Print

အခိုးအငွေ့တွေက လက်ဆောင်ပေးတတ်တဲ့ အဆုတ်ကင်ဆာ

  25-Feb-2017
Preview Image

ကင်ဆာပေါင်းများစွာထဲအဖြစ်များလို့ ရှေ့ဆုံးနားမှာနေရာယူထားတဲ့ ကင်ဆာတခုကတော့ အဆုတ်ကင်ဆာပါပဲ။ အဆုတ်ကင်ဆာ ဖြစ်ရခြင်း အများစုမှာ
ဆေးလိပ် သောက်တာကြောင့်လို့ ဆိုရပါမယ်။ ကိုယ်တိုင်သောက်သုံးသူတွေရော၊ တဆင့်ခံအငွေ့ ရှူရှိုက်မိသူတွေရောမှာတွေ့ရလို့ပါပဲ။ ဒါပေမယ့်လည်းဆေးလိပ် လုံးဝမသောက်သူတွေနဲ့ အခိုးအငွေ့ကာလရှည်ကြာ မထိတွေ့ဖူးသူတွေလည်း
့ုုုဖြစ်တာကိုတော့ တွေ့ရပါတယ်။ ဒါကြောင့်လည်းအဆုတ်ကင်ဆာရဲ့တရားခံက
ဆေးလိပ်သောက်လို့ပါ ဆိုတာမျိုး တိတိကျကျ စွပ်စွဲရ ခက်နေပါ သေးတယ်။ ဒါပေမယ့် ဆေးလိပ် သောက်တဲ့အခါ ဆေးလိပ်မီးခိုးတွေမှာပါတဲ့ ဓာတ်ပစ္စည်းတွေက
အဆုတ်ရဲ့ ပုံမှန် ဆဲလ်တွေကိုပျက်စီးစေပါတယ်။ အစပိုင်းမှာ ခန္ဓာကိုယ်က ပြန်ပြီးပြုပြင်
ပေးပေမယ့် ထပ်ပြန်တလဲလဲထိတွေ့ ပျက်စီးလာတဲ့ အခါ ဒဏ်ရာရထားတဲ့ ဆဲလ်တွေက
ပုံမှန်မဟုတ်တဲ့ နည်းတွေနဲ့ တုံ့ပြန်လာကြပါတယ်။ အဲဒါကကင်ဆာဆဲလ်တွေ အဖြစ်
ပြောင်းသွားစေတာပါပဲ။

အဆုတ်ကင်ဆာသံသယလက္ခဏာတွေ
------------------------------------------

ပုံမှန်အားဖြင့်တော့အစောပိုင်းကာလတွေမှာအဆုတ်ကင်ဆာအများစုက
လက္ခဏာ မပြတာများတယ်။ ရောဂါရင့်လာမှပဲ လက္ခဏာက ပြလာတာ ဖြစ်လေတော့ ပုံမှန်ဆေးစစ်ရင်း၊ ဒါမှမဟုတ် တခြားရောဂါတွေ အတွက် စမ်းသပ် ရင်းကတွေ့ရှိမှသာ
စောစောသိနိုင်တာ ဖြစ်တဲ့အတွက် ကုသရေးမှာ အဟန့်အတားတခု ဖြစ်နေတာပေါ့။ အဆုတ်ကင်ဆာရယ်လို့ ပြောရမယ့် သံသယ ဖြစ်ဖွယ် လက္ခဏာတွေကိုဖော်ပြလိုပါတယ်။

ဘာလုပ်လုပ် မသက်သာတဲ့ ချောင်းဆိုးခြင်း
---------------------------------------------

တချို့ ဆေးလိပ်သောက်သူတွေမှာတွေ့ရလေ့ ရှိတဲ့ နာတာရှည် ချောင်းဆိုးတာမျိုးနဲ့ မတူတော့ဘဲပြောင်းလာပါတယ်။ ချောင်းဆိုးရင် သွေးနည်းနည်းချင်းပါလာတတ်တာ၊ အသက်ရှူကျပ်လာတာ၊ ရင်ဘတ်အောင့်တာ၊ အသက်ရှူသွင်းထုတ်ချိန်မှာလေချွန်သံလို၊ မြွေ တွန်သံလိုတရွှီရွှီမြည်လာတာ၊ ကိုယ်အလေးချိန် အလိုလိုလျော့ကျလာတာ၊ အရိုးတွေ နာကျင်လာတာ၊ ခေါင်းကိုက်တာစတဲ့ လက္ခဏာတွေရောပြွမ်းလာရင် အဆုတ်ကင်ဆာကို
စဉ်းစားတဲ့အထဲထည့် ရတော့မှာပါ။

ဖြစ်တန်ရာအကြောင်းတွေ
---------------------------

အဆုတ်ကင်ဆာ ဖြစ်နိုင်၊ ဖြစ်တတ်တဲ့ အကြောင်းတွေတော့ အများသား။ ထိန်းချုပ်လို့၊ ကာကွယ်လို့ ရနိုင်တာတွေ ရှိသလို၊ ခက်ခဲတဲ့၊ ရှောင်လွှဲမရတဲ့ အကြောင်းတွေလည်းရှိရဲ့။အကြောင်းရင်းတွေထဲမှာအများဆုံးတွေ့တာကဆေးလိပ်သောက်တာ၊ အထူးသဖြင့် တနေ့တာစီးကရက်သောက်တဲ့ အရေအတွက် များရင်များသလိုအဆုတ် ကင်ဆာ ဖြစ်နိုင်ခြေများပါတယ်။ ဆေးလိပ်ဖြတ်တဲ့ သူတွေမှာအဆုတ်ကင်ဆာ
ဖြစ်နိုင်ခြေလျော့ကျ သွားတာကတော့ သိသာတယ် လို့ ဆိုပါတယ်။ ကိုယ်ကဆေးလိပ်
မသောက်ပေမယ့် ကိုယ့်အနီးအပါးမှာဆေးလိပ်သောက်လို့ အမြဲအငွေ့ရှူနေရတာကလည်း
အဆုတ်ကင်ဆာဖြစ်ရတဲ့ အကြောင်းတခု ဖြစ်နေပြန်တယ်။ သဘာဝမြေကြီး၊ ကျောက်ခဲနဲ
့ရေတွေမှာရှိတဲ့ ယူရေနီယမ်ဓာတ် ပုံမှန်ပျက်သုဉ်းရာကနေထွက်လာတဲ့ ဓာတ်ငွေ့တွေ ရှူရှိုက်မိရင်လည်းအဆုတ်ကင်ဆာ ဖြစ်စေတာပါပဲ။ ဒါကတော့ ရှောင်လွှဲဖို့ ခက်ပါတယ်။ တခြား နိုင်ငံကြီးတွေမှာတော့ အဲဒီဓာတ် ငွေ့ပမာဏကိုလုံခြုံစိတ်ချရတဲ့ အဆင့်မှာ ရှိမရှိစမ်းသပ်နိုင်ကြပါ သတဲ့။ မျက်နှာကြက် မီးခံကျောက်ပြားတွေနဲ့ ထိတွေ့ နေရတာလည်း
အဆုတ်ကင်ဆာအတွက် အခွင့်အလမ်းတွေ ပါပဲ။ တခြားဓာတုပစ္စည်းတွေ ဖြစ်တဲ့ အာဆင်းနစ်၊ ခရိုမီယံ၊ နီကယ် စတာတွေနဲ့ ထိတွေ့ ရတဲ့ လုပ်ငန်းတွေ ကလည်း
အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေများလေရဲ့။ တကယ်လို့ ဆေးလိပ်သောက်သူဖြစ်ပြီး
အဲဒီပစ္စည်းတွေနဲ့ထိတွေ့တာများရင်လည်းကင်ဆာဖြစ်နိုင်ခြေက ပိုများပါတယ်။

မိသားစုမျိုးရိုးမှာအဆုတ်ကင်ဆာရှိတာကလည်း ဖြစ်နိုင်ခြေများတဲ့ ရှောင်လွှဲမရတဲ့ အကြောင်းရင်းတခု ဖြစ်နေပြန် ပါတယ်။ နောက်ဆက်တွဲ ပြဿနာတွေ အသက်ရှူ ကျပ်ခြင်း။
ကင်ဆာကြီးထွားလာလေ အသက်ရှူ လမ်းကြောင်းကို ပိတ်ဆို့မှုတွေ ဖြစ်လာပြီးအသက်ရှူ ကျပ်တာခံစားရပါတယ်။ အဆုတ် ပတ်ဝန်းကျင်မှာအရည်တွေ စုလာပြီးတော့လည်းအသက် ဝဝ ရှူမရတာ ဖြစ်တတ် ပါတယ်။

ချောင်းဆိုးသွေးပါ။ ။ ကင်ဆာကအဆုတ်မှာသွေးယိုစိမ့်စေပါတယ်။ ချောင်းဆိုးတဲ့ အခါ သွေးပါလာတတ် ပါတယ်။ အနည်းအပါးကနေ သွေးသွင်းရလောက်အောင်
ပြင်းထန်တတ်ပါတယ်။

နာကျင်မှု။ ။ အဆုတ်ကင်ဆာရင့်လာတာနဲ့အမျှ အဆုတ်ထဲမှာရော၊ တခြားအင်္ဂါတွေ၊ အထူးသဖြင့် အရိုးကိုပါ ပျံ့နှံ့လာတဲ့ အခါ နာကျင်မှု ပြင်းထန်တတ် ပါတယ်။

အဆုတ်ရေဝင်ခြင်း။ ။ အဆုတ်ကင်ဆာကြောင့် အဆုတ်နဲ့ အဆုတ်ဖုံးအမြေးအကြားမှာ
ရတွေ စုလာတတ် ပါတယ်။

ကင်ဆာပျံ့နှံ့ခြင်း။ ။ ကင်ဆာရဲ့ သဘာဝအတိုင်းအဆုတ်မှာအခြေခံတဲ့ ကင်ဆာက
တခြားနေရာတွေကိုပျံ့နှံ့သွားတတ်ပါတယ်။ ဦးနှောက်နဲ့ အရိုးတွေမှာတွေ့ရများပါတယ်။

အဆုတ်ကင်ဆာရှာဖွေတွေ့ရှိပုံ
--------------------------------

ရောဂါတွေရဲ့ ထုံးစံအတိုင်း ဖြစ်နေတဲ့ လက္ခဏာအရစမ်းသပ်ရင်း ဖြစ်စေ၊ တခြားစမ်းသပ် စစ်ဆေးမှုတွေ လုပ်ရာကအမှတ် မထင်ဖြစ်စေအဆုတ်ကင်ဆာကို
တွေ့ရတတ်တာပါပဲ။ ဓာတ်မှန်ရိုက်ရာကအဆုတ်ထဲမှာအလုံးအကျိတ် တွေ့ရင် တခြားလိုအပ်တဲ့ စမ်းသပ်မှုတွေဆက်လုပ်ရာကအဆုတ်ကင်ဆာ ဟုတ်မဟုတ်
သေချာအောင် လုပ်ကြရတာပါ။ သလိပ်ထဲမှာကင်ဆာဆဲလ် စစ်တာ၊ အသားစယူတာ၊ CT San လုပ်တာတွေ စသဖြင့်ပေါ့။

အဆုတ်ကင်ဆာကုသတဲ့အခါ
-------------------------------

ကင်ဆာတို့ သဘာဝအတိုင်း ဖြစ်နေတဲ့ အဆင့် ပေါ်လိုက်လို့ ခွဲစိတ်
ဖြတ်တောက်တာကအစဓာတ်ရောင်ခြည် သုံးတာ၊ ကင်ဆာဆေးတွေ
ကျွေးတာစသဖြင့်တွေ လုပ်ကြပါတယ်။ အဆုတ်ကင်ဆာမှာတော့ ချောင်းဆိုးတာ၊ အသက်ရှူ ကျပ်တာစတဲ့ လက္ခဏာတွေ သက်သာစေဖို့ အောက်ဆီဂျင်ပေးတာ၊
ချောင်းဆိုးပျောက်ဆေးတွေ တိုက်ကျွေး တာမျိုးတွေနဲ့ ပြုစုရပါတယ်။ အဲဒီလိုကုသမှုတွေ အပြင် သက်သာရာအတွက် တခြားကုသနည်းတွေ သုံးကြတာရှိပါတယ်။

အပ်စိုက်ကုသမှု။ ။ ကင်ဆာကြောင့် နာကျင်တာတွေနဲ့ ကင်ဆာဆေးတွေရဲ့
ဘေးထွက်ဆိုးကျိုးကြောင့် အော့အန်တာမျိုးတွေ အတွက်သုံးကြပါတယ်။ လူတိုင်းအတွက်တော့ ထိရောက်တယ်လို့ မဆိုနိုင်ပါဘူး။

အိပ်မွေ့ချကုသနည်း။ ။ စိုးရိမ်ပူပန်မှုတွေ၊ အော့အန် တာတွေ၊ နာကျင်မှုတွေ အတန်အသင့် သက်သာအောင် သုံးကြတာပါ။

နှိပ်နယ်ခြင်း။ ။ အရေပြားတွေ၊ ကြွက်သားတွေကိုစနစ်တကျ ဖိညှစ်ပေးတဲ့ ဒီနည်းကလည်းနာကျင်မှုတွေ အခိုက်အတန့် သက်သာစေသလို၊ စိတ်ပြေလျော့မှုလည်းရစေတတ်ပါတယ်။ ဒါပေမယ့် ပြင်းထန်ပြီး ထိခိုက်ဒဏ်ရာရလောက်
တဲ့အထိတော့ မပြုလုပ်သင့် ပါဘူး။

တရားထိုင်ခြင်း။ ။ အသက်ပြင်းပြင်းရှူသွင်းထုတ် တာကလည်းစိတ်တည်ငြိမ်မှုနဲ့ အာရုံကိုတခုခုအပေါ် လွှဲပြောင်းပြီးနာကျင်မှုတွေ အခိုက်အတန့် ပြေအောင် သုံးကြပါတယ်။ ပိုပြီးနက်ရှိုင်းတဲ့ သံသရာလွတ်ကြောင်းတွေ အထိကတော့ တပိုင်းပေါ့။ စိတ်ဖိစီးမှု
လျော့ကျပြီးအကောင်းမြင် စိတ်ကလေးတွေလည်းပေါ်လာနိုင်တဲ့ နည်းတခုပါပဲ။ အလားတူတဲ့ ဂီတနားထောင်စေတာမျိုး၊ အနုပညာ ခံစားစေတာမျိုးတွေ ကလည်းအထောက် အကူဖြစ်ပါတယ်။

ယောဂကျင့်ခြင်း။ ။ ကိုယ်ခန္ဓာကိုဆန့်ထုတ်တာ၊ အသက်ပြင်းပြင်းရှူတာစတဲ့
ယောဂနည်းတွေ ကလည်းကင်ဆာဝေဒနာရှင်တွေ အတွက် အထောက်အကူ
ဖြစ်ပါတယ်။ ကောင်းကောင်းအိပ်စက်နိုင်ဖို့လည်းအကူအညီတခုပါပဲ။ ပြင်းထန်တဲ့
လေ့ကျင့်မှုတွေတော့ ရှောင်ကြဉ်ရမှာပါ။ ဒီကုထုံးတွေအရကိုပဲ အဆုတ်ကင်ဆာ
ဆိုတာကရောဂါရင့်မှ တွေ့သိတတ်တာမို့ ခံစားနေရတဲ့ ဝေဒနာတွေ သက်သာဖို့နဲ့ တတ်စွမ်းသမျှ သက်တမ်းကို ဆွဲဆန့်ကြည့်တာတွေပဲ ဆိုတာတွေ့ရမှာပါ။ ပြုပြင်လို့ မရတဲ့ အကြောင်းရင်းတွေကြောင့် ဖြစ်လာတာကိုရှောင်လွှဲမရနိုင်ပေမယ့် ရှောင်လွှဲလို့ ရနိုင်တဲ့ ဆေးလိပ်သောက်တာ၊ ကိုယ် မသောက်ပေမယ့် အနီးအပါးမှာ
ဆေးလိပ်သောက်သူရဲ့ အနံ့ကို ရှူရှိုက်နေရတာ၊ မီးခံမျက်နှာကြက်ပြားတွေ၊ ဓာတုပစ္စည်းနဲ့ ထိတွေ့မှု တွေကြောင့် ဖြစ်ရတာတွေ ကတော့ အသိတရားနဲ့ သတိထားဆင်ခြင်နိုင်ရင်ဖြင့် အဆုတ် ကင်ဆာမဖြစ်ဖို့ ကိုယ်စွမ်းသမျှ ကာကွယ်နည်းတွေ ကျင့်သုံးနိုင်ကြပါစေ။

Ref : Author - ဒေါက်တာသက်ဦး 
October 12, 2014

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18