Print

မျိုးရိုးဗီဇနှင့် ကင်ဆာရောဂါ

  25-Feb-2017
Preview Image

နာမည်ကြီးအမေရိကန်ရုပ်ရှင်မင်းသမီး Angelina Jolie ကို လူတိုင်းသိကြမှာပါ။ သူဟာ နာမည်ကြီး မင်းသမီးတစ်ယောက်ဖြစ်တဲ့အပြင် သူ့ရဲ့လူမူရေးလုပ်ငန်းတွေကြောင့် သူ့ကို ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက လူမူရေးသံတမန်တစ်ဦးအဖြစ် အသိအမှတ်ပြု ခန့်အပ်ခံရသူတစ်ဦးပါ။ သူဟာလွန်ခဲ့တဲ့ နှစ်နှစ်က သူ့ရဲ့ကိုယ် ခန္ဓာမှာ ရင်သားကင်ဆာ၊ သားဥကင်ဆာ တို့ကိုဖြစ်စေတဲ့ Gene တစ်မျိုးဖြစ်တဲ့ BRCA ပါလာခဲ့တာကြောင့် ရင်သားကင်ဆာဖြစ်တာက ကာကွယ်ဖို့ သူ့ရင်သားနှစ်ဖက်စလုံး ထုတ်ပစ်တဲ့ ခွဲစိတ်မှု ပြုလုပ်ခဲ့ပါတယ်။ နောက် ယခုနှစ်မကြာသေးခင်က တစ်ခါသူ့ရဲ့မျိုးဥအိမ် (Overy) နှင့် Fallopion Tube ခေါ်တဲ့ မျိုးဥလာရာလမ်း ကြောင်းတို့ကို ထုတ်ပစ်ခဲ့ပြန်ပါတယ်။ ဒီကိစ္စတွေအားလုံး သူကိုယ်တိုင်တောင်းဆိုခဲ့လို့ ခွဲစိတ်မှု ပြုလုပ်ခဲ့တာ ဖြစ်ပြီး ဒီတသတင်းတွေကို သူကိုယ်တိုင်ကြေညာခဲ့လို့ လူတွေသိခဲ့ကြတာဖြစ်တယ်။

ဒါနဲ့ပတ်သက်ပြီး ဆေးပညာရှင်တွေရဲ့ အမြင်မှာ ဘယ်လိုရှိပါသလဲ။ အမေရိကန်နိုင်ငံမှာ ထုတ်ဝေတဲ့ Journal of American Medical Association (JAMA) ဂျာနယ်မှာပါတဲ့ ဆောင်းပါးတစ်ပုဒ်ကို ကောက်နုတ် တင်ပြလိုပါသည်။ အမေရိကန်နိုင်ငံ University of Pennsylvania က ဆေးပညာရှင်တစ်စု လေ့လာထားတဲ့ စာတမ်း ကိုဖော်ပြထားတာပါ။ Gene နှစ်မျိုးဖြစ်တဲ့ BRCA 1 နှင့် BRCA 2 နှစ်မျိုးစလုံး 
ဟာ ရင်သားကင်ဆာ၊ မျိုးဥကင်ဆာ (Ovarian Cancer) နှစ်မျိုးလုံးနှင့် ပတ်သက်နေတယ် ဆိုတာတော့ သေချာတယ်။ ဒီမျိုးကို သယ်ဆောင်ထားသူတွေဟာ ဒီရောဂါတွေ ဘယ်လောက်ဖြစ်နိုင်ခြေရှိတာကတော့ တိတိကျကျ ဘယ်သူမှ မပြောနိုင်ပါဘူး။ ဒါဟာ ဘယ်အပေါ်မှာမူတည်သလဲဆိုရင် သူတို့ရဲ့ မျိုးရိုးဗီဇဆက်ခံပြောင်းလဲလာမှု (Specific Mutation Inherited) ပေါ်မှာမူတည်တာဖြစ်ပါတယ်။ အခုသူတို့ ဒီလိုအခြေအနေမျိုးမှာ ဒီကင်ဆာတွေကို ကာကွယ်ဖို့ ဘာလုပ်သင့်တယ်ဆိုတာ ဆုံးဖြတ်နိုင်ဖို့ အများကြီး စဉ်းစားစရာတွေ ရှိပေမယ့် ပထမလေ့လာမှု တစ်ခုကို ပြုလုပ်ခဲ့ကြပါသည်။ ဒါကတော့ ဘာလဲဆိုရင် BRCA 1 နှင့် BRCA 2 Gene နှစ်မျိုးပါတဲ့ နိုင်ငံပေါင်း ၃၃ နိုင်ငံက အမျိုးသမီးပေါင်း ၃၁၀၀၀ ကို စမ်းကြည့်ခဲ့ကြတာပါ။ ဒီထဲမှာ BRCA 1 ပါတဲ့ အမျိုးသမီး ၁၉၀၀၀ ရှိပြီး BRCA 2 ပါတဲ့ အမျိုးသမီး ၁၂၀၀၀ ပါဝင်ခဲ့ပါတယ်။ ဒီလေ့လာမှုမှာပါဝင်တဲ့ အမှတ်(၁) အမျိုးအစားရှိတဲ့ အမျိုးသမီး ၁၉၀၀၀ ထဲမှာ ရင်သားကင်ဆာဖြစ်သူ၄၆ ရာခိုင်နှုန်းရှိပြီး ၁၂ ရာခိုင်နှုန်းကတော့ သားဥအိမ်ကင် ဆာနှင့် ငါးရာခိုင်နှုန်းကတော့ ကင်ဆာနှစ်မျိုးလုံးဖြစ်တာကို တွေ့ရှိခဲ့ရတယ်။

ဒုတိယအမျိုးအစားဖြစ်တဲ့ BRCA 2 ပါတဲ့ လူ ၁၂၀၀၀ ထဲမှာရင်သားကင်ဆာဖြစ်သူ 
၅၂ ရာခိုင်နှုန်း၊ မျိုးဥအိမ်ကင်ဆာဖြစ်သူ ၆ ရာခိုင်နှုန်း ကင်ဆာနှစ်မျိုးလုံးဖြစ်သူ ၂ ရာခိုင်နှုန်း ပါရှိတာကို တွေ့ရတယ်လို့ ဆိုပါတယ်။ ဘာကင်ဆာမှမဖြစ်တဲ့လူက ပထမ အုပ်စုမှာ ၃၇ ရာခိုင်နှုန်း၊ ဒုတိယအုပ်စုမှာ ၄၀ ရာခိုင်နှုန်းရှိခဲ့ ပါသည်။ တိတိကျကျ စမ်းသပ်မှုတွေ မလုပ်နိုင်သေးဘဲ ကနဦးယူဆခဲ့ကြတာကတော့ Gene တစ်မျိုးဖြစ်တဲ့ BRCA 1 ရှိတဲ့ အမျိုးသမီးတေါမှာ ရင်သားကင်ဆာ ၅၉ ရာခိုင်နှုန်း၊ မျိုးဥကင်ဆာ ၃၄ ရာခိုင်နှုန်းထိ ရှိနိုင်တယ် လို့ ယူဆထားကြတာပါ။ နောက်ပြီး ဒီလို BRCA Gene ပါတဲ့ Ahkenuzi Jewish Population တစ်ခုမှာ စမ်းသပ်တဲ့အခါ ၆၉ ရာခိုင်နှုန်း ရင်သားကင်ဆာနှင့် ၂၆ ရာခိုင်နှုန်း မျိုးဥအိမ်ကင်ဆာဖြစ်နိုင်ခြေရှိတာကို တွေ့ခဲ့ရတာကြောင့် လည်းဖြစ်ပါတယ်။ ဒါကြောင့် အခုအချိန်မှာ အမျိုးသမီးတစ်ယောက်အတွက် ဒီ Gene မျိုးရှိနေတိုင်း ဒီကင်ဆာတွေက ကာကွယ်ဖို့ ရင်သား၊ မျိုးဥအိမ် စတာတွေကို ထုတ်ပစ်သင့်သလားဆိုတာ ဆုံးဖြတ်ဖို့ မဖြစ်နိုင်သေးဘူးလို့ ယူဆကြပါတယ်။ ဒါကိုဆုံးဖြတ်နိုင်ဖို့
နောက်ထပ်လေ့လာမှုတွေ ပြုလုပ်ကြ ရအုံးမှာဖြစ်ပြီး Calls Mutation ပုံစံအမျိုးမျိုးတွေ
ကိုလည်း စမ်းသပ်ထုတ်ဖော်ရအုံးမှာ ဖြစ်တယ်ဆိုတာ တင်ပြလိုက်ပါတယ်။

Ref : ဒေါက်တာကံညွန့်
ဆေးပညာဆောင်းပါး၊ မြန်မာ့အလင်း သတင်းစာ၊
၂၀၁၅ ခုနှစ်၊ မေလ၊ လေးရက်၊ တနင်္ဂလာနေ့။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18