထဲကို ပိုက်ထည့်ပြီး အတွင်းကနေလည်း ပေးလို့ရပါတယ်။ အစာမျိုပြွန်ထဲကို ပိုက်ထည့်ပြီး အတွင်းကနေလည်း ပေးလို့ရပါတယ်။ Bracheal Therapy လို့ခေါ်ပါတယ်။ ခုနောက်ပိုင်းပေါ်လာတဲ့ စက်တွေက အလွန်ခေတ်မီ လာတာကြောင့် ပျောက်ကင်းသက်သာမှု မြန်ဆန်ကောင်းမွန်ပါတယ်။ တချို့ဆို ဓာတ်ရောင်ခြည်ပေးတာ၊ ကင်ဆာဆေးသွင်းတာတွေ ပြုလုပ်တာနဲ့ပဲ ခွဲစိတ်ကုသစရာ မလိုဘဲ ပျောက်ကင်းနိုင်ပါတယ်။ ဒါကြောင့် စောစောစီးစီး ကုသဖို့က အလွန်အရေးကြီး ပါတယ်။

 

အစာအမာကို မမျိုနိုင်ခင်ကတည်းကလာရင် ပျောက်ကင်းမှုနှုန်း ပိုကောင်းပါတယ်။ တချို့တွေက ရေတောင် မမျိုနိုင်တဲ့အဆင့်မှ ဆရာတို့ဆီကို ရောက်လာခဲ့ရင်တော့ ကုသရအတော်ခက်ခဲ့ပြီး အသက်အန္တရာယ်လည်း ရင်ဆိုင်ရနိုင်ပါတယ်။ လူငယ် အရွယ်ထဲက ကွမ်းစားတယ်ဆိုရင် ကွမ်း၊ ကွမ်းသီး၊ ထုံးတွေပဲပါတယ်။ ခုခေတ်ကွမ်းမှာက အိန္ဒိယက ဝင်လာတဲ့ ဆေးတွေက ဓာတုပစ္စည်းတွေ များစွာပါဝင်ပါတယ်။ အဲဒီ ဓာတု ပစ္စည်းတွေက ကင်ဆာဖြစ်စေပါတယ်။ အစာမျိုပြွန်ကင်ဆာအပြင် ခံတွင်းကင်ဆာ၊ လျှာကင်ဆာ၊ ပါးစောင်ကင်ဆာတွေ လည်း ဖြစ်စေပါတယ်။ ဒါကြောင့် ကွမ်းစားတာ ၊ ဆေးရွက်ကြီးငုံတာတွေကို မလုပ်စေ ချင်ပါဘူး။ နောက်တစ်ခုက ဆေးလိပ်သောက်တာပါ။ ဆေးလိပ်သောက်တာမှာ စီးကရက်လည်း ဖြစ်နိုင်တယ်၊ ဆေးပြင်းလိပ်သောက်တာတွေလည်း ဖြစ်နိုင်ပါတယ်။ 

 

အဆိုးဆုံးကတော့ အစီခံမပါတဲ့ ဆေးပြင်းလိပ်သောက်တာတွေက ပိုဆိုးပါတယ် ။ နိုင်ငံခြားမှာ သုတေသန လုပ်ထားတာက တစ်နေ့ကို ဆေးလိပ်အလိပ် ၂၀ နဲ့ နှစ်ပေါင်း ၂၀ သောက်ခဲ့တယ်ဆိုရင် ဖြစ်နိုင်ချေက ၆၀-၈၀ ရာခိုင်နှုန်းကျော်လောက် အထိ ဖြစ်နိုင် ပါတယ်။မှိုတက်တဲ့အစားအစာတွေစားတာ၊ သိပ်ပူလွန်းတဲ့ အစားအစာတွေစားတာ၊ ငရုတ်သီးတွေ လေး၊ ငါး၊ ဆယ်တောင့်လောက် တစ်ခါတည်း စားတာကလည်း အစာမျိုပြွန်နံရံတွေကို ထိခိုက်စေပါတယ်။ လူမှုရေးအရဖြစ်ဖြစ်၊ အပန်းဖြေတာဖြစ်ဖြစ် ဘီယာ၊ ဝိုင်လောက်သောက်တာ ဘာမှမဖြစ်ပေမယ့် အရက်ပြင်းတွေ သောက်တာက အစာမျိုပြွန်ကို ထိခိုက်စေပါတယ်။ ခံတွင်းသန့်ရှင်းရေး အားနည်းတဲ့သူတွေမှာလည်း အစာမျိုပြွန်ကင်ဆာဖြစ်နိုင်ခြေများပါတယ်။  အစာစားပြီးတိုင်း ပလုတ်ကျင်းပါ။ တစ်နေ့ကို သွား ၂-၃ ကြိမ်တိုက်ပါ။ အရည် ရွှမ်းတဲ့ ပန်းသီး၊ သစ်တော်သီး၊ ဖရဲသီးတွေစားပါ။ သွားမှာ အချွန်အတက်တွေရှိရင် ပါးစောင်နဲ့လျှာကို ထိုးမိပြီး အနာဖြစ်ပါတယ်။ အဲ့ဒီအနာတွေက ကြာလာတဲ့အခါ ကင်ဆာအဖြစ် ပြောင်းသွားတတ်ပါတယ်။ ဒါကြောင့် သွားမှာအချွန်အတက်ရှိရင် သွားနဲ့ခံတွင်းဆရာဝန်နဲ့ ပြသပြီး စစ်ဆေးမှုတွေ ခံယူပါ။ ကုသပါလို့ တိုက်တွန်းချင်ပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ပါမောက္ခဒေါက်တာစိန်လင်း
(ခွဲစိတ်နှင့်ကင်ဆာပါရဂူ)
Arogyam magazine, November 2015, No. 280, Pg.31-33

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18